ပြည်ထောင်စုအစ ပင်လုံမြေက

mdn

သတင်းဆောင်းပါး - မောင်စိန်လွင် (မင်းကင်း)

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးတစ်ရာကျော်စုပေါင်းနေထိုင်ရာဌာနေပင် ဖြစ်သည်။ တိုင်းရင်းသား လူမျိုးအားလုံးတွင်ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ကိုးကွယ်ယုံကြည်မှုတို့ ရှိကြသည်။ သို့သော်လည်း တိုင်းရင်းသားအားလုံးသည် မြန်မာနိုင်ငံတွင် မှီတင်း နေထိုင်ကြသော “မြန်မာ” များချည်းဖြစ်၏။ သွေးရင်းသားရင်းများဖြစ်ပြီး “တစ်လှေတည်းစီး တစ်ခရီးတည်းသွားကြသူများ” ဖြစ်သည်။

“သမဂ္ဂါနံ တပေါသုခေါ”ဟူ၍ မြတ်စွာဘုရားရှင်က ဟောကြားသွန်သင်ခဲ့သည်။ “စိတ်ဓာတ်ညီညွတ်သူတို့၏ အကျင့်သည် ချမ်းသာခြင်း၏ အကြောင်းရင်းဖြစ်သည်”ဟု ညွှန်ပြခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဝင့်ထယ်တင့်တယ်စွာ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြငှန်းနှင့် ရပ်တည်နေနိုင်ခြင်းမှာ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်မှုကြောင့်ဖြစ်သည်။ စည်းလုံးညီညွတ်သော ပြည်ထောင်စုစိတ်ဓာတ်မြစ်ဖျားခံရာကား “ပင်လုံမြေ”ပင်ဖြစ်သည်။

ကူးပြောင်းလာခဲ့

စည်းလုံးညီညွတ်စွာ စုပေါင်းနေထိုင်သည့်သံယောဇဉ်ကြောင့် နှစ်ကာလကြာမြင့်လာသောအခါ သွေးစည်း ညီညွတ်မှု ကူးပြောင်းလာခဲ့ကြသည်။ တစ်ဦး နှင့်တစ်ဦး ရိုင်းပင်းကူညီကာ ကျရောက်လာသော အန္တရာယ်တို့ကို စုပေါင်းကာကွယ်ခြင်းဖြင့် “အေးအတူ၊ ပူအမျှ၊ ကောင်းတူဆိုးဖက်နေထိုင်မည်”ဟု ခံယူသော “ပြည်ထောင်စု စိတ်ဓာတ်” ရင့်သန်လာခဲ့ကြသည်။ “ပြည်ထောင်စုစိတ်ဓာတ်”ရင့်သန်သော မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးစု အတွင်းသို့  ကိုလိုနီနယ်ချဲ့တို့ထိုးဖောက်ဝင်ရောက်၍ နည်းမျိုးစုံဖြင့် သွေးခွဲခဲ့ကြသည်။ သာသနာပြုသူများ၊ သူလျှိုများစသော နယ်ချဲ့အလိုတော်ရိ ကိုယ်ကျိုးရှာသမားတို့သည် ဝါးအစည်း ပြေသကဲ့သို့ တိုင်းရင်းသားများ သွေးစည်းညီညွတ်မှုပြိုကွဲအောင် ခြေထိုးခဲ့သည်။ ပရိယာယ်ကြွယ်ဝသော ကိုလိုနီနယ်ချဲ့တို့သည် မြန်မာနိုင်ငံကို သုံးကြိမ်တိုင်တိုင်စစ်ခင်းပြီးနောက် ၁၈၈၅ ခုနှစ်တွင် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရသည်။ မြန်မာ ကိုလိုနီနယ်ချဲ့ လက်အတွင်း ကျရောက်ခဲ့ရတော့သည်။ ကိုလိုနီနယ်ချဲ့လက်အောက်ကျရောက်ချိန်တွင် တိုင်းရင်းသားတို့၏ ပြည်ထောင်စုစိတ်ဓာတ်များ မှေးမှိန်ခဲ့ရသည်။ နယ်ချဲ့ကိုလိုနီတို့၏ သွေးခွဲအုပ်ချုပ်မှုကြောင့် တိုင်းရင်းသား အချင်းချင်း သွေးစည်းညီညွတ်မှု လျော့ပါးသွားခဲ့သည်။

မြန်မာနိုင်ငံကို ဗိုလ်ကျစိုးမိုးအုပ်ချုပ်နေကြသော နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေးတို့တွင် ပူးပေါင်း ဆင်နွှဲရင်း တိုင်းရင်းသားအချင်းချင်း ယုံကြည်အားကိုးလာကြသည်။ အရေးကြီးလျှင် သွေးနီးကြသော တိုင်းရင်းသားလူမျိုးတို့သည် လွတ်လပ်ရေးပန်းတိုင်သို့အတူတကွ လျှောက်လှမ်းကြသည်။ ပရိယာယ်များ လှသော နယ်ချဲ့တို့သည် လွတ်လပ်ရေးပေးခါနီးတွင် ပြည်နယ်တောင်တန်းဒေသများကို ချန်လှပ်ထားရန် ကြံရွယ်ခဲ့ကြ သည်။ ပြည်နယ်တောင်တန်းဒေသမပါသော လွတ်လပ်ရေး သည် အတုအယောင်သာဖြစ်သည်ဟု သဘောပေါက်သော မြန်မာတိုင်းရင်းသားများ စည်းလုံးညီညွတ်ရန်ဆတက်ထမ်းပိုးတိုး၍ ကြိုးပမ်းလာကြသည်။

ဆုံးဖြတ်ချက်ချမှတ်

ဗိုလ်ချုပ်အောင်ဆန်းနှင့် နိုင်ငံ့ခေါင်းဆောင်များသည်ဤအရေးကို ကြိုတင်တွက်ဆမိဟန်တူ၏။ ပြည်မတစ်ခုတည်းခွဲ၍ လွတ်လပ်ရေးပေးလျှင် ပြည်ထောင်စုကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားမည်ကို အသေအချာ သိနေပြီးဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းသည် ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့်အောင်ဆန်း-အက်တလီစာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။ စာချုပ်တွင် ပြည်မနှင့်ပြည်နယ်တောင်တန်းဒေသများ ပူးပေါင်းရန် သဘောတူပါက ပြည်မရော ပြည်နယ်တောင်တန်းဒေသများပါ လွတ်လပ်ရေးပေးရန်ပါရှိသည်။ ထိုဆုံးဖြတ်ချက်ကိုပြည်နယ်တောင်တန်း ဒေသများ ပါဝင်သော အစည်းအဝေးမှ ချမှတ်ခဲ့သည်။

နယ်ချဲ့လက်ပါးစေစော်ဘွားအချို့က ဗြိတိသျှနန်းရင်းဝန် အက်တလီထံ ဗိုလ်ချုပ်သည် စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်ပါ။ ပြည်နယ်တောင်တန်းဒေသအတွက် ဆွေးနွေးလိုလျှင် စော်ဘွားများအား သီးသန့် ခေါ်ယူရန် ကြေးနန်းရိုက်လိုက်သည်။ ဤအခြေအနေတွင်မြန်မာပြည်ရှိ ဖဆပလခေါင်းဆောင်များ ကြိုးပမ်းမှုဖြင့်တောင်ကြီးမြို့တွင် လူထုအစည်းအဝေးပွဲကြီး ကျင်းပသည်။ ဤအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို အက်တလီထံကြေးနန်းရိုက်လိုက်သည်။ ပြည်နယ်တောင်တန်းဒေသများသည် ပြည်မနှင့်အတူ လွတ်လပ်ရေး ရယူလိုပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဆန္ဒသဘောထားကို အလေးအနက်ထောက်ခံပါသည်ဟူသော ကြေးနန်းဖြစ်သည်။

လက်မှတ်ရေးထိုးနိုင်ခဲ့

ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် ၁၉၄၇ ခုနှစ်ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် မြန်မာပြည်သို့ ပြန်လာကာ ပြည်နယ်တောင်တန်းဒေသ စည်းလုံးညီညွတ်ရေးအတွက်ဆောင်ရွက်လေသည်။ မြန်မာနိုင်ငံတော်ကြီး အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲပြီးမှ လွတ်လပ်ရေးရနိုင်သည့်အခြေအနေကို တိုင်းရင်းသားအားလုံးက မလိုလားခဲ့ပေ။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တစ်နိုင်ငံလုံးလွတ်လပ်ရေးရဖို့ တိုင်းရင်းသားများ သွေးစည်း ညီညွတ်မှု ဖော်ထုတ်သက်သေပြရန်ဆုံးဖြတ်ခဲ့ကြသည်။ ဤသို့ဖြင့် ပင်လုံညီလာခံကျင်းပရန် အကြောင်း ပေါ်လာခဲ့သည်။

ယင်း၏အကျိုးဆက်ကား ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှစတင်၍ ရှမ်းပြည်နယ် တောင်ပိုင်းနှင့်မြောက်ပိုင်း ဗဟိုအချက်အချာဖြစ်သော ပင်လုံမြို့တွင်ပင်လုံညီလာခံကြီး ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဖဆပလ ကိုယ်စားလှယ် ဗိုလ်ချုပ်အောင်ဆန်း၊ ဦးတင်ထွတ်၊ ဗိုလ်ခင်မောင်လေး၊ ရှမ်းစော်ဘွားများ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်တို့မှ တိုင်းရင်းသားခေါင်းဆောင်များ တက်ရောက်ပြီး ဆွေးနွေးကြသည်။ ထိုဆွေးနွေးပွဲမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နေ့လယ်အထိ ဆွေးနွေးကြပြီး လွတ်လပ်ရေးအတူရယူရန် ဆုံးဖြတ်နိုင်ခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်နှင့်အတူ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားကိုယ်စားလှယ်များ သဘောတူ စည်းလုံး ညီညွတ်စွာ နေထိုင်ကြမည်ဟူသော သန္နိဋ္ဌာန်ဖြင့်ကိုယ်စားလှယ် ၂၃ ဦးက ပင်လုံစာချုပ်ကြီးကိုလက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ထို့ကြောင့် ပင်လုံမြေသည် ပြည်ထောင်စုကြီးကိုသန္ဓေတည်ရာ ဌာနပင်ဖြစ်သည်။ ပြည်ထောင်စု စိတ်ဓာတ်တိုးပွားစေရာ၊ ပင်လုံစာချုပ်ပေါ်ထွန်းစေရာ ဘူမိနက်သန်လည်း ဖြစ်ပေသည်။ ပင်လုံစာချုပ် ချုပ်ဆိုခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကိုပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။ ပင်လုံမြေတွင် သန္ဓေတည်ခဲ့သော ပြည်ထောင်စုနေ့သည် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ၇၂ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။ 

တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်

ယနေ့ ပစ္စုပ္ပန်ကာလတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် မျက်နှာစုံညီ ပွင့်ပွင့်လင်းလင်း သုံးကြိမ်တိုင် ဆွေးနွေးခဲ့ကြပြီးဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက မငြိမ်းချမ်းသေးသော ပြည်တွင်းစစ်မီးကို ငြိမ်းချမ်းအောင် ဆောင်ရွက်နေသည်မှာ တိုင်းရင်းသားလုပ်သား ပြည်သူများ အသိပင်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံး အကြားအလပ်မရှိ ငြိမ်းချမ်းသွားမှ ပြည်နယ်၊ ပြည်မ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ တစ်ဦး အပေါ်တစ်ဦး သံသယဟူသမျှ ကွယ်ပျောက်ပြီး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရင်းနှီးချစ်ခင်စွာ ဆွေးနွေး နေကြသည်မှာ တိုင်းရင်းသားလုပ်သားပြည်သူများ တွေ့မြင်နေရပြီ ဖြစ်ပါသည်။ ထို့ကြောင့် တစ်နိုင်ငံတည်းမှာ အတူပေါက်ဖွား၊ အတူနေကြသူအချင်းချင်း စည်းလုံးညီညွတ်ကြလျှင် ဘေးဒုက္ခများ အေးငြိမ်းပြီး ခေတ်မီဘက်စုံဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်မှာ မလွဲဧကန်ပေ။