ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ (တတိယအစည်းအဝေး) တက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့ (၁၀)ဖွဲ့နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ

နေပြည်တော် ၁၀ ဇူလိုင်

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစုပင်လုံ (တတိယအစည်းအဝေး) တက်ရောက်ရန် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ (၁၀)ဖွဲ့နှင့် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဇူလိုင် ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ ရောက်ရှိကြသည်။

 

 

ယနေ့မွန်းလွဲပိုင်းတွင် မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖြစ်ကြသည့် UWSA ၊ KIO ၊ AA ၊ TNLA နှင့် MNDAA တို့မှ ကိုယ်စားလှယ်များသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာစွန်ကော့ရှန်နှင့်အတူ တရုတ်နိုင်ငံ ကူမင်းမြို့မှ နေပြည်တော်သို့ လေကြောင်းခရီးဖြင့် ရောက်ရှိကြရာ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေနှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

 

 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့တွင် 'ဝ' ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)မှ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ပေါက်ယူရိနှင့် ကျောက်ကော်အမ်း၊ ကချင်လွတ် မြောက်ရေးအဖွဲ့ (KIO)မှ ဂွမ်မော်နှင့် ဆင်ဝါး၊ ရက္ခိုင့်တပ်မတော်(AA)မှ ဒေါက်တာ ညိုထွန်းအောင်၊ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) မှ ဒုတိယဥက္ကဋ္ဌ တာကူလန်း၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) မှ ရန်ဝယ်ကျုံးနှင့် ဖုံးရွှင်တို့ ဦးဆောင်သည့် အဖွဲ့ဝင် ၃၆ ဦး လိုက်ပါလာကြသည်။

 

 

ထို့အတူ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) မှ ဦးစံပေ့ ခေါင်းဆောင်သည့်အဖွဲ့ဝင် (၂၁)ဦးသည် ယမန်နေ့ည ၉ နာရီတွင်လည်းကောင်း၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)မှ ဦးဆေးထင် ခေါင်းဆောင်သည့်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင်လည်းကောင်း နေပြည်တော်သို့ ရောက်ရှိကြသည်။ 

 

(သတင်းစဉ်)