ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်များနှင့် တွေ့ဆုံ

 

နေပြည်တော် ဇွန် ၁၆

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ရေးရာဆောင် (I - 5) ၌ နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်များနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ဆောင်ရွက်ချက်များကို ပြည်သူများ ပိုမိုသိရှိစေရန် “ပြည်သူ့အသံ-လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ-လွှတ်တော်ဆန္ဒ၊ ပြည်သူ့တို့၏ မျှော်လင့်ချက်- လွှတ်တော်က ဖော်ဆောင်ရွက်” ဟူသော ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်လည်း Social Media များမှ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လွှတ်တော်၏ လုပ်ငန်းဆောင်တာများကို အထောက်အကူပြုရန်အတွက် အမြဲတမ်းကော်မတီ လေးခုအပါအဝင် ကော်မတီပေါင်း ၂၂ ခုကို ဖွဲ့စည်းထားကြောင်း၊ အဆိုပါကော်မတီများအနက် ယနေ့တွေ့ဆုံသော နိုင်ငံတကာဆက်ဆံရေးကော်မတီသည် အရေးကြီးသည့်ကော်မတီတစ်ရပ်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အစိုးရသစ်၏ အသွင်ကူးပြောင်းရေးကာလတွင် ဤကော်မတီ၏ အခန်းကဏ္ဍသည် နိုင်ငံတော်အား အထောက်အကူပြုနိုင်ရေးအတွက် ပိုမိုအရေးကြီးလာမည်ဟု ဆိုရမည်ဖြစ်ကြောင်း၊ အာဆီယံပါလီမန်များ ညီလာခံ (AIPA) နှင့် ပြန်လည်ထိတွေ့ဆက်ဆံရေး၊ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) နှင့် ပြန်လည် ထိတွေ့ဆက်ဆံမှုရရှိရေး၊ နိုင်ငံတကာ လွှတ်တော်များအချင်းချင်း ချစ်ကြည်ရေးအဖွဲ့ (Parliamen-tary Friendship Group) များ ဖွဲ့စည်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတကာစံနှုန်းပြု ဥပဒေများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရေး ဥပမာ-လေထုညစ်ညမ်းမှုကာကွယ်ရေး၊ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှား မှုများတွင် ပါဝင်နိုင်ရေး စသည်တို့ကို ဦးစားပေးဆောင်ရွက်ရန်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် Truck-1.5 နှင့် Truck-2 စနစ်များကို ပေါင်းစပ်ဆောင်ရွက်နိုင်ရေး စသည်တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန် အသေးစိတ်မှာကြားသည်။

 

ထို့နောက် နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာပွင့်ဆန်းက ကော်မတီ၏ ဆောင်ရွက်ချက် များနှင့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး အဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးကာ ပြည်သူ့ လွှတ်တော်ဒုတိယဥက္ကဋ္ဌက နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။

 

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီရုံးခန်းနှင့် အစည်းအဝေးခန်းမများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်