ပြည်ထောင်စုစိတ်ဓာတ် အရင်းတည် ပင်လုံမှသည် နိုင်ငံတစ်ဝန်းဆီသို့

 

 

သီဟစည်သူ

 

မြန်မာနိုင်ငံတော်ကြီး  ထီးကျိုးစည်ပေါက် နယ်ချဲ့လက်အောက်ဘဝမှ လွတ်မြောက်ရေးအတွက် ကြိုးပမ်းကြရာတွင် “ပြည်ထောင်စုနေ့”သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ကြီးပင် ဖြစ်ပါသည်။ ပင်လုံမြေမှစတင်ခဲ့သည့် တိုင်းရင်းသားပေါင်းစုံ သွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သော ပြည်ထောင်စုစိတ်ဓာတ်၏ အရင်းတည် ပေါက်ဖွားရာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကစ၍ ပြည်ထောင်စုအလံတော်ကို လွှင့်ထူခဲ့ကြသည်မှာ ယခုဆိုလျှင် ၇၆ နှစ် တိုင်ခဲ့လေပြီ။

 

အတိတ်ကိုသုံးသပ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံတွင် အနော်ရထာ၊   ဘုရင့်နောင်၊  အလောင်းဘုရားတို့လက်ထက်နှင့်   ကိုလိုနီ လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်းစဉ်ကာလများအတွင်း မကြုံစဖူးအောင် စည်းလုံးညီညွတ်ခဲ့ကြသည်ကို သမိုင်းမှတ်တမ်းများတွင် အထင်းသားပေါ်လွင်နေပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်း အစရှိသည့် တိုင်းရင်းသားအပေါင်းတို့သည် ဤမြေတွင် အတူနေ၍ ဤရေကို အတူသောက်ခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုမောင်နှမများပင်ဖြစ်၍ ရာဇဝင်အဆက်ဆက် မည်မျှပင် ပြောင်းလဲခဲ့သော်လည်း နှစ်ပေါင်းများစွာတိုင်အောင် ပြည်ထောင်စုအလံတော်အောက်တွင် တစ်စု တစ်စည်းတည်း၊ တစ်စိတ်တစ်ဝမ်းတည်း စည်းလုံးညီညွတ်မှုဖြင့်သာ ဤသံမဏိလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်ခဲ့ကြခြင်းပင် ဖြစ်သည်။

 

mdn

 

ပင်လုံမှပေးသော ပြည်ထောင်စုအမွေ

 

၁၉၄၅-၁၉၄၆ ဝန်းကျင်နှစ်များအတွင်း မြန်မာနိုင်ငံတစ်ဝန်းလုံး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုအောက်တွင် စည်းစည်းလုံးလုံး ရှိခဲ့ကြသည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလအတွင်း ရွှေတိဂုံအလယ်ပစ္စယံ၌ ကျင်းပခဲ့သော ဖဆပလ လူထုညီလာခံကြီးမှ “တောင်တန်း - ပြည်မ ပူးပေါင်းရေး” အဆိုကို အောင်မြင်စွာ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့သည်။ အမှန်စင်စစ် ပင်လုံမြေမှ ပေးအပ်သော ပြည်ထောင်စုအမွေဆိုသည်မှာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်မှ ၁၂ ရက်နေ့အထိ ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်ကြီးများ တက်ရောက်ခဲ့သည့် ဒုတိယ အကြိမ် ပင်လုံညီလာခံ အစည်းအဝေးကြီး၌ မြန်မာနိုင်ငံမှ ရရှိခံစား ရမည့် လွတ်လပ်ရေးကြီးကို တိုင်းရင်းသားလူမျိုးအားလုံး အကျိုးတူ ရရှိခံစားနိုင်ရန်အတွက် ဆွေးနွေးကာ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စာချုပ်တစ်ရပ်အဖြစ် သဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့ခြင်းပင်ဖြစ်သည်။

 

ပင်လုံညီလာခံသည် လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံး ဥမကွဲသိုက်မပျက် ပူးပေါင်းဆောင်ရွက်မည်ဟူသော သွေးစည်း ညီညွတ်ရေး သမိုင်းမှတ်တိုင်ကြီးကို စိုက်ထူနိုင်ခဲ့သော ညီလာခံကြီး ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ပင်လုံစာချုပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဂုဏ်ဒြပ်ကိုထည်ဝါခံ့ညားစေခဲ့သည်သာမက ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူ ဖော်ဆောင်နိုင်ခဲ့သော ညီလာခံကြီးပင် ဖြစ်ပါသည်။

 

ပင်လုံကျေးဇူး

 

“ကမ္ဘာတွင် ဖက်ဆစ်စနစ်သည် ဗုန်းဗုန်းကျဆုံးနေလေပြီ။ မြန်မာပြည် မြေပြန့်တွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖက်ဆစ်ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး လှုပ်ရှားမှုကြီးသည် အစွမ်းကုန် ညီညွတ်တောင့်တင်း နေပေသည်။ တောင်တန်းဒေသတရိုးတွင်လည်း နိုးကြားမှုသည် အရှိန်အဟုန် ရနေပေပြီ။ ဤအခြေအနေတွင် ပင်လုံ ညီလာခံကျင်းပကာ တောင်တန်းသားခေါင်းဆောင်တို့၏ သဘော ထားကို ထုတ်ဖော်စေသောအခါ “ရှမ်း၊ ချင်း၊ ကချင်” အစရှိသော ငါတို့တောင်တန်းသားတို့သည် မြေပြန့် မြန်မာတို့နှင့်အတူ ပူးပေါင်း လက်တွဲ၍ လုံးဝလွတ်လပ်ရေးကို အရယူကြမည်” ဟု တစ်ခဲနက်သော အသံကြီးထွက်ပေါ်လာခဲ့လေသည်။ဤကိစ္စတွင် ဗိုလ်ချုပ်အောင်ဆန်း အပေါ် တောင်တန်းဒေသ ခေါင်းဆောင်များ၏ မမှိတ်မသုန်သော၊ မတုန်မလှုပ်သော ယုံကြည်မှုသည်လည်း အဓိကအချက်တစ်ရပ် အနေဖြင့် ပါဝင်နေသည်ကို မမေ့အပ်ပေ။ ဤသို့ ပင်လုံညီလာခံကြီး သည် နယ်ချဲ့သမားတို့၏ နှစ်ပေါင်းရာချီ၍ တည်ဆောက်ခဲ့သော သွေးခွဲရေးစနစ်ကြီးကို တအားကုန်ရိုက်ချိုးနိုင်ခဲ့ပေသည်။ ယင်းကဲ့သို့ နယ်ချဲ့တို့၏ “သွေးခွဲအုပ်ချုပ်မှု” ကြီးကို ပင်လုံတွင် ရိုက်ချိုးနိုင်ခဲ့ သဖြင့် ၁၉၄၇ခုနှစ်တွင် တိုင်းရင်းသားပေါင်းစုံ ကိုယ်စားလှယ်များ ပါဝင်သော တိုင်းပြုပြည်ပြုလွှတ်တော် ကျင်းပနိုင်ခဲ့ပေသည်။” ဟု ရှမ်းပြည်နယ် ကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်လက်မှတ်ရေးထိုး ခဲ့သူ ဦးတင်အေး(ရှမ်းပြည်) ၏ ပင်လုံကိုယ်တွေ့စကားသံကို ငွေတာရီ မဂ္ဂဇင်း အမှတ် - ၉၂ တွင် ဖော်ပြခဲ့လေသည်။

 

အဆိုပါ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ထိုနေ့ကို “ပြည်ထောင်စု နေ့” အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံတစ်ဝန်းလုံး၌ ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားများအား နှစ်စဉ်နှစ်တိုင်း ဆင်ယင် ကျင်းပခဲ့သည်။ ၁၉၄၈ နှင့် ၁၉၄၉ ခုနှစ်များတွင် ပြည်ထောင်စုနေ့ သဘင်ကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစ၍ ရန်ကုန်မြို့ တွင် ကျင်းပခဲ့သည်။

 

ပြည်ထောင်စုအလံတော်သယ်ယူ

 

ပြည်ထောင်စုနေ့သဘင်ကို ကျင်းပသည့်အခါ ပြည်နယ်အသီးသီးမှ တိုင်းရင်းသားပေါင်းစုံတို့၏ ကိုယ်စားလှယ်တော်များ တက်ရောက်ခဲ့ကြသည်။ ထူးခြားချက်မှာ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စု အလံတော်ကို အလှည့်ကျရာ ပြည်နယ်အသီးသီးမှ ပြည်ထောင်စုနေ့သဘင် ကျင်းပချိန်အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်း သယ်ယူခဲ့ခြင်းပင်ဖြစ်သည်။ ထိုနှစ်တွင် တိုင်းရင်းသားလူမျိုးစုတို့ ပူးပေါင်းသွေးစည်းရာ ပင်လုံမြို့မှ ပြည်ထောင်စုအလံတော်ကို ပြည်ထောင်စုနေ့အမီ ရန်ကုန်မြို့သို့အရောက် လက်ဆင့်ကမ်းသယ်ယူလာပြီးလျှင် နိုင်ငံတော်ဝန်ကြီးချုပ်ထံသို့ အပ်နှံခဲ့သည်။ အဆိုပါ အလံတော်သယ်ယူသည့် လမ်းတစ်လျှောက်ရှိ မြို့များ၌ ပြည်ထောင်စုအလံတော် အလေးပြုပွဲနှင့် တိုင်းရင်းသားပြည်သူများ၏ ပြည်ထောင်စုအလံတော် ကြိုဆိုပွဲများကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ကြသည်။

 

ပြည်ထောင်စုအလံတော် သယ်ဆောင်ခြင်းနှင့် ပတ်သက်၍ ၁၉၅၄ ခုနှစ် နောက်ပိုင်း ၁၉၅၅ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ပြည်ထောင်စု အလံတော် သယ်ဆောင်ခြင်းအခမ်းအနား မကျင်းပနိုင်ခဲ့ဘဲ ၁၉၆၅ ခုနှစ်မှ ၁၉၇၃ ခုနှစ် (၅၆) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်း အနားအထိ ပြည်ထောင်စုအလံတော်အား တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လက်ဆင့်ကမ်းသယ်ဆောင်ခြင်း အခမ်းအနားများ ကျင်းပခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ပြဋ္ဌာန်းခြင်းနှင့်အတူ နိုင်ငံတော်အလံ လဲလှယ်ခဲ့သည်။

 

mdn

 

ထို့နောက် ၁၉၇၅ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ(၁၉၇၈ ခုနှစ်မှအပ) ပြည်ထောင်စုအလံတော်ကို လေယာဉ်၊ ရေယာဉ်၊ မော်တော်ယာဉ်များဖြင့် သယ်ဆောင်ခဲ့ကြသည်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၀၆ ခုနှစ် (၅၉) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအထိ ပြည်ထောင်စု အလံတော် သယ်ဆောင်ခြင်း အခမ်းအနား ကျင်းပခဲ့သည်။ ယင်းနောက် ၂၀၀၇ ခုနှစ်မှ ၂၀၂၁ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနားအထိ ၁၅ နှစ်တာ ပြည်ထောင်စုအလံတော်သယ်ဆောင်ခြင်း အခမ်းအနား ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် နေပြည်တော်သို့ ဆောင်ယူလာခဲ့ပေသည်။

 

ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ပြည်ထောင်စုကြီးတစ်ခုလုံးကို တစ်မိသားစုတည်း၊ တစ်အိမ်တည်းလို့ စွဲမြဲခိုင်မာစွာ လက်ခံမှတ်ယူထားတဲ့ သဘောထားခံယူချက်ပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားအားလုံးဟာ ဆွေမျိုးသားချင်း ညီအစ်ကို မောင်နှမများဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်မြေတည်းနေ တစ်ရေတည်းသောက်ကြသူများ ဖြစ်တယ်လို့ ခံယူတဲ့စိတ်ဓာတ်၊ တစ်ဦးမှာ အရေးကြုံရင် တစ်ဦးက မပစ်ပယ်ဘဲ တလုံးတစည်းတည်း ပူးပေါင်းရင်ဆိုင် ဖြေရှင်းလိုတဲ့စိတ်ဓာတ်၊ အရေးကြီးရင် သွေးစည်းရမယ်လို့ ခံယူထားတဲ့ စိတ်ဓာတ်၊ တောင်ပေါ်မြေပြန့်မခွဲခြားဘဲ အေးအတူပူအမျှ တစ်သွေးတည်း၊ တစ်သားတည်းရှိတယ်လို့ ခံယူတဲ့ စိတ်ဓာတ်တွေကို ပေါင်းရုံးစုစည်းပြီး ခေါ်ဆိုတာဖြစ်ပါတယ်” ဟု ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်း အနားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

 

ထိုသို့ ပင်လုံမြေမှ အစပြုခဲ့သော တိုင်းရင်းသားသွေးစည်းညီညွတ်မှု၏ သင်္ကေတဖြစ်သည့် ပြည်ထောင်စု အလံတော်သည် နေပြည်တော် သို့ ရောက်ရှိလာသည့်တိုင်အောင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှု၏ အဓိပ္ပာယ်ကို ပြဆိုနိုင်ခဲ့လေသည်။

 

ပြည်ထောင်စုနေ့၏ အနှစ်သာရမှာ ပြည်ထောင်စုသားအားလုံး သွေးစည်းညီညွတ်မှုပင်ဖြစ်သည်။ သို့သော်လည်း ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီး နောက်ပိုင်းတွင် ပေါ်ပေါက်လာခဲ့ သည့် ရောင်စုံသူပုန် သောင်းကျန်းမှုများမှ စတင်ခဲ့သည့် ပစ်ခတ် တိုက်ခိုက်မှုများ အလုံးစုံရပ်စဲရေးနှင့် တစ်နိုင်ငံလုံး ငြိမ်းချမ်းမှုရရှိရေး တို့အတွက် နှစ်ပေါင်း ၇၀ ကျော်ကြာ ယနေ့အချိန်အခါအထိ ခေတ်အဆက်ဆက် အစိုးရများက ဖော်ဆောင်နေကြရဆဲပင်။

 

ကွက်လပ်ကြီးတစ်ခု

 

တိုင်းရင်းသားတို့၏ စည်းလုံးညီညွတ်မှု၊ ဇွဲ၊ သတ္တိများဖြင့် ဆက်လက်ဆောင်ရွက်ရမည့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ များစွာကျန်နေပါသေးသည်။ ပင်လုံစိတ်ဓာတ်များ ပြန်လည်နိုးထလာစေရေး များစွာလိုအပ်နေပေသေးသည်။ အမှန်စင်စစ် ပြည်ထောင်စုတိုင်းရင်းသား သွေးစည်းညီညွတ်မှုကို သက်သေပြဆိုရန် “တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်” တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင် လာရေးဟူသည့် ကွက်လပ်ကြီးတစ်ခု ကျန်နေပါသေးသည်။ ဤကွက်လပ်ကို ဖြည့်ဆည်းရန်မှာ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတစ်ဝန်းလုံးရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက် မဟာ သမိုင်းပေးတာဝန်သာ ဖြစ်ပေသည်။

 

ခေတ်အဆက်ဆက် မြန်မာတို့၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် လွတ်လပ်ရေးကို ဆုံးရှုံးခဲ့ရသည်မှာ ကမ္ဘာ့နိုင်ငံရေး မကျွမ်းကျင် မလိမ္မာခြင်း၊ တိုင်းရင်းသားညီအစ်ကိုအချင်းချင်း သွေးစည်းညီညွတ် မှု လျော့ပါးလာခြင်း၊ ပြည်သူများ၏ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး ဇာတိမာန် ဆုတ်ယုတ်လာခြင်းတို့ကြောင့်ပင်ဖြစ်သည်။ ဤသည် တို့ကား တိုင်းပြည်လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်နေကြ သည့် ကျွန်ုပ်တို့မျိုးဆက်များအဖို့ သင်ခန်းစာယူစရာ၊ သတိမူစရာ များပင်ဖြစ်ပေသည်။ အတိတ်သမိုင်းတွင် ဖြစ်ပျက်ခဲ့ရသမျှ ဖြစ်စဉ်များထဲမှ မိမိတို့သည် ဥဒါန်းကျေသော်လည်း ကမ္ဘာကြေနိုင်ဖွယ်ရာ မရှိသည့် ဖြစ်ရပ်များကို အသည်းနှလုံးထဲတွင် သံမှိုစွဲဘိသကဲ့သို့ ထာဝစဉ်မှတ်သား သင်ခန်းစာယူကြရပါမည်။

 

ြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်ကာလ ဗိုလ်ချုပ်အောင်ဆန်း အသက်ရှင်လျက် ရှိစဉ်အခါက ပြောကြားခဲ့သည့် မိန့်ခွန်းတစ်ရပ်တွင် “အခုလက်ရှိဖြစ်နေတဲ့ မြို့ ပျက်၊ ရွာပျက်၊ ကျောင်းပျက်၊ အိမ်ပျက်၊ လမ်းပျက်၊ ကျန်းမာရေးပျက်၊ အကျင့်စာရိတ္တပျက်နေတဲ့ အခြင်းအရာ တွေကို ခင်ဗျားတို့ ကျေနပ်သလား၊ သဘောကျသလား။ အဲလိုဖြစ်နေ တာတွေကို မကျေနပ်ဘူးဆိုရင် အဲဒါတွေကို ပြုပြင်ရအောင် အစိုးရကို ကူဖို့ကိစ္စတွေကို ခင်ဗျားတို့ စိတ်ရောကိုယ်ပါ ကူညီသင့်၊ မကူညီ သင့်။ ကူညီမယ်ဆိုရင် ခင်ဗျားတို့ ကူညီသလောက် ခင်ဗျားတို့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးအစရှိတဲ့ အခြေအနေဟာ အမြန် ပြုပြင်လို့ရမှာပဲ၊ ဒီလိုမှမဟုတ်ရင် ခင်ဗျားတို့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အစရှိတဲ့ အခြေအနေဟာ ဖြစ်ချင်တိုင်း ဖြစ်နေတာကို ခင်ဗျားတို့တွေ့ရမှာပဲ” ဟု မြွက်ကြားခဲ့သည်။ ဤမိန့်ခွန်းကို ကြည့်ခြင်းအားဖြင့် တွေးတောစရာများစွာ ကျန်ခဲ့ပေသည်။

 

ထို့ကြောင့် ပင်လုံမှသည် နေပြည်တော်ဆီသို့ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ကြသည့် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံ၍ (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ အကောင်အထည် ဖော်ဆောင်ရေးအတွက် မျိုးချစ်စိတ်ဓာတ်ဖြင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင် နိုင်ကြပါစေကြောင်း ဆန္ဒပြုရင်း. . . ၁၉၅၄ ခုနှစ် ဇန်နဝါရီ ၄ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ကလောင်ရှင် - သီတာ၏ ကဗျာတစ်ပုဒ်ဖြင့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

 

မိခင်သို့ ဦးညွှတ်အလေးပြုပါ၏

 

အို…ချစ်သောမိခင် မိခင်အား ဦးညွှတ်အလေးပြုပါ၏။

ရွှေငွေကျောက်သံပတ္တမြား၊ ဆန်ရေစပါး၊ ကျွန်းသစ်

အစရှိသောရတနာတို့ဖြင့်

ကြွယ်ဝချမ်းသာသော

မိခင်၏ သယံဇာတပစ္စည်းတို့ကား၊

ပြိုင်ဘက် ကင်းနေပါ၏။

အို ... မိခင်- ရန်သူတို့၏ ထူးထွေဆန်းပြားသော

လက်နက်မျိုးစုံတို့ဖြင့် ဝိုင်းဝန်းဖျက်ဆီးကြသော်လည်း

အမြဲစိမ်းလန်း စိုပြည်သာယာလျက်ရှိသော

မိခင်၏ သဘာဝအလှကျက်သရေတို့ကား ပျက်စီးဆုံးရှုံး၍ မသွား။

သင်္ခါရတည်းဟူသော ပျက်စီးခြင်းတို့၏ သဘောရှိခဲ့သည်ကို

မိခင်သည် မိခင်၏ နုပျိုတင့်ဆန်းခြင်း၊

သုခုမတရားတို့ဟာ ပုဂ္ဂလိက ပစ္စည်းအဖြစ်

သိမ်းပိုက်ထားတော့မည် ထင်နေရပါတော့သည်။

အို… ချစ်သောမိခင်

သူရသတ္တိတို့ဖြင့် ရန်သူကို သေသေကျေကျေ

တိုက်ခိုက်တွန်းလှန်နိုင်သော

သူရဲကောင်းတို့အား မွေးကျွေးနိုင်သော

မိခင်၏ ဂုဏ်ကျေးဇူးများကို

ပညာရှင် ကဝိအဆူဆူတို့က ကမ္ဘာအဝှမ်းကို

သတင်းလွှင့်ကာ ချီးကျူးလျက်ရှိကြပါပြီ။

မိခင်သည် ဆိတ်သုဉ်း ငြိမ်သက်နေသော

နာမ် ရုပ် ခန္ဓာ၏ တည်ရာ

သမာဓိစခန်းမှ ခဏတာခွဲခွာပြီး

 ကြားနာစမ်းပါဦးတော့။

အို…. ချစ်သောမိခင်

ဘုရားဂူကျောင်း၊ တန်ဆောင်းပြာသာဒ်တို့ကို မြင်လေတိုင်း

ကျေးဇူးရှင်မိခင်အား သတိရလျက် ရှိနေပါ၏။

မိခင် ချစ်သောမိခင်၏ ထာဝရငြိမ်းချမ်းရေးနှင့်

လွတ်မြောက်ခြင်းတို့အတွက်

အရိုးပင်ကြေကြေ အရေပင်ခန်းစေတော့

ဆံချည်မတွန့်-လက်ရုံးကွန့်ပြီးလျှင်

မိခင်အားထိပါးသော ရန်သူတို့ကို

စွန့်စားကာကွယ်ပါမည်ဟု

ကတိသစ္စာပြုပါ၏ - အိုချစ်သော မိခင်…။

(သီတာ-ရေးသည်)