ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးသို့ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ တက်ရောက်ရန်အတွက် ငြိမ်းချမ်းရေးကော်မရှင် ဖိတ်ကြား

ရန်ကုန် ဒီဇင်ဘာ ၂၈


လာမည့် ၂၀၁၈ ဇန်နဝါရီ လကုန်တွင် ပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ - (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးသို့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ တက်ရောက်နိုင်ရန် အဆိုပြုဖိတ်ကြားခဲ့ပြီး၊ ညီလာခံတက်ရောက်ရန်အတွက် စာဖြင့် တရားဝင် ဖိတ်ကြားမှုကိုလည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 

ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို ့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးတွင် ကျင်းပသည့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ (PC) တို့၏ တွေ့ဆုံ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက အဆိုပြု ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

 

ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲတွင် နာဂဒေသ တည်ငြိမ်အေးချမ် သာယာရေးနှင့် ဖွံ့ဖြိုးရေး ကိစ္စရပ်များ ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ လာမည့် ၂၀၁၈ ဇန်နဝါရီ နောက်ဆုံးပတ်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးသို့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီ အဖွဲ့အနေဖြင့် တက်ရောက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီသည် ၂၀၁၆ ဇူလိုင် ၂ ရက်နေ့က ၂၁ ရာစု ပင်လုံအကြို ပြင်ဆင်ရေးကော်မတီနှင့် တွေ့ဆုံခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံခြင်း ဖြစ်သည်။

 

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး ဦးလှမောင်ရွှေက “ကျွန်တော်တို့ဘက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) နဲ့ ပတ်သက်ပြီး စဉ်းစားပေးဖို့ ပြောတယ်။ သမ္မတဦးသိန်းစိန် လက်ထက်က လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို သူတို့တက်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ ပထမ အစည်းအဝေးနဲ့ ဒုတိယအစည်းအဝေးကိုတော့ သူတို့ တက်ရောက်နိုင်ခြင်း မရှိဘူး။ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေး တက်ရောက်ဖို့ အကြို ဖိတ်ကြားတယ်။ တရားဝင်စာနဲ့လည်း ဖိတ်ကြားမယ်လို့ ကျွန်တော်တို့ဘက်က အဆိုပြုခဲ့ပါတယ်။ ဒါကြောင့် ၂၁ ပင်လုံ တတိယ အစည်းအဝေးကို နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီအနေနဲ့ တက်နိုင်မယ်လို့ ကျွန်တော် မျှော်လင့်တယ်” ဟုပြောသည်။

 

ငြိမ်းချမ်းရေး ကော်မရှင်နှင့် တွေ့ဆုံရသည့် အကြောင်းရင်းကို အဆိုပါအဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီအဖွဲ့ဝင် ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ အစိုးရသစ်နဲ့ မတွေ့ဖြစ်ဘူး။ ရန်ကုန်မရောက်တာ ၁ နှစ်ကျော်ကျော်ရှိပြီ။ ဒါကြောင့် ငြိမ်းချမ်းရေး ကော်မရှင်က တွေ့ဖို့ လာခဲ့ပါဆိုပြီး ဒီနေ့ ရက်ချိန်းပေးတယ်။ တွေ့ဆုံဖြစ်တဲ့ အကြောင်းရင်းက ကျွန်တော်တို့ ဒေသဖွံ့ဖြိုး တည်ငြိမ် အေးချမ်းချင်တယ်။ နောက် တစ်ဖက်နဲ့ တစ်ဖက်က ဆက်ဆံမှုတွေ ယုံကြည်စိတ်ချရတာပေါ့။ နယ်မြေ အခြေအနေက ကောင်းပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ ကျွန်တော်တို့က အမြဲတမ်းတွေ့ဆုံဖို့ လိုအပ်လို့ လာတွေ့ခြင်း ဖြစ်ပါတယ်” ဟုပြောသည်။

 

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီသည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) တွင် လက်မှတ် ရေးထိုးထားခြင်း မရှိသေးသော်လည်း ၂၀၁၂ ဧပြီတွင် အစိုးရနှင့် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ သဘောတူညီမှု လက်မှတ်ရေးထိုးထားပြီး တပ်မတော်နှင့် ၂၀ဝဝ ခုနှစ် နောက်ပိုင်းမှစ၍ ထိတွေ့မှုများ မရှိခဲ့ကြောင်း သိရသည်။

 

NCA စာချုပ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့်အပေါ် ဦးကျော်ဝမ်းစိန်က “ကျွန်တော်တို့ နာဂတွေ NCA လက်မှတ် မထိုးနိုင်တာက ကျွန်တော်တို့ ဒေသနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံရေး အခြေအနေကိုက လက်မှတ်ထိုးဖို့ အခြေအနေမပေးလို့ မထိုးနိုင်ရခြင်း ဖြစ်ပါတယ်။ ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားတယ်။ နောက် အောက်ခြေအဆင့်မှာလည်း ထိတွေမှုမဖြစ်အောင် ကျွန်တော်တို့က ဆောင်ရွက်ကြပါတယ်။ ဒါကို နိုင်ငံတော်အဆင့် လူကြီးတွေကလည်း သဘော ပေါက်ပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ ဖိတ်ခေါ်နေပါတယ်။ အိန္ဒိယဘက်က နာဂပဲ ဖြစ်ဖြစ်၊ မြန်မာနိုင်ငံထဲက နာဂပဲ ဖြစ်ဖြစ် နာဂလူထုကတော့ ငြိမ်းချမ်းမှုကို လိုချင်ကြ ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းတွေကလည်း ငြိမ်းချမ်းမှုကို လိုချင်ပါတယ် ” ဟုပြောသည်။

 

ယနေ့ ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ အကြံပေးနှင့် အထောက်အကူပြု အဖွဲ့ဝင်များ၊ နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးအန်ကန့်၊ ဗဟိုကောင်စီဝင် ဦးကျော်ဝမ်းစိန်၊ ဦးစောထင် နှင့် ရုံးအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

နာဂ အမျိုးသား ဆိုရှယ်လစ် ကောင်စီ သည် အိန္ဒိယနှင့် မြန်မာနယ်စပ်တွင် ရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး ဥက္ကဋ္ဌ ဦးကက်ပလန်သည် ၂၀၁၇ ဇွန်လဆန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန် သွားကြောင်း သိရှိရသည်။


ရဲခေါင်ညွန့်