ပြည်ထောင်စုအဆင့် အနေနဲ့ ကြီးမှူးပြီး မြို့နယ်တိုင်းမှာ ဒီလိုလုပ်ပေးစေချင်တယ်

ရန်ကုန် ၂၉ ဇန်နဝါရီ

လူမှုဝန်ထမ်းဦးစီးဌာနနှင့် လူငယ်ပရဟိတအဖွဲ့Youth Social Group (Ygn) တို့ ပူးပေါင်းကျင်းပသည့် ပထမဆုံးအကြိမ် မြို့နယ်အဆင့် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေး ပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က  ရန်ကုန်မြို့ မြောက်ဥက္ကလာပ အဝိုင်းအနီးရှိ ဥတ္တရသီရိပန်းခြံတွင် ကျင်းပခဲ့ရာ မြောက်ဥက္ကလာပမြို့နယ် (ည)ရပ်ကွက်မှ ကိုချစ်မင်းက “ဒီနေ့ကတော့ ရပ်ကွက်ထဲက ဒီကိုလာချင်တဲ့ ကလေးတွေ လိုက်ပို့ပေးတာ နိုင်ငံတော် အဆင့်လုပ်တဲ့ ကလေးပွဲတော်တွေဆို ဆင်းရဲ နွမ်းပါးတဲ့ ကလေးတွေ၊ ရပ်ကွက်ထဲက ကျောင်းမနေတော့တဲ့ ကလေးတွေက ကျန်ခဲ့တယ် ကျွန်တော်က အဲဒီလိုကလေးတွေလည်း ပါဝင်ဆင်နွှဲနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ဆောင်ပေးတာပါ။

 

 

ကျွန်တော့်ရပ်ကွက်ထဲကဆို ကလေး ၂ဝ ကျော် ၃ဝ လောက်ကို လာပို့ပေးပြီးပြီ။ ပညာရေးဌာနနဲ့ အထွေထွေအုပ်ချုပ်ရေး အပိုင်းက ဒီလိုမျိုးတွေကို စီစဉ်ပေးစေချင်ပေမယ့် အချိန်ကတိုတောင်းတော့ မရဘူး။ ဒါကြောင့် ကျွန်တော့်ရပ်ကွက်က ကလေးတွေပဲ ကျွန်တော်ပို့ပေးနိုင်ခဲ့တယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုအဆင့် အနေနဲ့ ကြီးမှူးပြီး မြို့နယ်တိုင်းမှာ ဒီလိုလုပ်ပေးစေချင်တယ်။ ပညာရေးပိုင်းဆိုလည်း အစိုးရကျောင်း၊ ကိုယ်ပိုင် ကျောင်းတွေကအစ ပိတ်ပြီးတော့ ကလေးတွေကို ပို့ပေးစေချင်သလို အုပ်ချုပ်ရေး ပိုင်းကလည်း ဒါကိုချိတ်ဆက်ဆောင်ရွက်ပေးစေချင်တယ်” ဟု ပြောသည်။

MDN