ပြည်သူ့ညီညွတ်ရေးဖြင့် ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်ရေးသို့

နေပြည်တော် ၂ ဒီဇင်ဘာ 


သူတစ်ပါး၏ကျွန်ဘဝဆိုသည်မှာ စိတ်ကူးထဲနေရသည်နှင့်ပင် ရွံရှာစက်ဆုပ်ဖွယ်ရာအတိ ဖြစ်ပါ၏။ ဗြိတိသျှအရင်းရှင် နယ်ချဲ့လက်အောက် ကျွန်ဘဝ၊ ဂျပန်ဖက်ဆစ်လက်အောက် ကျွန်ဘဝတို့ကို ဖြတ်သန်းခဲ့ရသော မြန်မာ ပြည်သူလူထု၏ လွတ်လပ်လိုသော အမှီအခိုကင်းလိုသော စိတ်ဓာတ် ပြင်းထန်ကြသည်မှာ အထူးအဆန်းမဟုတ်ဟု ဆိုနိုင်ပါသည်။ 

သူတစ်ပါးကျွန်ဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်း မတရားကျွန်ပြုခံရခြင်းကိုဖြစ်ဖြစ် တွန်းလှန်လိုသည်မှာ လူတို့၏ သဘာဝပဲဖြစ်၏။ လူတစ်ယောက်အဖြစ် မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် သူ၏ဘဝအတွက် အသက်ရှင် ခွင့်၊ သူ၏ အသက်မွေးဝမ်းကျောင်းမှုဘဝကို သူ့ဘာသာ ရွေးချယ်ခွင့်၊ သူယုံကြည်သက်ဝင်ရာကို ယုံကြည်ကိုးကွယ်ခွင့်၊ သူမယုံကြည်ရာကို မယုံကြည်ခွင့်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု မည်သည့်နေရာတွင်မဆို လူချင်းတူတူ သူချင်းမျှမျှ တန်းတူညီမျှရှိခွင့်၊ သူ၏ သဘောဆန္ဒအတိုင်း ပြောဆိုဖွင့်ဟခွင့် အစရှိသည့် အခွင့်အရေးများမှာ လူတစ်ယောက်၏ မွေးရာပါ လူ့အခွင့်အရေးသာ ဖြစ်ပါ၏။ 

မိမိ၏ သဘောဆန္ဒအရ လုပ်ကိုင်နေထိုင် ဖွင့်ဟပြောဆိုမှု တစ်စုံတစ်ရာ သည် သူတစ်ပါးအား မထိခိုက်ရေး၊ မိမိ၏ လူမှုအဖွဲ့အစည်းအား မထိခိုက်ရေး၊ မိမိ လူမှုအဖွဲ့အစည်းက သဘောတူ ချမှတ်ထားသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းနှင့် ဓလေ့ထုံးတမ်းတို့ကို မဆန့်ကျင်ရေးသာ လိုအပ်၏။ 

မိမိယုံကြည်ရာကို ယုံကြည်ခွင့်ရှိသလို သူတစ်ပါးယုံကြည်ရာကို ယုံကြည်ခွင့်ရှိသည်ဆိုတာကို အသိအမှတ်ပြုရန်သာ လိုအပ်၏။ မိမိ၏ယုံကြည်ကိုးကွယ်မှုကို လာရောက်စော်ကားခွင့်မရှိသလို သူတစ်ပါး၏ ယုံကြည်ကိုးကွယ်ခွင့်ကို မစော်ကားရန်သာရှိ၏။ နယ်မြေချဲ့ထွင်အုပ်စိုးရန် ကြိုးပမ်းခဲ့ကြသော အနောက်နိုင်ငံသားများက သည်သို့သော အခြေခံလူ့အခွင့်အရေးကို စတင်ချိုးဖောက်ကြရန် အားထုတ်ခဲ့ကြသည်။ နောက်ပိုင်းတွင် အရှေ့ဘက်က ဂျပန်ကပါ စစ်လက်နက်အင်အား ကြီးမားသည်ထက် ကြီးမားအောင် စစ်အင်အား ချဲ့ထွင်ကြရင်း အရှေ့တစ်လွှားကို ရန်ပြုတိုက်ခိုက် သိမ်းပိုက်ခဲ့ကြသည်။ ဤသည်တို့က မြန်မာနိုင်ငံအပါအဝင် အာရှတစ်လွှား ကျွန်နိုင်ငံများ ပေါ်ထွန်းခဲ့ကြရခြင်း၏ မူလဇာစ်မြစ်ဖြစ်၏။ အရင်းရှင်နယ်ချဲ့စနစ်က လက်နက်အားကိုးဖြင့် အစွမ်းကုန် ရက်စက်ပြင်းထန်လာသည့်အခါ ဖက်ဆစ်စနစ် ဖြစ်လာခဲ့လေသည်။

နယ်ချဲ့တို့က ကိုယ့်ကိုယ်ကိုယ် သခင်ဟု အမည်တပ်ကာ မူလ တိုင်းနိုင်ငံ သားတို့ကို ကျွန်များအဖြစ်ယူဆပြီး နိုင်ထက်ကလူ ပြုကြကုန်၏။ လက်နက် အင်အားကြီးလျှင် မည်သူ့ကိုမဆို ကျွန်ပြုခွင့်ရှိသည်ဟူသော အလွန် စက်ဆုပ်ရွံရှာဖွယ် သဘောထားဖြင့် လူမှုဆက်ဆံရေးစနစ်ကို ဖျက်ဆီးခဲ့ကြ၏။ 

သည်လို နိုင့်ထက်စီးနင်း အမူအကျင့်က ယနေ့ထက်တိုင် မပပျောက်သေးဘဲ အင်အားကြီးသူက အင်အားနည်းသူကို နှိမ့်ချဆက်ဆံလိုသည့် စရိုက်လက္ခဏာတို့ကို ကမ္ဘာတစ်ဝန်း တွေ့နေရဆဲဖြစ်သည်က လွန်စွာ စိတ်ပျက်စရာ ကောင်းလှပါသည်။ သည်သို့သော စနစ်ဆိုးကို တော်လှန်ကာ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေး လွတ်လပ်ခွင့်တို့အတွက် ယနေ့ထက်တိုင် ကမ္ဘာတစ်လွှားတွင် နစ်နာသူတို့ တိုက်ပွဲဝင်နေကြရဆဲဖြစ်၏။ 

အခြေခံ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီရေးကို လူများစုတို့ မရမချင်း လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးပန်းတိုင်သို့ မရောက်သေးသည့်သဘော။ ဒီမိုကရေစီလွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနှင့် တကယ့်ငြိမ်းချမ်းရေးတို့အတွက် အဓိကအကျဆုံးသော အင်အားမှာ ညီညွတ်ရေးအင်အားဟု ဆိုချင်ပါသည်။ မြန်မာတို့ကို ကျွန်ပြုအုပ်စိုးခဲ့ကြသည့် ဗြိတိသျှနယ်ချဲ့သမားနှင့် ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ကာ လွတ်လပ်ရေး အရယူနိုင်ခဲ့သည့် သမိုင်းကို လည်ပြန်ကြည့်လျှင် ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့တပ်မတော် စသည့် နိုင်ငံရေးခေါင်းဆောင်တို့၏ ညီညွတ်မှုအောက်တွင် ပြည်သူတို့ သွေးစည်းခဲ့ကြသည်က အခြေခံအကျဆုံး အင်အားပဲဖြစ်ခဲ့သည် မဟုတ်ပါလား။ 

ယနေ့ တည်ဆောက်ရန် အားထုတ်ကြိုးပမ်းနေသော အမှန်တကယ် ငြိမ်းချမ်းသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု မြန်မာနိုင်ငံကို ပြည်သူတို့၏ သွေးစည်းညီညွတ်မှုအင်အားဖြင့် အမြန်ဆုံး ရယူနိုင်ကြပါစေ သတည်း။

မြန်မာ့အလင်း