ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံကျင်းပရေးဗဟိုကော်မတီ အစည်းအဝေးကျင်းပ

နေပြည်တော် ၉ ဇန်နဝါရီ   

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ(၂)နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ကျင်းပ ရေးဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ ဒုတိယ အစည်းအဝေးကို ၂၀၁၇ ခုနှစ် မေ ၂၆ ရက်မှ ၂၉ ရက်အထိ  နေပြည်တော် MICC-II တွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပါကြောင်း၊ တာဝန်ရှိသူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု၊ ဝိုင်းဝန်းပံ့ပိုးပေးမှုများကြောင့် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းအတွက် လည်း ပါဝင်ဆောင်ရွက်သူ ပုဂ္ဂိုလ်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း။

 

ကျင်းပခဲ့သည့် (၂၁)ရာစုပင်လုံဒုတိယအစည်းအဝေးတွင် ပြည်ထောင်စု သဘောတူစာချုပ်၏အစိတ်အပိုင်းအဖြစ် မူဝါဒ(၃၇)ချက်ကို သဘောတူရရှိခဲ့ပါကြောင်း၊ ညီလာခံတက်ရောက်လာသူများက အကြိတ်အနယ်ဆွေးနွေးပြီးမှ ယင်းသဘောတူညီ ချက်များ ရရှိခဲ့ခြင်းဖြစ်ပါကြောင်း၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုအတွက် ဖက်ဒရယ်မူများ ချမှတ်ပေးနိုင်ရန် (၂၁)ရာစုပင်လုံအစည်းအဝေးများ အောင်အောင်မြင် မြင်ကျင်းပပြီးစီး နိုင်ရေးအတွက် ဆောင်ရွက်ပေးရန် မိမိတို့တွင် အဓိက တာဝန်ရှိပါကြောင်း။

 

ယခု(၂၁)ရာစုပင်လုံ၏ တတိယအကြိမ်အစည်းအဝေး ကျင်းပရန် JICM အစည်းအဝေးကဆုံးဖြတ်ထားပါကြောင်း၊ ဒုတိယအကြိမ် အစည်းအဝေးအတွက် ဖွဲ့စည်းဆောင်ရွက်ခဲ့သည့် ကျင်းပရေးလုပ်ငန်းကော်မတီ(၁၁)ခုနှင့် ဆက်လက်ဖွဲ့စည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

 

ယခင် ဒုတိယအကြိမ်ညီလာခံအတွင်း ဆောင်ရွက်ခဲ့သည့် အားသာချက်၊ အားနည်းချက်များကို အခြေခံပြီး ယခုတတိယအကြိမ်အစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများ ကို ဝိုင်းဝန်းဆွေးနွေးအကြံပြုပေးကြရန် ဖိတ်ခေါ်ပါကြောင်း၊ တစ်ဆက်တည်းတွင် ယနေ့ အစည်းအဝေးက ညှိနှိုင်းရရှိချက်များအပေါ် အခြေခံပြီး သက်ဆိုင်ရာ လုပ်ငန်းကော်မတီ  အလိုက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်း ကြိုတင်ပြင်ဆင်ထားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဖိတ်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ကြိုဆိုနေရာချ ထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ ခန်းမအတွင်းနေရာချထားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌကိုယ်စား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဧည့်ခံကျွေးမွေးရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ အခမ်းအနားပြင်ဆင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ လုံခြုံရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ သတင်းနှင့်ပြန်ကြားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ကျန်းမာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ကိုယ်စား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဒေါ်ရီရီမြင့်၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်တို့က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကျင်းပနိုင်ရေးအတွက် လုပ်ငန်းကော်မတီအလိုက် ဆောင်ရွက်နေသည့်လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်နေမှု အခြေအနေများကို လည်း ကောင်း၊ ယခင်နှစ်အတွေ့အကြုံများကို အခြေခံပြီး ပိုမိုကောင်းမွန်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

 

တင်ပြချက်များနှင့်စပ်လျဉ်းပြီး ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ပြန်လည်ဆွေးနွေးပြောကြားပြီး နိဂုံးချုပ်အမှာစကား ပြောကြား သည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီဝင်များ၊ လုပ်ငန်းကော်မတီဝင်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)