ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းတစ်ဦး ဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်

နေပြည်တော် ၁  ဒီဇင်ဘာ

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၅၉) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ စစ်တက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေ စည်သူ မင်းအောင်လှိုင်က တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ၏ အလေးပြုခြင်းကိုခံယူပြီး ကျောင်းဆင်းဗိုလ်လောင်းတပ်ရင်းများကို စစ်ဆေးသည်။ ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဗိုလ်လောင်းတပ်ရင်းများက အနှေး လျှောက်၊ အမြန်လျှောက်တို့ဖြင့် ချီတက်အလေးပြုကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အောင်စစ်သည်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃ဝ၇၆၅၊ ဗိုလ်လောင်း ကျော်သူရ၊ လေ့ကျင့်ရေးထူးချွန်ဆုရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၂၃၂၊ ဗိုလ်လောင်း မျိုးဇော်ဦး၊ စာပေထူးချွန်ဆု(ဝိဇ္ဇာ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၁၃၉၊ ဗိုလ်လောင်းပြည့်ဖြိုးအောင်၊ စာပေထူးချွန်ဆု(သိပ္ပံ)ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၄၇၉၊ ဗိုလ်လောင်း သန်းတိုးအောင်၊ စာပေထူးချွန်ဆု (ကွန်ပျူတာ) ရရှိသူ ဗိုလ်လောင်းအမှတ် ၃၁၄၈၈၊ ဗိုလ်လောင်း သိန်းတိုးအောင်တို့ အား ဆုများပေးအပ်ချီးမြှင့်သည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ကြည်း၊ ရေ၊ လေ)အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ပေးရန်ဆိုသည့် အမိစစ်တက္ကသိုလ်၏ ရည်ရွယ်ချက်နှင့် အညီ တပ်မတော်၏ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်ပေးခဲ့ကြောင်း၊ ကျောင်း ဆင်းအရာရှိများအနေဖြင့် ခေတ်အဆက်ဆက်တွင်လည်း တပ်မတော်၏ တာဝန်၊ နိုင်ငံတော်၏တာဝန်များကို အောင်မြင်အောင် ထမ်းဆောင်ခဲ့ကြကြောင်း၊ မိမိတို့အနေ ဖြင့်လည်း ခေတ်အဆက်ဆက်ထိန်းသိမ်းလာခဲ့သည့် တပ်မတော်၏ဂုဏ်ကို ဆက်လက် ထိန်းသိမ်းနိုင်ရန်အတွက် ကျရာတာဝန်များကို ထမ်းဆောင်ရာတွင် အထက်က ယုံကြည် အားထားရပြီး လက်အောက်က လေးစားရသည့်၊ ပြည်သူက ယုံကြည်အားကိုးရသည့် အရာရှိကောင်းတစ်ဦးဖြစ်အောင် ကြိုးစားသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လေ့ကျင့်ရေးဆိုင်ရာများ၊ အဆင့်တိုးမြှင့်မှု၊ စစ်စည်းကမ်းပိုင်းဆိုင်ရာများ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်နေမှုများကို ထည့်သွင်းပြောကြားသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်သားများ၏ တာဝန် သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မထိခိုက်ရန်၊ နိုင်ငံတော်၏ အကျိုးစီးပွားနှင့် တိုင်းရင်းသားများ၊ နိုင်ငံသူ၊ နိုင်ငံသားများကို ကာကွယ်စောင့်ရှောက်ရန် ဖြစ်ကြောင်း၊ အဆိုပါတာဝန်များကို နိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်ထားပြီး ဖြစ်သော်လည်း ဥပဒေမဲ့ဆောင်ရွက်၍ မရသည်ကို သိရှိလိုက်နာကြရမည် ဖြစ်ကြောင်း၊ ဥပဒေ၏အထက်တွင် မည်သူမျှနေ၍မရကြောင်း၊ တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ကြသည့်အခါတွင် နိုင်ငံတော်မှထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများ ကို ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာလုပ်ဆောင်သွားကြရမည် ဖြစ်ကြောင်း၊ တပ်မတော်သားများအနေဖြင့် တာဝန်ထမ်းဆောင်ချိန်တွင် သတ်မှတ် ထားသည့် အမိန့်၊ စည်းမျဉ်း၊ ညွှန်ကြားချက်များအတိုင်း လိုက်နာတာဝန်ထမ်းဆောင် လျက်ရှိသဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များတွင်လည်း တပ်မတော်အနေဖြင့် Rules of Engagement (ROE) နှင့်ပတ်သက်ပြီး စနစ်တကျ ဥပဒေနှင့်အညီသာ လုပ်ကိုင်ဆောင်ရွက်ခဲ့သည်ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် ဗိုလ်လောင်းတပ်ရင်းများ ၏ အလေးပြုခြင်းကိုခံယူပြီးနောက် စစ်ရေးပြအခမ်းအနားမှ ပြန်လည်ထွက်ခွာသည်။

စစ်ရေးပြအခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တက္ကသိုလ် ကျောင်းဌာနချုပ် ဧည့်ခန်းမ၌ ထူးချွန်ဆုရရှိကြသည့် ဗိုလ်လောင်း ငါးဦးနှင့် ၎င်းတို့၏ မိဘများအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။

အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ် ရေးဦးစီးချုပ်(လေ)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ တိုင်းမှူးများ၊ စစ်တက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ပြင်ဦးလွင်တပ်နယ်မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များနှင့် သင်တန်းဆင်းဗိုလ်လောင်းများ၏ မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ညနေပိုင်းတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်တက္ကသိုလ် အနော် ရထာတပ်ရင်း ဗိုလ်လောင်းတန်းစီကွင်း၌ ကျင်းပသည့် သင်တန်းဆင်းဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)