ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ  AA အကြမ်းဖက် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုခံခဲ့ရသည့် နေရာများသို့ သွားရောက် စစ်ဆေးပြီး တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအား အားပေးစကားပြောကြား

စစ်တွေ ၇ ဇန်နဝါရီ 


ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် ဦးစီးသည့်အဖွဲ့သည် AA အကြမ်းဖက်သောင်းကျန်းသူများ၏ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်မှု ခံခဲ့ရသည့် ဘူးသီးတောင်မြို့နယ် အတွင်းရှိ နယ်ခြားစောင့် ရဲကင်းစခန်းများနှင့် ထိခိုက်ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များအား သွားရောက်ကြည့်ရှုပြီး အားပေးစကားပြောကြားကာ လိုအပ်သည့် လူမှုရေးဆိုင်ရာ အထောက်အကူများနှင့် ထောက်ပံ့ပစ္စည်းများ  ပေးအပ်သည်။


ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ဇန်နဝါရီ ၆ ရက်တွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ သုံးသပ်ခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။


ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်ရဟတ်ယာဉ်များဖြင့် မောင်တောမြို့သို့ ရောက်ရှိပြီး မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် AA အကြမ်းဖက် သောင်းကျန်းသူများ၏ တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသဖြင့် ဆေးဝါးကုသမှုခံ ယူလျက်ရှိသည့် ရဲတပ်ဖွဲ့ဝင်များအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ထောက်ပံ့ငွေများနှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ထောက်ပံ့ငွေများကို  ပေးအပ်သည်။

 

12


ထို့နောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မောင်တောမြို့ရှိ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် အမှတ်(၁)နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့ အမှတ်(၃)နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲမှ ကျဆုံး၊ ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ ပေးအပ်သည်။


ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပေးအပ်လှူဒါန်းသည့် ထောက်ပံ့ငွေများကို  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်ဦးက ကိုယ်စားပေးအပ်ရာ ထောက်ပံ့မှုများနှင့် ပတ်သက်၍ အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှူးရုံး အဖွဲ့မှူး ရဲမှူးချုပ်မြင့်တိုးက ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။


ယင်းနောက် ရဲမှူးချုပ်မြင့်တိုးက သတင်းမီဒီယာအဖွဲ့များနှင့်တွေ့ဆုံကာ ဘူးသီး တောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းစခန်းများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားသည်။


ထို့နောက် ဒုတိယဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ ရသည့် စခန်းများအနက် ခထီးလှရဲကင်းစခန်းနှင့် ဂုပ္ပိရဲကင်းစခန်းများသို တပ်မတော် ရဟတ်ယာဉ်များဖြင့် သွားရောက်၍ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို လှည့်လည် ကြည့်ရှုကာ တာဝန်ထမ်းဆောင်လျက်ရှိသော  ရဲကင်းစခန်းများရှိ ရဲတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေးစကားပြောကြားပြီး ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်သည်။


မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အမှတ်(၃) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ တပ်ရင်းရုံး၌ ကျင်းပသည့် ကျဆုံးခဲ့သည့် တပ်ဖွဲ့ဝင်များ၏ မိသားစုများ နှင့် တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး တပ်ဖွဲ့ဝင်များ၏ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ရွပ်ရွပ်ချွံချွံ အသက်ပေးထမ်းဆောင်ခဲ့မှုအပေါ် နိုင်ငံတော်အစိုးရ ကိုယ်စား လေးစားဂုဏ်ပြုပါကြောင်း၊ ကျဆုံးသူတပ်ဖွဲ့ဝင် မိသားစုများနှင့်ထပ်တူ ဝမ်းနည်းပါ ကြောင်း ပြောကြားပြီး မိသားစုများနှင့်တွေ့ဆုံ၍ နှစ်သိမ့်အားပေးစကားပြောကြားသည်။

56


ယခုခရီးစဉ်သည် ပြည်ထောင်စုအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်လာရောက်ခြင်း ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေရာများ အပါအဝင် အလားတူဖြစ်စဉ်မျိုး နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် လုံခြုံရေးဆိုင်ရာ အစီအမံများ ပြန်လည်သုံးသပ်နိုင်ရန်နှင့် ဖြစ်စဉ်တွင် ကျဆုံး၊ ထိခိုက်ဒဏ်ရာရ တပ်ဖွဲ့ဝင်များ အပါအဝင် ယင်းဒေသတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် လူမှုရေး အထောက်အပံ့များပေးအပ်ရန် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။


ခရီးစဉ်တွင် ဒုတိယဝန်ကြီးနှင့်အတူ အဖွဲ့ဝင်များအဖြစ် ရခိုင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဒုတိယ ရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦး၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့် မောင်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးညီညီမင်း အပါအဝင် ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ တာဝန်ရှိသူများ လိုက်ပါ ခဲ့ကြသည်။


ထို့အပြင် ခရီးစဉ်တစ်လျှောက် ဒီဗွီဘီ၊ ဗွီအိုအေ၊ အာရ် အက်ဖ်အေ၊ မဇ္ဇျိမ၊ ဧရာဝတီသတင်းဌာန များအပါအဝင် ပုဂ္ဂလိက သတင်းမီဒီယာများလည်း အတူလိုက်ပါ သတင်းရယူခဲ့ကြကြောင်း သိရသည်။ 


(သတင်းစဉ်)