နေပြည်တော်     မတ်     ၂၄

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအထူးမွမ်းမံသင်တန်း  အမှတ်စဉ်(၉)   သင်တန်းဆင်းပွဲကို   ယနေ့ မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ အမျိုးသားစီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်၊ ဘဏ္ဍာရေးနှင့်   အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော  ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်စင်လွင်၊ ဒုတိယစာရင်းစစ်ချုပ် ဒေါ်နိုင်သက်ဦး၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား   သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင်   ဒုတိယဝန်ကြီး  ဒေါ်သန်းသန်းလင်းက သင်တန်းသား   သင်တန်းသူများအနေဖြင့်  ယခုသင်တန်းတွင် လေ့လာဆည်းပူးခဲ့ကြသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကို လုပ်ငန်းခွင်တွင် ထိရောက်စွာ အသုံးချကြစေလိုကြောင်း၊ ရက်သတ္တငါးပတ်ကြာ ဖွင့်လှစ်ပို့ချခဲ့သည့် သင်တန်း တွင် ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်စုစုပေါင်း ၃၁  ခုကို လေ့လာသင်ယူခဲ့သည်များအား ဌာနများအချင်းချင်း ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေးစီမံ ခန့်ခွဲမှုစနစ်အပြင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ နိုင်ငံတကာလုပ်ထုံး လုပ်နည်းများကိုလည်း  ယခု သင်တန်းမှတစ်ဆင့် သိရှိနားလည်ပြီးဖြစ်၍ မိမိနိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို   ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ သင်တန်းသား  သင်တန်းသူများအနေဖြင့်  မိမိတို့လေ့လာဆည်းပူးခဲ့သည့်  ဘာသာရပ်များကို လက်တွေ့ အသုံးချခြင်း၊ မိမိတို့သက်ဆိုင်ရာဌာနအတွင်း ပြန်လည်မျှဝေပေးခြင်းနှင့် Life-long Learning ဖြင့် ဆက်လက်ဆည်းပူးလေ့လာသွားကြရန် တိုက်တွန်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ် ချီးမြှင့်ရာ သင်တန်းသား သင်တန်းသူများ  ကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားသည်။

ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်း  အမှတ်စဉ်(၉) သင်တန်းသို့   ဝန်ကြီးဌာန အဖွဲ့အစည်းများမှ   စီမံကိန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ  တာဝန်ခံညွှန်ကြားရေးမှူးအဆင့် အရာထမ်း ၃၇ ဦး  တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ  ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။              

သတင်းစဉ်