ပြည်ထောင်စုစိတ်ဓာတ်ဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်

လူတို့လက်၏ လက်ချောင်းငါးချောင်းသည် အရှည်အတို၊ အရွယ်အစား၊ သဘောသဘာဝတို့အလိုက် တစ်ချောင်းနှင့်တစ်ချောင်း မတူညီကြပေ။ သို့သော် လုပ်ဆောင်မှုတစ်ခုကို ဆောင်ရွက်ရာတွင် လက်ချောင်း ငါးချောင်းစလုံးသည် သူ့တာဝန်နှင့်သူ တပေါင်းတစည်းတည်း ပေါင်းစုလုပ်ကိုင်ကြသည်။ အလိုရှိရာ ကိစ္စအဝဝတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်ကြသည်။ မတူကွဲပြားသော်လည်း စည်းလုံးခြင်းသဘောဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် စုပေါင်းနေထိုင်ကြသော လူမျိုးတို့သည် တစ်ဦးနှင့်တစ်ဦး ယုံကြည်ချက်၊ ခံယူချက်၊ ဝါဒ၊ လုပ်ငန်းစဉ်၊ စိတ်သဘောထားများ ကွဲပြားခြားနားကြသော်လည်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရန်လိုရန်ဘက် ဖြစ်ခဲ့ကြသော်လည်း နိုင်ငံအကျိုးစီးပွားနှင့်ယှဉ်လာလျှင် တပေါင်း တစည်းတည်းစိတ်ထား ထားရှိကြသည်။ နိုင်ငံနှင့်လူမျိုးအကျိုးအတွက် အားလုံးပေါင်းရုံး လုပ်ကိုင် ဆောင်ရွက်ကြသည်။ အဆိုပါနိုင်ငံများသည် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံများဖြစ်လာကြသည်။ တစ်ဦးနှင့် တစ်ဦး မတူကွဲပြား အစဉ်အမြဲရန်လိုမုန်းထားကြသူများအနေဖြင့် နိုင်ငံ့အကျိုးစီးပွားကို အလေးမထား ပဋိပက္ခများနှင့်ကျင်လည်နေသည်။

 

မြန်မာနိုင်ငံ၏ လက်ရှိအနေအထားအရ မတူကွဲပြားပေါင်းစည်းခြင်းကို အလေးမထားဘဲ ပဋိပက္ခ အသွင်ကိုသာ အရှည်သဖြင့် ဆောင်နေသဖြင့် တိုင်းပြည်အနာဂတ်အတွက် ရင်လေးမိသည်။ လက်ရှိတွင် လက်နက်ကိုင်ပဋိပက္ခများ၊ နိုင်ငံရေးအရသဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ သွေးခွဲ သပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှု လျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုး စီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်အားနည်းမှုများ၊ နိုင်ငံနှင့် ပြည်သူကိုဖျက်ဆီးမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင်ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့် တိုင်းရင်းသားပြည်သူများ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများနှင့် ကြုံတွေ့နေကြရသည်ကို သတိထားရှုမြင်သုံးသပ် ကြည့်ရမည်ဖြစ်သည်။

 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများပြုလုပ်ကြပြီး အိမ်ကြီးထဲတွင် အိမ်ငယ် ဆောက်လိုသည့် ပြည်ထောင်စုပြိုကွဲရန် ပိုမိုအားထုတ်လာမှုများကို သတိပြု ကာကွယ်ထိန်းသိမ်းကြရန် လိုအပ်သည်။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာသည့် နိုင်ငံရေးအပြောင်းအလဲတွင် အကြမ်းဖက်အဖွဲ့ NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့နှင့် ဒေသအလိုက်ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အကြမ်းဖက်အုပ်စု အမျိုးမျိုးပေါ်ပေါက်လာပြီး တည်ငြိမ်အေးချမ်းမှုနှင့် အချုပ်အခြာအာဏာ ပျက်စီးဆုံးရှုံးစေရန် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေကြသည်။

 

တစ်ဖက်တွင် ပြည်သူလူထုအသိမှား၊ အမြင်မှားအလုပ်အကိုင်မှားအောင် ကောလာဟလသတင်းများကို ဖြန့်ဝေပေးပြီး အဆိုးမြင်စိတ်ခံစားမှုများ အဆုံးအထိ မြှင့်တင်ပေးနေကြသူများလည်း ရှိသည်။ တော်လှန်ရေးဟုအမည်တပ်ပြီး ၎င်းတို့အားထောက်ခံသူများနှင့် မသိနားမလည်သူများ၏ ဘဝများကို ရင်းနှီးစတေး၍ အခွင့်အရေးနှင့်အာဏာကို အချောင်ယူရန် ကြိုးပမ်းနေကြသူများလည်းရှိသည်။ အခြေအနေပေါ်မူတည်၍ ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး လိမ်လည်လှည့်ဖြားကာ ကိုယ်ကျိုးရှာသူများလည်း ရှိသည်။ နိုင်ငံရေးအမြတ်ထုတ်လိုသူများ၊ ကိုယ်ကျိုးရှာဖွေလိုသူများကို အသိဉာဏ်ဆင်ခြင်တုံတရားဖြင့် သတိထားကြရမည်ဖြစ်သလို ဝိုင်းဝန်းပူးပေါင်း ဖော်ထုတ်ကြရမည်ဖြစ်သည်။

 

အဆိုပါအခြေအနေများသည် မျက်မှောက်ကာလ၌ နိုင်ငံအတွင်းဖြစ်ပေါ်နေသော မနှစ်မြို့ဖွယ် အခြေအနေများဖြစ်သည်ကို မှန်မှန်ကန်ကန် သုံးသပ်ဆင်ခြင်နိုင်ကြသူများက နားလည်သိရှိနေကြပြီ ဖြစ်သည်။ တစ်ခုတည်းသောနိုင်ငံရေး၊ ဝါဒရေး၊ လူမျိုးရေးသွေးထိုးလှုံ့ဆော်ပေးမှုများကြောင့် တိုင်းရင်းသား ညီအစ်ကို မောင်နှမလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲကြသည့် အဖြစ်များသည် စိတ်မကောင်းဖွယ်၊ စိတ်မချမ်းမြေ့ဖွယ်အခြေအနေများဖြစ်သလို မိမိတို့မျိုးဆက် တိုင်းပြည် အနာဂတ်အတွက် ရင်လေးဖွယ်ဖြစ်သည်။ အခြေအနေမှန်ကို ကောင်းစွာဆင်ခြင်သုံးသပ်ပြီး စည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်မှသာ တိုင်းပြည်အနာဂတ်အတွက် စိတ်အေးဖွယ်ဖြစ်မည်။ ကောင်းမွန်သော အနာဂတ်ကို တည်ဆောက်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သော အလုပ်များကို လုပ်ကိုင်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံနှင့်လူမျိုးကို အမှန်တကယ်ချစ်မြတ်နိုးကြသည့် တိုင်းရင်းသား ပြည်သူအားလုံးက နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေး၊ တိုင်းပြည်သာယာဝပြောရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုအရေးကိုရှေးရှု၍ မတူကွဲပြားမှုများကို ဘေးဖယ်ထားပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံကာ စည်းလုံးညီညွတ်စွာဖြင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။      ။