ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

နေပြည်တော်  ၁၄  ဇန်နဝါရီ 

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်း၍ မဲဆန္ဒရှင်စာရင်းပြုစုခြင်း သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ သင်တန်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံ India International Institute of Democracy and Election Management (IIIDEM) သင်တန်းကျောင်းမှ Senior Consultant ဖြစ်သူ Dr. Noor Mohammad နှင့် နည်းပြဆရာများ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။

 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယနေ့ဖွင့်လှစ်သည့် သင်တန်းမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် အိန္ဒိယနိုင်ငံရွေးကောက်ပွဲကော်မရှင်တို့ ပူးပေါင်းဖွင့်လှစ်သော ကော်မရှင်ရုံးနှင့် ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ရှိ ဝန်ထမ်းများအား စွမ်းဆောင်ရည်မြှင့်တင်ပေးသည့် အစီအစဉ်များထဲမှ တစ်ခုဖြစ်ကြောင်း၊ အိန္ဒိယရွေးကောက် ပွဲကော်မရှင်မှ (၃) ကြိမ် လာရောက်ပို့ချမှာဖြစ်ပြီး ယခုမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၄ ရက်မှ ၁၈ ရက်အထိ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းမှုမှာ အချိန်တိုတောင်းနေသည့်အတွက် ပြည်သူလူထုအတွက်သာမက ကော်မရှင်ရုံးဝန်ထမ်းများအတွက်ပါ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အတွေ့အကြုံ၊ ဗဟုသုတ များ ဖြည့်ဆည်းပေးရန် လိုအပ်နေသေးကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများစွမ်းဆောင်ရည် မြှင့်တင်ခြင်းကို အလေးထားဆောင်ရွက်လျက် ရှိကြောင်း၊ ရွေးကောက်ပွဲစက်ဝန်းအရ လုပ်ငန်းစဉ်များစွာရှိသော်လည်း မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းစဉ်သည် အလွန်အရေးကြီးပါကြောင်း၊ သင်တန်းသားများအနေဖြင့် အလေးအနက်ထား သင်ယူလေ့လာကြစေ လိုကြောင်း၊ အိန္ဒိယနိုင်ငံ၏ မဲဆန္ဒရှင် စာရင်းကောက်ယူမှုစနစ်မှ အားသာချက်၊ အားနည်းချက် များကိုလေ့လာ၍ မိမိတို့ မဲဆန္ဒရှင်စာရင်းပြုစုသည့် လုပ်ငန်းစဉ်တွင် အကျိုးရှိရှိ အသုံးပြုနိုင်ရန်လိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ Dr. Noor Mohammad က မဲဆန္ဒရှင်စာရင်းပြုစုခြင်းလုပ်ငန်းစဉ်သည် အရေးကြီးပါကြောင်း၊ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးအတွက် လုံလောက်သော ဘတ်ဂျက် ရှိရန်လိုအပ်သည့်အပြင် ဝန်ထမ်းများ၏ စီမံခန့်ခွဲမှုကောင်းခြင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု ရှိရန်လိုကြောင်း၊ အိန္ဒိယရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၉ ခုနှစ်အတွင်း သင်တန်း (၅) ခုဖွင့်လှစ်ရန် စီစဉ်ထားပြီး ယခုသင်တန်းသည် တတိယသင်တန်းဖြစ်ကြောင်း၊ စတုတ္ထ သင်တန်းကို အိန္ဒိယနိုင်ငံနှင့် ပဉ္စမသင်တန်းကို မြန်မာနိုင်ငံတို့တွင် ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

(သတင်းစဉ်)

 

KHP