ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်

နေပြည်တော်  မေ   ၂၄

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ် ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့(ဗဟို)၊ နေပြည်တော် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး၊ ပညာရေးဝန်ထမ်းများလုံခြုံရေးနှင့် စာသင်ကျောင်းများလုံခြုံရေးအတွက် တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်းအဖွဲ့နှင့် ရပ်မိရပ်ဖများပူးပေါင်း၍ ဆောင်ရွက်ခဲ့ပါ ကြောင်း၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့သည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးများတွင် တပ်မတော်၏ အရန်အင်အားအဖြစ် တာဝန်သိသိဖြင့် လုံခြုံရေးလုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

 

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက  နေပြည်တော် စစ်မှုထမ်းဟောင်းအဖွဲ့များအား ထောက်ပံ့ငွေကျပ်သိန်း (၄၀)နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေးသုံးပစ္စည်းများကိုလည်းကောင်း ထောက်ပံ့ ပေးအပ်ခဲ့ရာ နေပြည်တော်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးကြီးယုလွင်(ငြိမ်း)က ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် နေပြည်တော်စစ်မှုထမ်းဟောင်း အဖွဲ့များ ကို ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။

 

(သတင်းစဉ်)