ပြည်သူ့မျှော်လင့်ချက်များ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေး

၁၃ နိုင်ဝင်ဘာ

၂၀၂၀ ပြည့်နှစ်၏လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲများ ပြီးစီးခဲ့ပြီ။ မဲစာရင်းများကို ဆက်လက်ရေတွက်နေဆဲဖြစ်သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် နေရာအများစုတွင် အနိုင်ရရှိသည်ဟု ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၏ထုတ်ပြန်ကြေညာချက်များအရ သိနေရပြီ ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုသည့် ပြည်သူ့ကိုယ်စားလှယ်များသည် လွှတ်တော် အသီးသီးတွင် နေရာယူကြတော့မည်။ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တို့က သုံးဦးသော ဒုသမ္မတများကို ရွေးချယ်တင်မြှောက် ကြမည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုလွှတ်တော်က ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၏သမ္မတကို ရွေးချယ် တင်မြှောက်မည်။ နိုင်ငံတော် သမ္မတကဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးအသီးသီး ပါဝင်သော ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းမည် ဖြစ်ပါသည်။

ယင်းတို့အနက်က ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့အတွက် ပြည်ထောင်စုဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံမှ အမည်စာရင်းရယူ ခန့်အပ်မည်။

အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များသည် ဝန်ကြီးဌာန နေရာ အသီးသီးအတွက် သင့်လျော်မည့် ပြည်ထောင်စု ဝန်ကြီးများကို စိစစ်လျာထားနေရော့မည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့အတွက် ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ကို ထိုနည်းလည်း ကောင်းပင် စတင်စိစစ်ပြင်ဆင်နေပေမည်။

ပြည်သူလူထုက မိမိတို့ယုံကြည်အားကိုးသည့် ကိုယ်စားလှယ်များကို ရွေးချယ်ပြီးသည်၏ နောက်မိမိတို့၏ ကိုယ်စားလှယ်များက နိုင်ငံ့အရေးကို တာဝန်ကျေကျေ ထမ်းရွက်ကြရန် မျှော်လင့်နေကြပြီ။

နိုင်ငံရေးပါတီနှင့် ပြည်သူ့ကိုယ်စားလှယ်တို့၏ တာဝန်များက ကြီးလေးမည်။ အဘက်ဘက်က အားနည်းခဲ့ရသော နိုင်ငံတော်ကို ပြန်လည်ထူမတ်နိုင်ရေးအတွက် ထက်မြက်ထိရောက်သော၊ ထိုးဖောက်နိုင်စွမ်းသော ပေါ်လစီအသစ်များ၊ လုပ်ငန်းစဉ်နှင့် နည်းလမ်းများကို ချမှတ်ရေးဆွဲကာ အကောင်အထည်ဖော်ကြရ ပေတော့မည်။ လုပ်ပိုင်ခွင့်များ၊ တာဝန်များကြီးမား လာသည်နှင့်အမျှ ပြည်သူလူထု၏အကျိုးကို အကောင်းဆုံးမည်သို့ ဆောင်ရွက် ကြမည်နည်း ဆိုသည်က ပဓာနအကျဆုံး ဖြစ်လာတော့မည်။ ပြည်သူ့ဘဏ္ဍာငွေများကို ပြည်သူ့အကျိုး အတွက် အထိရောက်ဆုံး ဖြစ်စေရန် မည်သည့်နေရာများတွင် မည်သို့ အသုံးချမည်နည်း ဆိုသည့် အစီအမံများ ခန့်ခွဲမှုများကို စတင်ပြင်ဆင်ရေးဆွဲ ကြရတော့မည် စသည်ဖြင့် ပြည်သူလူထုက လွှတ်တော်ကိုယ်စား လှယ်များပေါ် ယုံကြည်မှုဖြင့် မျှော်လင့်နေကြပြီ။

မြန်မာပြည်သူလူထုသည်ကား များပြားလှသော အတွေ့အကြုံများအရ နိုင်ငံရေးရာ အဆုံးအဖြတ်များ၏ အရေးပါမှုနှင့် နိုင်ငံရေး၏ အရေးပါမှုကို ကောင်းကောင်း နားလည်ကြ သူများ ဖြစ်ပါသည်။ ထိုသို့ နားလည်ပါးနပ်သူများဖြစ်သည်နှင့်အညီ ဒီမိုကရေစီစနစ်၏ တန်ဖိုးနှင့် ရွေးကောက်ပွဲ၏ အရေးပါမှုကို သိရှိစွာ မဲပေးခဲ့ကြသည်။ နိုင်ငံတစ်ဝန်းရှိ မဲရုံများတွင် ကိုဗစ် ဗိုင်းရပ်စ်ရောဂါ၏ အန္တရာယ်ကြားကပင် မိမိမဲ မကျန်ရစ်စေရအောင် သူ့ထက်ငါ မဲပေးကြသူ အများအပြား ဖြစ်ခဲ့ပါသည်။ မဲပေးပြီးသည့်နောက် မိမိတို့ မဲပေးရွေးချယ်ခဲ့သော ရလဒ်များအရ ဖွဲ့စည်းလာမည့် လွှတ်တော်ကိုယ်စားလှယ်အသီးသီးနှင့် အစိုးရ အဖွဲ့တို့ကို မျှော်ကြသည်။

ရွေးကောက်ပွဲမဲစာရင်းများ၏ နောက်ဆုံးအဆင့်ကို ယခု ရက်ပိုင်းတွင် ကြေညာပြီးမည်ဟု သိရပါသည်။ အခြေခံဥပဒေအရ ဖေဖော်ဝါရီတွင် လွှတ်တော်များ ခေါ်ယူကာ မတ်လကုန်တွင် အစိုးရအဖွဲ့ ဖွဲ့မည် ဖြစ်ပါသည်။

မြန်မာပြည်သူတို့၏ အတွေးအယူ၊ အဆုံးအဖြတ်၊ မျှော်လင့် ချက်အားလုံးသည် ရိုးရိုးစင်းစင်းပင်။

မဲပေးမည်။ ရွေးချယ်လိုက်သော ကိုယ်စားလှယ်များကို ယုံကြည်ခဲ့သည့်အတိုင်း မျှော်လင့်မည်။ တိုင်းပြည် ငြိမ်းချမ်းသည်ကို မြင်လိုလှပြီ။ ပြည်ထောင်စုနိုင်ငံစစ်စစ်ဖြစ်စေချင်ပြီ။ တိုင်းရင်း သားများ ချစ်ကြည်စွာ၊ တန်းတူညီစွာ အေးအတူပူအမျှ နေလိုကြသည်။ မိမိတို့မိသားစုများ၏ နေ့စဉ်ဘဝများကို လုံလုံခြုံခြုံ ရှင်သန်ချင်သည်။ စားဝတ်နေရေး ပြေလည်ဖူလုံ၊ နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် တင့်တင့်တယ်တယ် ဖြစ်လိုသည်။ အနာဂတ် မျိုးဆက်များ၏ ဘဝတွေကို စိတ်ချချင်သည်။

ထိုရည်မှန်းချက်များကို မိမိတို့ မဲပေးရွေးချယ်လိုက်သော ကိုယ်စားလှယ်များက ကြိုးစား တာဝန်ယူမည်ဟု ယုံကြည်ကြသည်။ ထိုပြည်သူ့မျှော်မှန်းချက်များ၊ လုပ်ငန်းစဉ်များကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်ပါစေရန်လည်း ဆုမွန်တောင်းနေကြမည်ဟု ယုံကြည်ပါကြောင်း။ ။

မြန်မာ့အလင်း