ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးတွင် အောင်မြင် ကောင်းမွန်သည့် ရလဒ်များရရှိရန် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့က ကြိုးစားဆောင်ရွက်မည်

ချင်းမိုင် ဒီဇင်ဘာ ၁၉

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းရှစ်ဖွဲ့၏ နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နှင့် လုပ်ငန်းကော်မတီများအကြား လာမည့် ဇန်နဝါရီလအတွင်း ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ တတိယအစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်သည့် အစည်းအဝေးကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပသည်။

 

KNU (ကရင်အမျိုးသားအစည်းအရုံး) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ''ငြိမ်းချမ်းရေး တည်ဆောက်မှု အောင်မြင်ဖို့အတွက် လာမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ အောင်မြင်ပြီး ကောင်းမွန်တဲ့ရလဒ်တွေ ထပ်ရှိဖို့အတွက် ကျွန်တော်တို့ရှစ်ဖွဲ့က ကြိုးစားဆောင်ရွက်သွားမယ်၊ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့ သဘောထား ချမှတ်ပါတယ်''ဟု အစည်းအဝေးအပြီးတွင် ဖြေကြားသည်။

 

ဆွေးနွေး

ငါးရက်တာ အစည်းအဝေး၌ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ အစည်းအဝေးတွင် တင်သွင်းဆွေးနွေးမည့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ ငါးရပ်ကို ဆွေးနွေးခဲ့ကြသည်။

 

ပဒိုစောကွယ်ထူးဝင်းက ''ကျွန်တော်တို့ အခုဆွေးနွေးပွဲက လာမယ့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကနေ တတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံကို တင်သွင်းမယ့် သက်ဆိုင်ရာ ကဏ္ဍအလိုက် စာတမ်းတွေကို သက်ဆိုင်ရာ လုပ်ငန်းကော်မတီက PPST အစည်းအဝေးကို တင်သွင်းတယ်၊ “ဒါကိုဆွေးနွေးပြီး အတည်ပြုပါတယ်၊ အဲ့ဒီ အတည်ပြုမှုကို သက်ဆိုင်ရာ လူမျိုးအလိုက် ကျင်းပမယ့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြန်လည်တင်ပြပြီး သူတို့ရဲ့ သဘောထားတွေကို စုစည်းသွားမှာဖြစ်ပါတယ်''ဟု ပြောပြသည်။”

ငါးရက်တာကျင်းပခဲ့သည့် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အစည်းအဝေးတွင် ကဏ္ဍကြီးငါးရပ်ဖြစ်သော နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍများကို ဆွေးနွေးခဲ့သည်။

 

“ဆုံးဖြတ်ချက်ကတော့ လုပ်ငန်းဆောင်ရွက်ချက် ဆုံးဖြတ်အတည်ပြုမှု အချက် ၂ဝ နဲ့ မှတ်တမ်း လေးချက်ထွက်ပါတယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ ပိုမိုအောင်မြင့်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေ ဆောင်ရွက်သွားဖို့ ဆုံးဖြတ်တာရှိပါတယ်၊ ကျွန်တော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့အခါမှာ ပိုမိုအောင်မြင်ဖို့အတွက် လက်မှတ်ရေးထိုးတဲ့အဖွဲ့တွေ ဒေသအလိုက်၊ လူမျိုးအလိုက်ကျင်းပတဲ့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပတဲ့နေရာမှာ အဟန့်အတား၊ အနှောင့်အယှက်မရှိဖို့ ယုံကြည်မှုပိုမိုရဖို့ သက်ဆိုင်ရာတာဝန်ရှိသူ ခေါင်းဆောင်တွေက တာဝန်ယူပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

သဘောထားများရယူ
NCA အပစ်ရပ် ရှစ်ဖွဲ့၏ နိုင်ငံရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST နှင့် လုပ်ငန်းကော်မတီများအကြား ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ -(၂၁) ရာစုပင်လုံ တတိယ အစည်းအဝေးဆိုင်ရာ ကြိုတင်ပြင်ဆင်မှု အစည်းအဝေးအပြီးတွင် အချက်ငါးချက်ကို သဘောတူခဲ့ကြသည်။ ယင်းတို့မှာ -

၁။ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကဏ္ဍအလိုက် ပြင်ဆင်ထားသော အဆိုပြုစာတမ်း (မူကြမ်း)များကို အတည်ပြုပြီး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ(NCA-S EAO)မှ မိမိတို့ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် မိမိတို့လူမျိုးအလိုက် ကျင်းပသော အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူထုတွေ့ဆုံ ဆွေးနွေးပွဲများတွင် ပြန်လည်ရှင်းလင်းတင်ပြပြီး အကြံပြုချက်များ၊ သဘောထား များရယူသွားမည်။

၂။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပိုမိုအောင်မြင်နိုင်ရေးအတွက် ကဏ္ဍအလိုက် အလွတ်သဘော ဆွေးနွေးသွားမည့် လုပ်ငန်းစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်သွားရန် ချမှတ်သည်။

၃။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဦးတည်ကြိုးပမ်း ဆောင်ရွက်မည့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ လူထုတွေ့ဆုံပွဲများ (Public Consu- ltations) အောင်မြင်စွာကျင်းပနိုင်ရန် သက်ဆိုင်ရာ အဖွဲ့အစည်းများမှလည်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ-UPDJC ၏ ဆုံးဖြတ်ချက်များကို အလေးထား လိုက်နာပံ့ပိုးရန် တိ်ုက်တွန်းသည်။

၄။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခြင်းနှင့် လုပ်ငန်းကော်မတီ အစည်းအဝေးများတွင် အကျေအလည်ဆွေးနွေးကာ ရရှိထားသောရလဒ်များကို ထိရောက်အောင်မြင် သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဖြစ်ပေါ်လာ နိုင်ရေးကို ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်။

၅။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ(NCA-S EAO) (၈) ဖွဲ့အနေဖြင့် မိမိတို့ တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး လက်ခံနိုင်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အခြေခံမူများရရှိရေးကို ဦးတည်ပြီး ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ တတိယ အစည်းအဝေးတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးသွားပြီး ယင်းရလဒ်များကိုလည်း ရရှိသွားအောင် ကြိုးစားသွားမည် စသည်တို့ဖြစ်သည်၊
ရဲခေါင်ညွန့် ၊ ဓာတ်ပုံအောင်အောင်(ချင်းမိုင်)