ပြည်သူ့ကျန်းမာရေးကို အလေးထားရှေးရှု

နေပြည်တော် ၂၆ ဧပြီ

 

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ထိန်ပင်အမှိုက်ပုံကြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်နေသည်မှာ ယနေ့ဆိုလျှင် ငါးရက်ကြာမြင့်ခဲ့ပြီဖြစ်သည်။ အမှိုက်ပုံကြီး မီးလောင်မှုကြောင့် ဆက်စပ်မြို့နယ်များနေပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ကြရသည့်အပြင် အဆိုပါအမှိုက်ပုံမီးလောင်မှုမှပေါ်ထွက်လာသော မီးခိုးများကြောင့် ပြည်သူများ ကျန်းမာရေး ထိခိုက်မှုမရှိစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရမည် ဖြစ်သည်။

 

အမှိုက်ပုံမီးလောင်မှုမှာ ဖြစ်ရိုးဖြစ်စဉ်ဟုဆိုသော်လည်း ယခုလောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံမီးလောင်မှုမှာ ရက်ကြာရှည်နေသည့်အပြင် မီးလောင်ကျွမ်းနေသည့် အမှိုက်များ၏ဧရိယာမှာ ကြီးမားကျယ်ပြန့်လှသဖြင့် အမှိုက်မီးလောင်မှုကြောင့် အမှုန်အမွှားများ၊ မီးခိုးအနံ့များ၊ ဓာတ်ငွေ့များမှာ ပတ်ဝန်းကျင်ရှိ လေထုထဲတွင် လွင့်ပါနေသည်။ ယခုဆိုလျှင် အဆိုပါမီးခိုးအနံ့များကို ရှူရှိုက်မိသည့် ပြည်သူအချို့မှာအသက်ရှူကျပ်သည့် ဝေဒနာများ ခံစားနေရသည်ဟု ကြားသိရသည်။

 

ထိန်ပင်အမှိုက်ပုံကွင်းပြင်ကြီးမှာ ဧက ၁၂၀ ခန့်ကျယ်ဝန်းသည့်အနက် ဧက ၈၀ ခန့်မှာ အမှိုက်များနှင့် ပြည့်နှက်နေပြီး ဧပြီ ၂၁ ရက် နံနက်ပိုင်းမှစတင်မီးလောင်ကျွမ်းကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုကို စတင်သိရှိလျှင်သိရှိချင်း သက်ဆိုင်ရာတို့က မီးသတ်ကားများ၊ ရေဖျန်းကားများဖြင့် ငြှိမ်းသတ်ခဲ့သော်လည်း လောင်စာအမှိုက်များအတွင်း လှိုက်လောင်ကျွမ်းနေသည့်အပြင် မီးလောင်ရာလေပင့်သောကြောင့် ယနေ့ထက်တိုင်ငြှိမ်းသတ်နိုင်ခြင်းမရှိသေးဘဲ ဧပြီ ၂၇ ရက်ခန့်ရောက်မှသာ လောင်စာကုန်မီးငြိမ်းသဘောဖြင့် ရပ်တန့်သွားလိမ့်မည်ဟု သက်ဆိုင်ရာက ခန့်မှန်းထားသည်။

 

အမှိုက်ပုံမီးကို ငြှိမ်းသတ်ရာတွင် လောင်ကျွမ်းမှုဧရိယာမှာ ကျယ်ပြန့်သောကြောင့် လွှမ်းခြုံရေဖျန်းနိုင်မှု မပြုလုပ်နိုင်ရာ မီးြွကင်းမီးကျန်မှမီးခိုးလုံးများ အဆက်မပြတ် ပေါ်ထွက်လျက်ရှိသည်။ မီးခိုးငွေ့များတွင် ကာဗွန်ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်ဓာတ်ငွေ့များ ပါဝင်လာသဖြင့် ထိုမီးခိုးငွေ့များ ရှူရှိုက်မိသော ပြည်သူများအနက် နှလုံး၊ အသက်ရှူလမ်းကြောင်းနှင့် အဆုတ်ရောဂါအခံရှိသူများ၊ သက်ကြီးရွယ်အိုများ၊ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များမှာ အထူးသတိထားပြီး နှာခေါင်းစည်းများ တပ်ဆင်ထားရန် လိုအပ်ပေသည်။

 

မီးခိုးငွေ့ကြောင့် ဖြစ်ပေါ်နိုင်သော သာမန်ကျန်းမာရေးပြဿနာများမှာ ချောင်းဆိုးခြင်း၊ လည်ချောင်းယားယံခြင်း၊ မျက်စိစပ်ခြင်းနှင့်မျက်ရည်ကျခြင်း၊ နှာစေးခြင်း၊ ခေါင်းကိုက်ခြင်းတို့ ဖြစ်တတ်သည်။ မီးခိုးငွေ့ကြောင့် အပြင်းအထန်ဖြစ်နိုင်သော ကျန်းမာရေးပြဿနာများမှာ အသက်ရှူမြန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ နှလုံး၊ အသက်ရှူလမ်းကြောင်းနှင့် ရင်ကျပ်ပန်းနာရောဂါများ ပိုမိုဆိုးရွားစေခြင်း၊ အသက်ရှူကျပ်ခြင်း၊ ချောင်းဆိုးခြင်းတို့ ဖြစ်စေနိုင်သည်။ ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့ကြောင့် ဖြစ်စေနိုင်သောပြဿနာများမှာ ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ အားနည်းခြင်း၊ အန်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းတို့ကိုဖြစ်စေတတ်သည်။ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့မှာ အများသိကြသည့်အတိုင်း ရေရှည်တွင် အဆုတ်ကင်ဆာရောဂါအထိ ဖြစ်စေတတ်သည်ဟု ကျန်းမာရေးဆိုင်ရာက အသိပေးထားသည်။

 

သို့ဖြစ်ရာ အမှိုက်ပုံဟူသည်မှာ ဓာတ်ပြုမှုများဖြစ်ပွားပြီးအလိုအလျောက် မီးလောင်စေတတ်သည့်အပြင် နွေရာသီကာလတွင် မီးလောင်တတ်သည့် သဘောရှိသောကြောင့် အမှိုက်ပုံမီးမှတစ်ဆင့် ပေါ်ထွက်လာသော အနံ့ဆိုးများ၊ ဓာတ်ငွေ့များအား ရှူရှိုက်မိသည့်ပြည်သူများ ကျန်းမာရေးအတွက် အလေးထား ကာကွယ်စောင့်ရှောက်ပေးရမည်ဖြစ်သည်။ ထို့အပြင် အမှိုက်ပုံ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေပြည်သူများ ကျန်းမာရေးအတွက် ဘေးအန္တရာယ်မဖြစ်စေရေးကို သက်ဆိုင်ရာတို့က ကြိုတင်မြော်တွေး၍ စနစ်တကျထားရှိရေး၊ စနစ်တကျဖျက်သိမ်းရေးတို့ တီထွင်ကြံဆလုပ်ကိုင်ခြင်းဖြင့် အများပြည်သူအကျိုးကို ရှေးရှုကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ