ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အနုပညာစကားဝိုင်း(၁)

ဟန်ဇင်လှိုင်

 

တောင်တန်းဒေသနှင့် ပြည်မပူးပေါင်း၍ လွတ်လပ်ရေးကို အတူတကွရယူကြရန် သဘောတူညီပြီး ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်ကို ပြည်ထောင်စုနေ့ဟု သတ်မှတ်ခဲ့ကြသည်။ ပြည်ထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင် အရေးပါသည့် နေ့ထူးနေ့မြတ်တစ်ခုလည်း ဖြစ်ပါသည်။ တိုင်းရင်းသားပေါင်းစုံ စုစည်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံ အဓွန့်ရှည် တည်တံ့စေရန်နှင့် တိုင်းရင်းသားများ စည်းလုံးချစ်ကြည်စွာ အတူတကွ စုစည်းနေကြရန်အတွက် ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်လှပါသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကဗျာဆရာများကလည်း ၎င်းတို့၏ ရင်တွင်းခံစားချက် အနုပညာများဖြင့် ကဗျာများ ရေးစပ်သီကုံးပြီး တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်လျက်ရှိကြပါ သည်။

ပြည်ထောင်စုနေ့ ဂုဏ်ပြုအထူးအစီအစဉ်အဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အနုပညာခေါင်းစဉ်ဖြင့် စကားဝိုင်းအစီအစဉ်(ပထမပိုင်း)တွင် အစီအစဉ်မှူး မနီတာနှင့်အတူ ကိုလေး(အင်းဝဂုဏ်ရည်)၊ မုံရွာအောင် ရှင်၊ မောင်စိန်ဝင်း(ပုတီးကုန်း)၊ မောင်လင်းရိပ်တို့က ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ရေးစပ်ထားသော ကဗျာ များဖြစ်သည့် အိမ်၊ ပြည်တွင်းစစ်ကြီး ပြီးသွားပြီ၊ ကျိန်စာ သင့် မြေစာပင်များ၊ အတူတူအမျှမျှ၊ စစ်မဲ့လုလင်တို့နှင့် ပတ်သက်၍ ပါဝင်ဆွေးနွေးခဲ့သည်များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။ အဆိုပါ စကားဝိုင်းတွင် ဆွေးနွေးခဲ့သည်များကို ဖော်ပြအပ်ပါ သည်။

အစီအစဉ်မှူး မနီတာ။ ။ ဒီနေ့ ဒီစကားဝိုင်းလေးကို

အိမ်ဆိုတဲ့ကဗျာလေးနဲ့ စပြီး တော့ ဖွင့်ပါရစေ။

ဆူပွက်လို့

ပူညံလို့

ဖခင်က ခပ်တေတေ

မိခင်က ခပ်ပေပေ

ဝင်ငွေက ခပ်ထွေထွေ။

လိုဘတွေနဲ့

လိုအပ်နေတာတွေနဲ့

လိုအင်တွေနဲ့

သားတို့သမီးတို့

ရွှင်လို့မှမလန်း

ကြမ်းတမ်းခက်ထန်။

အဖြေဘာလဲ

အဖြေဘာလဲ

ကဲ ထကြစို့

ပုဆိုးကိုပြင်ပြီး

ထဘီကို တင်းတင်းစည်းပါ

လာသွားမယ်

သာယာဘ၀

ထကြစို့

အိမ်ကိုထူဖို့ ထကြစို့။

ကျွန်မတို့နေတဲ့ ဟောဒီနိုင်ငံတော်ကြီးဟာ ဖျားနာ နေပါတယ်။ ဒီနာတာရှည်နိုင်ငံတော်ကြီး နာလန်ထူဖို့၊ ကျန်းမာဖို့၊ ရှင်သန်ကြီးထွားဖို့ကို ကျွန်မတို့တွေဟာ အင်မတန်ကို လိုလားခဲ့တာပါ။ ကျွန်မတို့ နိုင်ငံတော်ကြီး ကျန်းမာဖို့ဆိုတာ ဟောဒီနိုင်ငံတော်ကြီးအတွင်းမှာ အတူတကွနေထိုင်ကြတဲ့ ညီအစ်ကိုမောင်နှမတွေရဲ့ တစ်ဦးအပေါ် တစ်ဦးထားတဲ့ မေတ္တာ၊ တစ်ဦးကို တစ်ဦး နားလည်စာနာတတ်မှုတွေဟာ အလွန်ကိုအရေးကြီး ပါတယ်။

ကျွန်မတို့နိုင်ငံတော်ကြီး ထူမတ်ဖို့၊ ကျွန်မတို့ချစ်တဲ့နိုင်ငံတော်ကြီးရှင်သန်ဖို့ အဲဒီအတွက် ထားရှိရမယ့် ညီအစ်ကိုမောင်နှမတွေရဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ငြိမ်းချမ်းရေး သဘောတရားတွေကို ဆရာကြီး ဦးကိုလေးက ပြောကြားပေးပါဦးရှင်။

ကိုလေး(အင်းဝဂုဏ်ရည်) ။ ။ကျွန်တော် အင်မတန်

မာနကြီးတယ်။ လက်မ နှစ်ချောင်း ကော့နေအောင်ထောင်ပြီး မာနကြီးပါတယ်။ ဘာဖြစ်လို့တုန်းဆိုတော့ ကျွန်တော် အင်းဝသားမို့ပါ။ ဥပမာ- မိုးဦးကာလ “ချောင်းကျပြီဆိုလျှင် ပန်းလောင် ကြောမှာ ပိန်းကော လှေငယ်ရှင်”။ ကျွန်တော်ပန်းလောင် ချောင်းထဲမှာ ရေချိုးခဲ့တဲ့ကောင်၊ ပန်းလောင်က ရေပါးပါးလေးရယ်။ အဲဒီတော့ ပိန်းကောဆိုတာ ရေစူး မရှိတဲ့ Flat Bottom ခေါ်တယ်ပေါ့။ အဲဒီဟာကြီးကို သစ်လုံးကြီးကို ထွင်းထားတာ။ နောက်တစ်ခု

ကေသာထုံးပြီး

သမီးမက

ရည်ရပင်ထွက်

လှသည့်ရွက်ကို

စုံမက်မြတ်လေး

မယ့်လက်ရေး၍ …။

ထန်းပင်ဖြစ်ပေါ်လာပုံ အဆင့်ခြောက်ဆင့်ရှိတယ်။ တစ်က ထန်းသီးကနေပြီးတော့ အပင်လေးပေါက်လာတာ၊ ကြက်တူရွေးမြီးလေးနဲ့တူလို့ ကြေးမြီးလို့ခေါ်တာ ပထမ အဆင့်၊ နောက်အလက်ကလေးတွေ မျှော်ပြီဆိုတော့ လက် မျှော်တဲ့။ တတိယက ဆင်ခြေပေါ်တဲ့၊ ထန်းအိုးလေး ပေါ်တာ အပင်လေး ဆင်ခြေထောက်ကလေးနဲ့တူတယ်။ နောက်သမီးလှတဲ့၊ နံပါတ်လေးအဆင့်က သမီးလေး ကြက်တောင်စည်းလေးနဲ့ ရပ်နေတဲ့ထန်းပင်လေး၊ နောက်ကျတော့ နံပါတ်ငါး က အရည်ရတယ်၊ ဟောဒီအပင် အရည်ရပြီး တက်တော့တဲ့၊ ဒါပေမယ့် ထန်းလက်တွေက တက်နေတယ်။ နောက်ကျမှ ပင်ထွက်တဲ့၊ နောက်နန်းတော် အိမ်တော်ဆိုတာ ပေတစ်သီးကျီးတစ်သား အမင်္ဂလာဖြစ်တဲ့ အတွက် ထန်းဖူးညွန့်ရှည်ကို သုံးတယ်။

အဲဒီတော့ ကေသာထုံးပြီး သမီးမက ကျေးမြီးရေးလို့ မရသေးဘူး။ လက်မျှော်ရေးလို့ မရသေးဘူး။ ဆင်ခြေပေါ်ရေး လို့ မရသေးဘူး။ သမီးလှရေးလို့ မရသေးဘူး။ နုသေးတယ်။ ဒါကြောင့်မို့လို့ ရေရနဲ့ ပင်တက်က လှသည့်ရွက်ကိုတဲ့၊ ခြမကိုက်တဲ့အရွက်၊ ပိုးမထိုးတဲ့ အရွက်ကို စုံမက်မြတ်လေး၊ မယ့်လက်ရေး၍ဆိုတာ ကျွန်တော်တို့သိတာပေါ့။

ကျွန်တော်သိတာ စစ်ကိုင်းရယ်၊ အင်းဝရယ်၊ ပင်းယ ရယ်၊ အမရပူရရယ်၊ မန္တလေးရယ် ဒါလေးသိတာ။ ကျွန်တော် letter ဆိုတာလည်း မသိဘူး။ ဒီရေလည်း မသိဘူး။ လမု၊ လမဲ့၊ ကနစိုလည်း မသိဘူး။ အဲဒီမှာ ကျွန်တော့်ဆရာ ဇော်ဂျီ က နပန်ရိုက်ပြီးတော့ မျက်လုံးဖွင့်ပေးလိုက်တာ၊ ဆရာ့ဆီ ပြေးပြီး ကန်တော့ရတာပဲ။ ကျွန်တော်တို့ ညီအစ်ကိုတွေဟာ ကျွန်တော်တို့ထက် ကဗျာဉာဏ် မညံ့ဘူး။ ကျွန်တော်တို့ ထက် စကားလုံးရွေးချယ်မှု မညံ့ဘူး။ ကျွန်တော်တို့ရဲ့ အတွေးလောက်မညံ့ဘူး။ ကျွန်တော် ဓနုတိုက်တေးကြည့် တော့ သူ့ပေါင်မှာငါ့ကျားရုပ် သူ့ပေါင်မှာ ငါ့ကျားရုပ် ငါသနားလို့ ငှားလိုက်တယ်။ ကောင်းလိုက်တာလို့၊ ဓနုတွေ ဆိုတာ။ နောက်တစ်ခါ ဂျူး ဟိုတစ်နေ့က နောက်ဆုံးရေးတဲ့ ဝတ္ထု ပုဆိုးဖြူမှန်ကူကွက် မနက်လည်းခြုံ ညလည်းခြုံ ခြုံနေရက်နဲ့ ချမ်းလေခြင်း၊ မိနဲ့မောင် မနက်လည်းဆုံ ညလည်းဆုံ ဆုံနေရက်နဲ့ လွမ်းနေခြင်း။ ဆုံနေရက်နဲ့ လွမ်းနေခြင်းက ဓနုတေးလို့ မဂျူးရလို့၊ သူတို့ မြင်နေတာက မျဉ်းမတ်တွေနဲ့ မျဉ်းဖြောင့်တွေ မြင်ရတာ၊ မျဉ်းကွေးနဲ့ကို မကဘူးလို့၊ သူတို့ မျဉ်းမတ်တွေနဲ့ ကတာ၊ ငါတို့ ဗမာလို ကနုလက်နဲ့ မကဘူး။ သူတို့က ငှက်ကြီးတွေ ပျံတာလည်း ပါသွားရော။ သူတို့ ယဉ်ကျေးမှုက တော်တော်ကောင်း တာပဲ။ ကချင်မနောအကတွေ၊ ချင်းက အမဲလိုက် အကတွေ၊ ဆိုတော့ ကျွန်တော်တို့က ပြည်ထောင်စုကြီး လုပ်ချင်တာ၊ ကျွန်တော်တို့က တစ်ယောက်အကြောင်း တစ်ယောက် မသိတာဆိုတော့ သိအောင်လုပ်ကြရမယ် ဆိုတာကို ကျွန်တော် ဉာဏ်အလင်း ပွင့်သွားတယ်။ ဒီပြည်ထောင်စု စုစည်းမှုဟာ တစ်ယောက်အကြောင်း တစ်ယောက်သိဖို့ ဆိုတာ ကြိုးစားရဦးမှာပါ။ ကျွန်တော်တို့ ကဗျာဆရာတွေ က အဲဒီ ပြည်ထောင်စုကြီး ဖြစ်လာအောင် ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ယောက်အကြောင်း တစ်ယောက် သိအောင် ဆွဲဆောင်ဖို့ အချိန်ကျပြီလို့ ပြောချင်ပါတယ်။

အစီအစဉ်မှူး ။ ။ အခုလို ပညာ၊ သဘာ၊ မေတ္တာ

တရားတွေနဲ့ မီးမောင်းထိုးပြတဲ့ ဆရာကြီးကို ကျေးဇူးတင်ပါတယ်။ ဆက်လက်ပြီးတော့ ဆရာမုံရွာအောင်ရှင်ကလည်း ဆရာ့ရဲ့ ရှုထောင့်ကနေ ပြောပြပေးပါဦး။

မုံရွာအောင်ရှင် ။ ။ ဆရာဦးကိုလေးက တိုင်းရင်းသား

ကဗျာတွေ ရွတ်ပြီး ရှင်းသွားတာ သဘောကျပါတယ်။ ကျွန်တော်ကတော့ လွတ်လပ်ရေးရပြီး ကာလနောက်ပိုင်းတွေမှာ ဖြတ်သန်းရတဲ့ စစ်နဲ့ ငြိမ်းချမ်း ရေးဆိုတဲ့ ဇာတ်လမ်းရှည်ကြီး၊ ဒီဇာတ်လမ်းကြီးဟာ ခုထက်ထိ အခန်းဆက် ဇာတ်လမ်းရှည်ကြီး ရှိနေတုန်းပဲ။ ကျွန်တော်တို့နိုင်ငံမှာ တခြားနိုင်ငံနဲ့ မတူတဲ့ ထူးခြားချက်က ကျွန်တော်တို့က တိုင်းရင်းသားတွေအကြောင်း ပြောကြ မယ်၊ ကိုယ့်တိုင်းရင်းသား မျိုးနွယ်စုအကြောင်း ပြောကြ မယ်ဆိုရင် အဲဒါတစ်ခုတည်းနဲ့ မပြီးတော့ဘူး။ ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခအကြောင်း ပါလာတယ်။ ငြိမ်းချမ်း ရေးအကြောင်းတွေ ပါလာတယ်။ တစ်စုံဖြစ်သွားတယ်။

တစ်ဖက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတို့၊ ငြိမ်းချမ်းရေးတို့၊ ဒီမိုကရေစီဖက်ဒရယ်ထူထောင်ရေးတို့ ဒါလည်း တစ်စုံပဲ။ လက်နက်ကိုင် ပဋိပက္ခ၊ ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းမျိုးနွယ်စုတွေအကြောင်း ပြောတဲ့အခါကျတော့ စောစောက ပြောသလိုပဲ စာပေအနုပညာအကြောင်းတွေ လည်း ပါလာတယ်။ ဘာကြောင့် ပါလာသလဲဆိုတော့ ကျွန်တော်တို့က ဇာတ်လမ်းရှည်ကြီးထဲမှာ ကျင်လည်ကြ ရတာကိုး။ ကျွန်တော် မှတ်မိပါတယ်။ ဆရာ မြို့မငြိမ်းရေးတဲ့ ငြိမ်းချမ်းရေးသည် ပျားသကာဆိုတဲ့ သီချင်းတွေ။ သီချင်းရေး ဆရာ ရုပ်ရှင်မင်းသား ကိုမြတ်လေးရေးတဲ့ ငြိမ်းချမ်းရေး သည် အပေါင်းလက္ခဏာ သီချင်းတွေ။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့လည်း ပန်းတိုင်းပွင့်ပါစေ၊ ရုပ်ရှင်အနေနဲ့ဆို ပင်လုံထိပ်ထားဦးတို့လို၊ ဒါတွေက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ တကယ့်နာမည်ကြီးခဲ့တဲ့ ကျွန်တော်တို့ လူငယ် ဘဝက အလွန်စွဲမက်ခဲ့တဲ့ အနုပညာလက်ရာတွေပါပဲ။

အခု ဒီဘက်နောက်ပိုင်းကျတော့ မနေ့တစ်နေ့ကပဲ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့တဲ့ သွေးချင်းတို့ရဲ့ ပွဲတော်လို ဟာမျိုး။ ဒါတွေဟာ တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ စာပေ၊ အနုပညာနဲ့ ယဉ်ကျေးမှုတွေကို တစ်ဖက်က ဖော်ထုတ် သလိုပဲ အဲဒါနဲ့ တစ်ဆက်တည်း တစ်ဖက်ကလည်းပဲ ငြိမ်းချမ်းရေးကို ရအောင်လုပ်ကြရမယ်။ ဒီနှစ်ခုဟာ ဆက်စပ်နေတဲ့ အခါကျတော့ ဒီနှစ်ခုစလုံးကိုပဲ အဓိက ထားပြီး ဆွေးနွေးကြရတာ ဖြစ်ပါတယ်။

နောက်တစ်ခါ ထပ်ပြီးတော့ ကျွန်တော်သတိထားမိ တာရှိတယ်။ ဒီကနေ့ ကျွန်တော်တို့က ငြိမ်းချမ်းရေး အကြောင်း ပြောတယ်။ စစ်ပွဲတွေအကြောင်း ပြောတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောဖူးတယ်။ စစ်ဆိုတာ ငြိမ်းချမ်းရေး ကြိုးဝိုင်းထဲမှာ အသတ်ခံလိုက်ရတဲ့ သားကောင်လိုပဲလို့ ပြောဖူးတယ်။ အဲဒါလည်း အမှန်ပါပဲ။ တကယ်တမ်းကျတော့ စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုး ရေးနဲ့ သာယာဝပြောရေးကို အဟောသိကံဖြစ်အောင် လုပ်နေတာလို့ ပြောလို့ရပါတယ်။

အဲဒါကြောင့် ကျွန်တော့်မိတ်ဆွေတစ်ယောက် တစ်ခါ တုန်းကပြောသလို သူက ငြိမ်းချမ်းရေးဆွေးနွေးပွဲ နိုင်ငံခြား ခရီးစဉ်လေ့လာရေးခရီးသွားရင်း ပိုစတာတစ်ခု မှာ ဘာတွေ့ခဲ့သလဲဆိုရင် စစ်ပွဲကိုအနိုင်တိုက်တဲ့ ဗိုလ်ချုပ်တွေ တို့မလိုချင်ဘူးတဲ့။ ငြိမ်းချမ်းရေးကို အနိုင်တိုက်တဲ့ဗိုလ်ချုပ်တွေပဲ တို့လိုချင်တယ်ဆိုတဲ့ ဆောင်ပုဒ်လေးတစ်ခု ကြားလာရတယ်။ သူ့ရင်ထဲမှာ လည်း ထိခိုက်လာရတယ်။ အခုလည်း အဲဒီလိုပါပဲ။ ကျွန်တော်တို့နိုင်ငံမှာ စစ်ပွဲကိုအနိုင် တိုက်တဲ့လူတွေထက် ငြိမ်းချမ်းရေးကို အနိုင်တိုက်တဲ့ သတ္တိရှိတဲ့၊ အမြော်အမြင် ကြီးတဲ့၊ ကိုယ်ကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ ချင့်ချိန် နိုင်တဲ့ ဗိုလ်ချုပ်တွေလိုတယ်။

ထို့အတူပဲ ဒီစစ်ပွဲတွေကိုရပ်အောင် လုပ်နိုင်တဲ့၊ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်တဲ့ ပြည်သူလူထုနဲ့ တိုင်းရင်း သားမျိုးနွယ်စုတွေအားလုံး လိုတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကျွန်တော် စွဲမက်တဲ့ ကဗျာတစ်ပုဒ်ရွတ်ချင်ပါတယ်။ ကျွန်တော့်ကဗျာ မဟုတ်ပါဘူး။ ကဗျာရေးတာက လူငယ်တစ်ယောက်ဖြစ်တဲ့ မောင်မြတ်သူပါ။ သူ့ကဗျာခေါင်းစဉ်က ပြည်တွင်းစစ်ကြီး ပြီးသွားပြီ။ ပြည်တွင်းစစ်ပြီးသွားရင် ပြည်တွင်းစစ်ကာလ အတွင်းမှာ ရုန်းကန်ကြရတဲ့၊ ခံစားကြရတဲ့ ကလေး တစ်ယောက်ရဲ့ ခံစားချက်ကို သူကရေးထားတာပါပဲ။ အဲဒါလေးကို ကျွန်တော်ရွတ်ချင်ပါတယ်။

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

အိမ်ကို ပြန်လာမယ်

ကျည်ဆန်တွေကို အရည်ကျိုပြီး

ဘုရားပန်းအိုးလုပ်မယ်။

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ငါတို့ သေနတ်တွေ

ထွန်သွားတွေဖြစ်နေမှာ

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ငါတို့ ဓားမြှောင်တွေ

တူတွေအသွင်ပြောင်းသွားမှာ

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ငါ့ယူနီဖောင်းအဟောင်းမှာ

စက်သုတ်ဆီနဲ့ ပေနေပါလိမ့်မယ်

ငါ့ အိပ်မက်တွေကတော့

ကြောက်လန့်ခြင်းတွေ ဝေးပြီး

သန့်စင်နေလိမ့်မယ်

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ကွဲကွာနေတဲ့ ငါတို့ အမျိုးတွေ

ပြန်ဆုံစည်းကြမယ်

စစ်ချီတေးတွေကို သရော်လို့

ခေါင်ရည်သောက်ပွဲ ကျင်းပမယ်

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ရန်ကုန်ဟာ ပါရီထက် သာလိမ့်မယ်

ငါတို့ရဲ့ ပျော်ရွှင်မှုတွေနဲ့

ငါတို့ရဲ့ ယဉ်ကျေးမှုတွေနဲ့

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ငါ့အမေရဲ့ လက်မောင်းပေါ်မှာ

ခေါင်းအုံးပြီး

ပြည်တွင်းစစ်ဆိုတာ မရှိကြောင်း ကဗျာရွတ်မယ်

ပြည်တွင်းစစ်ကြီး ပြီးသွားရင်

ဒုက္ခသည်စခန်းနေရာမှာ

ပန်းခင်းတွေ ပွင့်လာလိမ့်မယ်။

ဒီလောက်ပါပဲ၊ ကျေးဇူးတင်ပါတယ်။

အစီအစဉ်မှူး ။ ။ ဟုတ်ကဲ့ပါ ဆရာ။ ငြိမ်းချမ်းရေး

ကို အနိုင်တိုက်နိုင်တဲ့ ဗိုလ်ချုပ် ကြီး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဆရာ့ကိုလည်း ကျေးဇူးတင်ပါတယ်။ အခုတစ်ခါ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ခံစားချက်ကို ကြားချင်ပါတယ်။မောင်စိန်ဝင်း(ပုတီးကုန်း) ။ ။ ကျွန်တော် ဒီနေ့

စဉ်းစားထား တာက တော့ ကျွန်တော်ရေးဖြစ်တဲ့ကဗျာလေး နှစ်ပုဒ်ပါ။ ဒါပေ မယ့် ပြောရမယ်ဆိုရင် ဒီခေါင်းစဉ်နဲ့ လျော်ညီတဲ့ ကျွန်တော်ရေးဖြစ်တဲ့ ကဗျာနှစ်ပုဒ်ကိုပြောဖို့ စဉ်းစား ပါတယ်။ ပထမတစ်ပုဒ်ရေးပေးဖို့ သန္ဓေတည်တာကတော့ ကျွန်တော်တို့လွတ်လပ်ရေးကျောက်တိုင်မှာ ရေးထားတဲ့ သစ္စာဓိဋ္ဌာန် (၉) ချက်ရှိပါတယ်။ အဲဒီ (၉) ချက်ထဲက ၃ ပိုဒ်မှာ နံပါတ်တစ်အရေးကြီးဆုံးက ဘာရေးထားသလဲ ဆိုတော့ လွတ်လပ်ပြီးရင် နိုင်ငံတော်ကို ဗိုလ်ချုပ် အောင်ဆန်းလမ်းစဉ်အတိုင်း အုပ်ချုပ်မယ်လို့ ရေးထား တယ်။ အတိအကျတော့မဟုတ်ဘူး။ အဲဒီအတိုင်းပဲ ရေးထားတယ်။ နံပါတ် (၄) မှာတော့ ဗိုလ်ချုပ်ချမှတ်ခဲ့ တဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး မပျောက်ပျက် အောင် ထိန်းသိမ်းပါမယ်လို့ ရေးထားပါတယ်။

နံပါတ်(၅)က တစ်နိုင်ငံလုံးမှာရှိတဲ့ လူမျိုးဘာသာ မရွေး တစ်ပြေးညီ ခံစားခွင့်တွေရအောင် လုပ်မယ်လို့ ရေးထားတယ်။ ကျွန်တော်စဉ်းစားမိတာက ပြည်တွင်း စစ်တွေ ဘာလို့ဖြစ်နေသလဲဆိုတော့ အဲဒီသုံးချက်ကို အကောင်အထည် မဖော်နိုင်လို့လို့ ကျွန်တော်စပြီး တွေးမိ ပါတယ်။ အဲဒီ သုံးချက်အတိုင်းသာ အကောင်အထည် ဖော်နိုင်ရင် ကျွန်တော်တို့ ပြည်တွင်းစစ်တွေ ရှိမှာမဟုတ် ဘူးလို့ ကျွန်တော်စပြီး တွေးမိပါတယ်။

ကျွန်တော်နောက်ဆက်တွဲ သွားသိတာက ကျွန်တော် လည်း အဲဒါကိုဖတ်ပြီးတော့ ဗိုလ်ချုပ်လမ်းစဉ်က ဘာလဲ ဆိုတာ မသိဘူးဗျ။ မသိဘူး။ ဖတ်ရင်းဖတ်ရင်း နောက်တော့ ဘာသွားတွေ့လိုက်လဲဆိုတော့ ခုနှစ်တော့ ကျွန်တော် မှတ် မိဘူး။ နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောသွား တဲ့စကားဗျ။ အများကြီးပါ။ အဲဒီထဲကနေ ဗိုလ်ချုပ်လမ်းစဉ် ဆိုပြီး ပြောသွားတဲ့စကားဗျ။ အဲဒီထဲကနေ ဗိုလ်ချုပ်လမ်းစဉ် ဆိုတာကို ပြောသွားတယ်။ “ဗိုလ်ချုပ်လမ်းစဉ်ဆိုတာ ရှင်းရှင်းလေးပဲတဲ့။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်နဲ့ လူမျိုးအတွက်ပဲကြည့်တယ်။ အဲဒီတိုင်းပြည်နဲ့ လူမျိုး အတွက် ကောင်းတဲ့လမ်းစဉ်ကို စဉ်းစားပြီးချမှတ်တယ်။ အဲဒါက ဗိုလ်ချုပ်လမ်းစဉ်ပဲ။ သူ့ရဲ့အားသာချက်က ဒီနေ့ ဒီလမ်းစဉ်ကောင်းတယ်လို့ သတ်မှတ်ပေမယ့် မနက်ဖြန် ဒီထက်ကောင်းတဲ့လမ်းစဉ်ရှိမယ်ဆိုရင် ပြုပြင်ပြောင်းလဲ ရဲတဲ့သတ္တိ ဗိုလ်ချုပ်မှာရှိတယ်တဲ့။ အဲဒီတော့ နိုင်ငံအတွက်၊ လူမျိုးအတွက် ဘာပိုကောင်းသလဲ၊ ကောင်းတာကို လုပ်ချင် စိတ်နဲ့ ပြောင်းလဲချင်စိတ်ရှိတဲ့ဟာ အဲဒါဗိုလ်ချုပ်လမ်းစဉ် ပဲတဲ့။” အဲဒီတော့ ပြန်ချုပ်လိုက်မယ်ဆိုရင် ဘာဖြစ်လို့ ပြည်တွင်းစစ်တွေ ဖြစ်နေတာလဲ၊ ဘာလို့တိုင်းရင်းသား မညီညွတ်တာလဲဆိုရင် အဲဒီ သုံးချက် ဗိုလ်ချုပ်လမ်းစဉ်နဲ့ မပြောင်းရဲ၊ မလဲရဲဘူး။ အဲဒါတွေကနေ ဆက်ပြီးတွေးလိုက် တော့ အဲဒါတွေရဲ့အချုပ်က အကြောက်တရားပဲ။ ကျွန်တော် တို့ ကြောက်တယ်ဗျ။

ကြောက်တယ်ဆိုတာက ကျွန်တော်တို့ပြည်သူ ကြောက်တာနဲ့မတူဘူး။ အာဏာဆုပ်ကိုင်ထားတဲ့သူတွေရဲ့ အကြောက်တရားက နှစ်ချက်တည်းပဲဗျ။ အာဏာကို လက်မလွှတ်နိုင်တာနဲ့ ရထားတဲ့စည်းစိမ်ဥစ္စာကို လက်မလွှတ်နိုင်တဲ့အကြောက်တရား။ အဲဒီအကြောက် တရားနှစ်ချက်က ခုနက သုံးချက်ကို မလုပ်ဖြစ်အောင် လွှမ်းမိုးထားတယ်လို့ ကျွန်တော် အဲဒီလို ယုံကြည်သွား တယ်။ အဲဒီမှာ ကျွန်တော်ကဗျာမရေးဖြစ်သေးဘူး။

ကျွန်တော်ဟောပြောပွဲသွားတော့ မြစ်ကြီးနားက ဒုက္ခသည်စခန်းတွေရောက်တယ်။ အဲဒီမှာ သေတော့မယ့် ကလေးလေးနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးတယ်။ မိတ်ဆက်ပေးတယ်ဆိုတာ သူက Camp တာဝန်ခံက ရှင်းပြ တယ်။ ဒီကလေးလေးက စစ်ဖြစ်တဲ့ရွာက တစ်ရွာလုံး မီးလောင်သွားတယ်။ အဲဒီရွာထိပ်က ကျောင်းလည်းပျက် သွားတယ်။ ကျောင်းထဲကပြေးထွက်လာတဲ့ကလေးကို ရွာထဲကပြေးထွက်လာတဲ့ မိဘက ပွေ့ချီပြီးတော့ တောထဲ ကိုထွက်ပြေးတာ လမ်းမှာ ဗုံးကိုနင်းမိတယ်ဗျ။ ဗုံးကိုနင်း မိတော့ အဲဒီမိသားစုအကုန်သေသွားတယ်။ ကလေးလေးက အပေါ်ကိုလွင့်ပြီး အောက်ကရေထဲကို ပြန်ကျတယ်၊ မသေ ဘူး။ အခုအဲဒီကလေးလေးက သေတော့မယ်။ အဲဒီကလေး လေးအကြောင်းကို ပြောပြတယ်၊ ပြောပြတော့ ကျွန်တော် တို့၊ ဆရာဇော်ဂျီတို့ ဖော်မြူလာအရဆိုရင် ရင်ထဲမှာ ပတ်ဝန်းကျင်ကပေးတဲ့ ဝေဒနာစလာပြီ။

ကဗျာဆရာတစ်ယောက်အနေနဲ့ ကဗျာရေးချင်လာပြီ။ အဲဒီမှာ နောက်ဆုံး ကျွန်တော်တွေးမိတာက အဲဒီကလေး လေး သေခါနီးမှာ ဘာတွေးမလဲ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ဆိုရင် ဇော (၇)တန်တွေ ဆိုက်တဲ့အချိန်ပါ။ သူ့မှာတွေး တာတွေ ရှိလာလိမ့်မယ်။ အဲဒီတွေးတာက ဘယ်လိုတွေး မလဲလို့ စဉ်းစားရင်း အဲဒီကလေးတွေးတဲ့ အတွေးက ကျွန်တော်ပြောတဲ့ အကြောက်တရား၊ အဲဒါနဲ့ပြန်ချိတ်ပြီး တော့ ကျွန်တော်ကဗျာတစ်ပုဒ်ရပါတယ်။ အဲဒီကဗျာလေး ကျွန်တော်ရွတ်ပြပါရစေ။

ကျိန်စာသင့် မြေစာပင်များ

( ၁ )

ဒုက္ခသည် စခန်းမှာ

ဝေဒနာနဲ့မိန်းမော မေ့မြော အဆိပ်တက်

အိပ်မက်တွေလို ပြန်မြင်သည်

( ၂ )

မီးလောင်ပြာကျ ၊ ရွာက စာသင်ကျောင်း

အလောင်းတွေ ပြန့်ကျဲ လင်းတဝဲလို့

ရွာထဲ စစ်တလင်း ဖြစ်ခဲ့ပုံ….

( ၃ )

ခေါင်းလောင်းသံအစား သေနတ်သံတွေ ကြားရ

ပန်းနံ့ကမသင်း နှင်းနံ့ကမဝေ

ယမ်းနံ့တွေကြား ပြေးရင်းလွှားရင်း

အသက်လုခဲ့ရပုံ

( ၄ )

အော်သံ ဟစ်သံ ကျည်ဆန်တရွှီရွှီ

ခေါင်းပေါ်မြည်ဝဲ သွေးအိုင်ထဲမှာ

လဲကျကျန်နေ အမေနဲ့ညီမလေး

ပြေးမပွေ့သာ အဖေ ဘယ်မှာလဲ

တစ်ယောက်ထဲ အထီးကျန်

ဒဏ်ရာဗရပွနဲ့

ဒုက္ခသည်စခန်း ရောက်ခဲ့ရပုံ ...

( ၅ )

နောင်ဘ၀ အဆက်ဆက်

“ ကျောက်စိမ်း” နဲ့ “ သစ် ” မထွက်တဲ့ ဒေသ၌သာ

လူဖြစ်ခွင့်ရလာအောင် စောင်မတော်မူစေလို

အို...... အို...... အို ...... ဘုရားသခင် ။

ကျွန်တော်ပြောချင်တဲ့ မက်ချ်ဆေ့က အဲဒီအကြောက် တရားပါပဲ။ အဲဒီ ကျောက်စိမ်းနဲ့ သစ်တွေကို လက်မလွှတ် ရဲတဲ့ အကြောက်တရားကြောင့် အဲဒီနယ်မှာ ပြည်တွင်းစစ် တွေ ဖြစ်တယ်ဆိုတဲ့ ကောက်ချက်မျိုး ကျွန်တော်ချချင် ပါတယ်။ ဒါက ပထမ ကျွန်တော်ရွတ်ချင်တဲ့ကဗျာပါ။

အစီအစဉ်မှူး။ ။ ဆရာပြောသလို အကြောက်

တရားတွေ ကင်းဝေးပါစေလို့ ကျွန်မဆုတောင်းရင်း ဆရာ့ကို ကျေးဇူးတင်ပါတယ်ရှင်။ ဆရာ မောင်လင်းရိပ်ရဲ့ အတွေးအမြင်လေးတွေကိုလည်း ကျွန်မတို့ ကြားပါရစေရှင်။

ဆရာမောင်လင်းရိပ်။ ။ ပြည်ထောင်စု ငြိမ်းချမ်းရေး

အကြောင်းကို စဉ်းစားတဲ့အခါ မှာ ကျွန်တော်တို့နိုင်ငံဟာ နှစ်(၇၀)ကျော် ညီအစ်ကို အချင်းချင်း ပဋိပက္ခတွေဖြစ်တဲ့အခါမှာ ငြိမ်းချမ်းတဲ့နည်းနဲ့ မဖြေရှင်းနိုင်ခဲ့ပဲ သူတစ်လူ ငါတစ်မင်း လက်နက်တွေ ကိုင်ပြီးတော့ ကျွန်တော်တို့ စစ်ပွဲတွေကို ဖြတ်သန်းလာရတဲ့ နိုင်ငံဆိုတော့ ကျွန်တော်တို့က ပြည်ထောင်စုအကြောင်း ပဲပြောပြော၊ ငြိမ်းချမ်းရေးအကြောင်းပဲပြောပြော ကျွန်တော့် စိတ်ထဲမှာ စစ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ လူသားတွေရဲ့ လက်နက်နဲ့ ဖက်ပြိုင်မှုကို ရှည်ရှည်လျားလျားဖွဲ့ထားတဲ့ တော့စတွိုင်းရဲ့ဝတ္ထု၊ နောက်တစ်ခါ လက်နက်နဲ့ လူဆိုတဲ့ ဘားနပ်ရှောရဲ့ ပြဇာတ်ကိုရော ဒီအစုံအစုံတွေကို သွားပြီး တော့ သတိရတယ်။

နောက်ဆုံးကျတော့ ဘယ်မှာသွားပြီး နိဂုံးဆိုက်သလဲ ဆိုရင် ဆရာဇော်ဂျီရဲ့ စစ်နဲ့ လုလင်ဆိုတဲ့ ကဗျာမှာ သွားပြီး တော့ နိဂုံးဆိုက်တယ်။ အဲဒီကဗျာလေးကိုပဲ ကျွန်တော် ပြည်ထောင်စုငြိမ်းချမ်းရေးအကြောင်း ဆွေးနွေးကြတဲ့ အခါမှာ အရင်ဆုံး ကျွန်တော်ဖတ်ပြချင်ပါတယ်။ ဆရာ ဇော်ဂျီရဲ့ စစ်နဲ့ လုလင်ဆိုတဲ့ ကဗျာပါ။

စစ်နဲ့ လုလင်

“လွတ်လပ်ရေးဟု

ရေးဘိတ်ကုန်စင် ချင်းတွင်းဝင်သည်

လုလင်တိုက်ပွဲ ဆိုင်ခဲ့၏

တော်လှန်ရေးဟု

ရန်ကြွေးဆပ်ချင် တောခိုဝင်သည်

လုလင်သေနတ်ကိုင်ခဲ့၏

ပွဲတစ်ခုတွင် တိုက်ကင်းပြင်သော်

အရှင်လှလှ ရန်ဓားပြအား

လက်ရဖမ်းလေ မှာလိုက်ချေလည်း

သေမင်းသခင် သွေးနတ်ဝင်သည်

လုလင်မထိန်းနိုင်တော့ပြီ။

ဒါကတော့ လက်နက်တွေကိုင်ခဲ့တဲ့၊ ကိုင်တဲ့အလေ့ ရှိလာတဲ့အခါမှာ လူတွေရဲ့စိတ်ဓာတ်ကို ဘယ်လိုပြောင်း သွားသလဲဆိုတာကို ဆရာဇော်ဂျီ သိမ်သိမ်မွေ့မွေ့ရေး ခဲ့တဲ့ ကဗျာပါ။ ဒီကဗျာဟာ ကျွန်တော်တို့ ဒီနေ့အထိ စစ်နဲ့ ဖက်ပြိုင်နေကြတဲ့ ကျွန်တော်တို့ အမျိုးသားနိုင်ငံ အတွင်းက ညီနောင်သားချင်းတွေအတွက် ဆင်ခြင်မှု တစ်စုံတစ်ရာ၊ ဖြေရှင်းဖို့ နည်းလမ်းတစ်စုံတစ်ရာရမယ်လို့ ကျွန်တော်ကယူဆလို့ ဒီကဗျာကို အရင်ဆုံး ရှေ့တင် ပြီးတော့ ဖတ်ပြလိုက်တာပါ။

ကျွန်တော်တို့ ပြည်ထောင်စုဆိုတာဟာ ကျွန်တော့် စိတ်ထဲမှာတော့ ကဗျာဆရာတစ်ယောက်ရဲ့ စိတ်ထဲမှာ တော့ သက်တံခုံးကြီးတစ်ခုလိုပါပဲ။ အရောင်မျိုးစုံနဲ့လှနေ တဲ့ စုစုစည်းစည်းဆိုရင် လှနေမယ့် ဒါဟာ ကျွန်တော် တို့ရဲ့ နိုင်ငံတော်ဖြစ်ပါတယ်။ ဒါပေမယ့် ကဗျာဆရာ ဆိုတာကတော့ တစာစာအော်နေရုံကလွဲပြီးတော့ ဘာမှမတတ်နိုင်ဘူးလို့ ကျွန်တော်ခံစားမိတဲ့တစ်နေ့မှာ ကျွန်တော် “အတူတူ အမျှမျှ” ဆိုတဲ့ ကဗျာတစ်ပုဒ် ရေးဖြစ်ပါတယ်။

အတူတူအမျှမျှဆိုတာ အဆင့်အတန်းအတူတူ အခွင့်အလမ်းအမျှအမျှပေါ့ခင်ဗျာ။ တကယ်လို့ ကျွန်တော် တို့ အဆင့်အတန်းတွေ တူကြမယ်၊ ကျွန်တော်တို့ရဲ့ အခွင့် အလမ်း ခံစားချက်တွေ မျှတကြမယ်ဆိုရင် ကျွန်တော်တို့ ပဋိပက္ခလည်းဖြစ်စရာ မရှိတော့ပါဘူး။ အဲဒီတော့ ကျွန်တော်အတူတူအမျှမျှဆိုတဲ့ ကဗျာကို ဖတ်ပြပါရစေ။

အတူတူ အမျှမျှ

ကိုယ်ဟာ ပုစဉ်းရင်ကွဲတစ်ကောင်ပဲမို့

ရင်ကွဲအောင် တဒီဒီအော်မြည်ကာ ကိုယ့်အလုပ်ပဲမို့

မိုး၀ကောင်းကင်က ခပ်ကွေးကွေး ကျလာဟန်

သက်တံခြေထောက်ကြီးတစ်ချောင်းဟာ

ကိုယ်နဲ့ဘာမှ မသက်ဆိုင်ဘူးလို့

အဲဒီလိုဆုံးဖြတ်လိုက်တဲ့ အခိုက်မှာပဲ

ငါ့ခြေတစ်ဖက်ဟာ

ခရမ်းရောင်တစ်ဖက်က မဲနယ်ပြာရောင်တစ်ဖက်က အညိုရောင် တုန်ခတ်နေတဲ့ ငါ့အတွင်းတောင်ပံ

တစ်ထပ်ဟာ

လိမ္မော်ရောင် ငြိမ်သက်မရတဲ့ ဥမှင်နှစ်ချောင်းက

ဘာအဘိဓမ္မာကို စမ်းမိသလဲ

တောင်တွေက မလဲပေမယ့်

မြက်တွေက ပြတ်နေလိုက်တာ

အတုံးအရုံးကျိုး‌ကြေနေတဲ့ မြစ်ဖျားအစွန်းတစ်ဖက်မှာ

ပန်းဝတ်ရည်တစ်စက်

ငါတို့ဟာ မုန်တိုင်းနဲ့တည့်တည့်

သက်ဆိုင်ခဲ့ရတဲ့ အတွက်

ရောင်စုံသက်တံကြီးရဲ့ဘက်မှာ ရောင်စုံမနောတိုင်တွေ

စိုက်ခွင့်ရှိတယ်

စစ်ပွဲကင်းဆိတ်ခြင်း ကပွဲကြီးတစ်ပွဲကိုလည်း

အတူတူ အမျှမျှ

စိုက်ကြရလိမ့်မယ်။

အစီအစဉ်မှူး။ ။ ဟုတ်ကဲ့။ ကျွန်မတို့တွေ

အားလုံး ငြိမ်းချမ်းသာယာရှိ ကြပါစေရှင်။

မြန်မာ့အလင်း