ပြည်ထောင်စု၏ နှလုံးသား

ကိုမြင့်ထွန်း(ဆော)


တောင်သူလယ်သမားနေ့၊ အမျိုးသားအောင်ပွဲနေ့၊ တပ်မတော်နေ့၊ ပြည်ထောင်စုနေ့၊ အာဇာနည်နေ့၊ လွတ်လပ်ရေးနေ့ဆိုတဲ့ မြန်မာ့နေ့ထူးနေ့မြတ်တွေဟာ တစ်နေ့နဲ့တစ်နေ့ ဆက်စပ်မှုတွေရှိနေခဲ့ပါတယ်။ အဲဒီနေ့အားလုံးဟာ သူ့ကျွန်ဘဝကနေ လွတ်လပ်တဲ့နိုင်ငံအဖြစ် ရပ်တည်လာနိုင်အောင်ကြိုးပမ်းခဲ့ကြတဲ့ သမိုင်းစဉ်တစ်ခုအတွင်းမှာ စိုက်ထူ ခဲ့ကြတဲ့ မှတ်တိုင်ကြီးတွေလည်းဖြစ်ပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို သေသေချာချာလေ့လာကြည့်ရင် ပြည်ထောင်စုနေ့ကို မြန်မာ့နေ့ထူးနေ့မြတ်တွေရဲ့ ဗဟိုပြုရာ နေ့တစ်နေ့လို့ မြင်ကြရပါလိမ့်မယ်။

 

ဒုတိယက္ဘာစစ်အပြီးမြန်မာ့နိုင်ငံရေးအခြေအနေ 


ဒုတိယက္ဘာစစ်အပြီး ၁၉၄၆ ခုနှစ်မှာ ဗြိတိသျှအစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဖဆပလအဖွဲ့ချုပ်ဦးဆောင်ပြီး ဆန္ဒပြပွဲတွေ သပိတ် တိုက်ပွဲတွေ ဆက်တိုက်ဆောင်ရွက်ခဲ့ကြပါတယ်။ အဲဒီနှစ် မေလ ၁၈ ရက်နေ့ အင်းစိန် ခရိုင် ထန်းတပင်မြို့မှာ တောင်သူလယ်သမားဆန္ဒပြပွဲ၊ ဇွန်လ ၇ ရက် ကန်တော်မင် ပန်းခြံမှာ လူထုဆန္ဒပြပွဲ၊ ဇွန်လ ၂၆ ရက်နေ့မှာ တိုင်းရင်းသားပေါင်းစုံ တစ်သိန်းကျော် ပါဝင်တဲ့ လူထုစည်းဝေးပွဲ၊ စက်တင်ဘာ ၅ ရက်နေ့မှာ ပြုလုပ်တဲ့ ပုလိပ်သပိတ်ကြီး၊ အဲဒီကနေ အလုပ်သမားသပိတ်တွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်။
 ဗြိတိသျှအစိုးရဟာ အဲဒီအခြေအနေထိန်းသိမ်းဖို့နဲ့ အာရုံပြောင်းတဲ့အနေနဲ့ ၁၉၄၆ ခုနှစ် ဩဂုတ်လ ၄ ရက်နေ့မှာ လက်ရှိဘုရင်ခံ ဆာဒေါ်မန်စမစ်အစား မေဂျာဂျင်နရယ် ဆာဟူးဘတ်ရန့်ကို ခန့်အပ်အုပ်ချုပ်စေခဲ့ပါတယ်။ ဗြိတိသျှတွေ ဘက်က ဘယ်လိုပဲ လူစားထိုးအုပ်ချုပ်စေခဲ့ပေမယ့် မြန်မာတို့ရဲ့ သပိတ်တိုက်ပွဲတွေက တော့ အရှိန်ရနေခဲ့ပါပြီ။ အဲဒီကာလမှာပဲ အစိုးရအမှုထမ်းများ၊ အလုပ်သမားများရဲ့ သပိတ်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြန်ပါတယ်။ နောက်ဆုံးမှာ အစိုးရအမှုထမ်း များ သမဂ္ဂပေါင်းစုံသပိတ်ကြီးဖြစ်ပေါ်ခဲ့ပြီး ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၁၇ ရက်နေ့ မှာ ဗြိတိသျှတို့အလိုကျ ဖွဲ့စည်းထားတဲ့ ဆာပေါ်ထွန်းအစိုးရ ပြုတ်ကျသွားခဲ့ပါတယ်။ 


အဲဒီအချိန်မှာ ဘုရင်ခံ ဆာဟူးဘတ်ရန့် ကိုယ်တိုင် ဖဆပလအဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို ဖိတ်ခေါ် ပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဘုရင်ခံအမှု ဆောင်ကောင်စီ ဝန်ကြီးအဖွဲ့ကိုဖွဲ့စည်းဖို့ ကမ်းလှမ်းရပါတော့တယ်။ အဲဒီအဖွဲ့ကို ၁၉၄၆ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းပြီး နှစ်ရက် မြောက်နေ့ဖြစ်တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့မှာပဲ ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ဗြိတိသျှအစိုးရရဲ့ စက္ကူဖြူစီမံကိန်းကို ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲကြီးကို ဆောင်ရွက်ခဲ့ပါတယ်။ 


ဒီလိုလုပ်တာဟာ ဖဆပလအဖွဲ့ချုပ်အနေနဲ့ ဘုရင်ခံရဲ့ မေတ္တာရပ်ခံချက်အရ ဘုရင်ခံအမှုဆောင်ကောင်စီ ဝန်ကြီးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြပေမယ့် လွတ်လပ်ရေးကို မရမချင်း ဆက်လက် တိုက်ပွဲဝင်သွားမယ်ဆိုတဲ့အကြောင်း ပြည်သူလူထုကို အတိအလင်း ကြေညာလိုက်တာပါပဲ။ 


ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဘုရင်ခံအမှုဆောင်ကောင်စီ ဝန်ကြီးအဖွဲ့ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ထူထောင်ဖို့ အခြေခံ စည်းမျဉ်းဥပဒေကို အမြန်ဆုံးရေးဆွဲဖို့ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ ဖဆပလအဖွဲ့ချုပ်က နိုဝင်ဘာလ ၁၀ ရက်နေ့မှာ တစ်နှစ်အတွင်း လွတ်လပ်ရေးဆိုတဲ့ လွတ်လပ်ရေးကြေညာစာတမ်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက်မှာပါတဲ့ တောင်းဆိုချက်တွေကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်မီ မလိုက်လျောရင် ဘုရင်ခံအမှုဆောင်ကောင်စီဝန်ကြီးအဖွဲ့မှာ ပါဝင်တဲ့ ဖဆပလကိုယ်စားလှယ်ဝန်ကြီးတွေ နုတ်ထွက်မယ်လို့ ဗြိတိသျှအစိုးရကို အ$ကျပ် ကိုင်ခဲ့ကြပါတယ်။ 


ဖဆပလအဖွဲ့ချုပ်အနေနဲ့ ဗြိတိသျှအစိုးရက တောင်းဆိုချက်တွေကို မလိုက် လျောရင် အဆုံးစွန်အထိ ရရာနည်းနဲ့ ဆက်လျှောက်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ဒါကိုသိတဲ့ ဗြိတိသျှအစိုးရဟာ လွှတ်တော်အစည်းအဝေးခေါ်ယူပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဘုရင်ခံအမှုဆောင်ကောင်စီဝန်ကြီးအဖွဲ့ကို အင်္ဂလန်နိုင်ငံသို့ ဖိတ်ကြားဆွေးနွေးရတဲ့အထိ လိုက်လျောခဲ့ရပါတယ်။

 

မြန်မာ့လွတ်လပ်ရေးအတွက် သမိုင်းဝင်စကား 


အဲဒီလို ဗြိတိသျှအစိုးရက တလေးတစား ဖိတ်ခေါ်ခံရတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို လုံးဝလွတ်လပ်ရေးကိုသာ တောင်းဆိုခဲ့ဖို့ ဖဆပလအဖွဲ့ချုပ်က မှာကြားလိုက်ပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းက ရန်ကုန်ကမထွက်ခွာခင် လွတ်လပ်ရေးအတွက် ပြည်သူလူထု၊ ဖဆပလ၊ တပ်မတော် စည်းစည်းလုံးလုံးနဲ့ အသင့်ဖြစ်နေကြဖို့ “အကောင်းဆုံးကို မျှော်လင့်ထားပြီး အဆိုးဆုံးအတွက်လည်း အသင့်ပြင်ဆင်ထား ကြပါ”လို့ မှာကြားခဲ့ပါတယ်။ 


ဗိုလ်ချုပ်အောင်ဆန်းနဲ့ အဖွဲ့ဟာ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှာ အင်္ဂလန် နိုင်ငံကိုသွားဖို့ ရန်ကုန်ကနေ အိန္ဒိယနိုင်ငံကို ထွက်ခွာခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံ ခေါင်းဆောင် နေရူးနဲ့ တွေ့ဆုံဆွေးနွေးအပြီး အိန္ဒိယသတင်းစာဆရာများက  “လွတ်လပ်ရေးကြိုးပမ်းမှုမှာ အနုနည်းသုံးမည်လား၊ အကြမ်းနည်းသုံးမည်လား” လို့ မေးရာ ဗိုလ်ချုပ်အောင်ဆန်းက “အခြေအနေအရပေါ့၊ ကျွန်တော်တို့ကတော့ လက်မနှေးပါဘူး” လို့ ပြန်ဖြေခဲ့ပါတယ်။ 


ဗိုလ်ချုပ်နဲ့အဖွဲ့ဟာ လန်ဒန်မြို့ကို ဇန်နဝါရီလ ၉ ရက်နေ့မှာ ရောက်ရှိခဲ့ပြီး ဗြိတိသျှ နန်းရင်းဝန်ကြီး မစ္စတာအက်တလီ ဦးဆောင်တဲ့အဖွဲ့နဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ ဆွေးနွေးပွဲ စတင်ခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့တဲ့စကားကိုလည်း မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနဲ့ ပထမဦးဆုံး တရားဝင်ပြောခဲ့တဲ့ သမိုင်းမှတ်တမ်းစကားအဖြစ် ဖော်ပြပေးလိုပါသေးတယ်။ 


ဆွေးနွေးပွဲမှာ ဗြိတိသျှနန်းရင်းဝန်ကြီး မစ္စတာအက်တလီရဲ့ နှုတ်ခွန်းဆက်စကား အပြီး ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်သည် စစ်သားဖြစ်ပါသည်။ ရိုးရိုးရှင်းရှင်းပွင့်လင်းစွာပြောတတ်ပါသည်။ သံတမန်သုံး သိမ်မွေ့ ဝေ့လည်သောစကားကို မပြော တတ်ပါ။ မြန်မာပြည်သူတို့သည် အချုပ်အချယ်ကင်းသော လုံးဝလွတ်လပ်ရေးကို လိုလားတောင်းဆိုကြပါသည်။ မြန်မာပြည်သူတို့ဟု ဆိုရာဝယ် တိုင်းရင်းသားလူမျိုး အားလုံးကို ဆိုလိုပါသည်။ လုံးဝလွတ်လပ်ရေးကို အားလုံးအား အဆင့်အတန်းမခွဲခြား ဘဲ ပေးမည်၊ ပြင်ပ ပယောဂလည်းကင်းမည်ဆိုလျှင် တိုင်းရင်းသားလူမျိုးများသည် ညီညွတ်စွာရပ်တည်ကြပါလိမ့်မည်” လို့ ပြောခဲ့ပါတယ်။ ဒီစကားမှာ အဓိက လိုလား ချက်နဲ့ ကြိုတင်မြော်တွေးထားတဲ့ အကြောင်းအရာတွေပါဝင်အောင် တိုတိုနဲ့ ထိထိမိမိပြောဆိုခဲ့တာကို တွေ့ရပါတယ်။ 

 

ကြုံတွေ့ခဲ့ရသည့်အပြုနှင့်အဖျက်များ 


ဗိုလ်ချုပ်တို့ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေးအတွက် လန်ဒန်မှာ ဆွေးနွေးနေ ကြတဲ့အချိန် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ ဗန္ဓုလပန်းခြံမှာ ဖဆပလအဖွဲ့ချုပ်က ဦးစီးပြီး လူထုတစ်သိန်းကျော်နဲ့ လွတ်လပ်ရေးဆန္ဒပြ အစည်းအဝေးကြီး ပြုလုပ်ခဲ့ကြ ပါတယ်။ အစည်းအဝေးကြီးမှာ ဆွေးနွေးဆုံးဖြတ်ခဲ့တဲ့အချက်တွေကို ဗိုလ်ချုပ်ဆီ ကြေးနန်းနဲ့ ပို့ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ရှမ်းပဒေသရာဇ်စော်ဘွားအချို့က “ဗိုလ်ချုပ် အောင်ဆန်းသည် ရှမ်းပြည်စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်၊ တောင်တန်းနယ် များ၏ ကိစ္စကို ဆွေးနွေးရန် ရှမ်းစော်ဘွားများကို သီးသန့်ဖိတ်ကြားပါ” ဆိုတဲ့ ကြေးနန်းကို လန်ဒန်သို့ ပေးပို့ခဲ့လို့ ဆွေးနွေးပွဲ မပြေမလည် ဖြစ်ခဲ့ရပါသေးတယ်။ 


ရှမ်းပြည်နယ်က တိုင်းရင်းသားခေါင်းဆောင်လူငယ်တွေက တောင်ကြီးမြို့မှာ ရှမ်းပြည်နယ်လူထုစည်းဝေးပွဲကြီး ကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုယ်စားလှယ် တွေဟာ ရှမ်းပြည်လူထုရဲ့ ကိုယ်စားလှယ်အစစ်အမှန်ဖြစ်ကြောင်း လန်ဒန်ကို ကြေးနန်း ပို့တဲ့အချိန်မှသာ ဗြိတိသျှအစိုးရက ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။ အခြားသော တိုင်းရင်းသားအဖွဲ့အချို့ကလည်း လန်ဒန်ကို ကိုယ်စားလှယ်လွှတ်ပြီး ဗြိတိသျှအုပ်ချုပ်မှုအောက်မှာပဲ ဆက်လက်နေလိုသေးကြောင်း ပြောခဲ့ကြတာတွေ ရှိခဲ့ပါတယ်။ မြန်မာကိုယ်စားလှယ်အဖွဲ့ရဲ့ ရိုးရှင်းဖြောင့်စင်းတဲ့ ပြင်းပြသောဆန္ဒနဲ့ တိုင်းရင်းသားပြည်သူလူထုကြီးတစ်ရပ်လုံးရဲ့ ညီညွတ်တဲ့အင်အားတွေကြောင့် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ အောင်ဆန်း - အက်တလီစာချုပ်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ 


အောင်ဆန်း-အက်တလီစာချုပ်ဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့စာချုပ် မဟုတ်ပေမယ့်လို့ လွတ်လပ်ရေးအတွက် အသွင်ကူးပြောင်းရေးကာလမှာ ဆောင် ရွက်ကြမယ့် ဗြိတိသျှ-မြန်မာ နှစ်ဖက်သဘောတူညီချက်တွေ ဖြစ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲ ကို တက်ရောက်ကြတဲ့ မြန်မာကိုယ်စားလှယ်တွေထဲက သဘောမတူလို့ စာချုပ်မှာ လက်မှတ်မထိုးခဲ့တဲ့သူတွေကတော့ သခင်ဗစိန်နဲ့ ဦးစောတို့ပဲဖြစ်ပါတယ်။ 


ဒါတင်မကသေးပါဘူး။ ဦးစောဟာ ဆွေးနွေးပွဲပြီးလို့ ရန်ကုန်ပြန်ရောက်တဲ့ အချိန်မှာ 


 “ဗိုလ်ချုပ်အောင်ဆန်းဟာ ဗြိတိသျှအစိုးရရဲ့ ဩဇာကိုမလွန်ဆန်နိုင်လို့ လက်မှတ်ထိုးခဲ့ရတာ၊ လက်မှတ်ထိုးနေတဲ့အချိန် ဗိုလ်ချုပ်ရဲ့လက်တွေ တုန်ယင်နေခဲ့တယ်” လို့ လုပ်ကြံလီဆယ်ပြီး ဝါဒဖြန့်ခဲ့ပါသေးတယ်။ ဦးစောဟာ ဗိုလ်ချုပ်အောင်ဆန်း ကို နယ်ချဲ့သမားနဲ့ ပေါင်းပြီး တိုင်းပြည်ကို သစ္စာဖောက်တဲ့သူလို့ စွပ်စွဲပြီး ဖေဖော်ဝါရီ လ ၁၉ ရက်နေ့မှာ ဘုရင်ခံအမှုဆောင်ကောင်စီကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဒါကိုကြည့်ရင် အသားထဲက လောက်ထွက်ဆိုတဲ့ စကားရဲ့အဓိပ္ပာယ်ကို ပုံဖော်နိုင် ကြလိမ့်မယ်ထင်ပါတယ်။

 

ပြည်မ တောင်တန်းပူးပေါင်းရေးစာချုပ် 


ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဆွေးနွေး ပွဲကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီး ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရန်ကုန် ကို ပြန်လည်ရောက်ရှိကြပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ လန်ဒန်ကို ဆွေးနွေး ပွဲ သွားရောက်ခဲ့တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဖဆပလအဖွဲ့ချုပ်တို့က အောင်ဆန်း- အက်တလီစာချုပ်ကို အတည်ပြုခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့ကို သွားရောက်ပြီး တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ 


ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ မြန်မာပြည်မက ခေါင်းဆောင်တွေနဲ့ တောင်တန်းဒေသက တိုင်းရင်းသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ပြည်မ တောင်တန်းမခွဲခြားဘဲ လွတ်လပ် ရေးကို အတူတကွအရယူကြဖို့ သဘောတူညီမှုရရှိခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီမှာတော့ ပြည်မ တောင်တန်း ပူးပေါင်းရေးစာချုပ်လို့ခေါ်တဲ့ ပင်လုံစာချုပ်ကြီးကို အောင်မြင်စွာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် အရေးကြီးဆုံးဖြစ်တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ကို တည်ဆောက်နိုင်ခဲ့ကြလို့ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတဲ့ ဖေဖော် ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုလာခဲ့ကြတာ ဒီနှစ်ဆိုရင် ၇၂ နှစ်တိုင်ခဲ့ပြီ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့အကြောင်းအရာတွေက အကျဉ်းချုပ်ကလေးမျှသာဖြစ်ပေမယ့် ဒီအကျဉ်းချုပ်မျှနဲ့ပဲ ရည်မှန်းချက်ပန်းတိုင်တစ်ခုအတွက် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ခဲ့ရတယ်၊ ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့ကြရတယ်ဆိုတာကို သုံးသပ်နိုင် ကြလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် မိမိတို့ရဲ့ဘိုးဘွားတွေ တည်ဆောက်ထား ခဲ့တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို သားစဉ်မြေးဆက် ဆက်လက်ထိန်းသိမ်း ကြဖို့က မြန်မာတိုင်းရင်းသားအားလုံးရဲ့ အမျိုးသားရေးတာဝန်ပဲဖြစ်ပါတယ်။ ညီညွတ်ခြင်းသည် စွမ်းအင်၊ စည်းလုံးခြင်းသည်ခွန်အား၊ ပြည်ထောင်စု၏ နှလုံးသား မဟုတ်ပါလားခင်ဗျာ။ မြန်မာ့အလင်း