ပြည်သူ့ဘဏ္ဍာ သုံးစွဲကြသည်ဆိုရာတွင်

နေပြည်တော် ၅ ဒီဇင်ဘာ

 

ဘတ်ဂျက်အသုံးပြုမှုနှင့် ပတ်သက်၍ လွှတ်တော်များတွင် ဆွေးနွေးပြောဆိုသံများ မကြာခဏဆိုသလို ကြားရပါသည်။ နိုင်ငံအုပ်ချုပ်ရေးတွင် အရေးကြီးဆုံးဟုဆိုရမည့် ကိစ္စများထဲမှာ ဘတ်ဂျက်လည်း ပါဝင်ပါသည်။ ဘတ်ဂျက်စနစ်ကျနမှု မရှိလျှင် တိုင်းပြည်ရေးရာများကို မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့ မဖြစ်နိုင်။

 

ဘတ်ဂျက်ဆိုသည်က ပြည်သှူဘဏ္ဍာငွေများကို စနစ်တကျသုံးစွဲနိုင်ရန် ထိန်းကွပ်ထားခြင်းဖြစ်ပါသည်။ ပြည်သှူငွေများကို စီမံခန့်ခွဲမှု အလွဲများ မဖြစ်စေရန်၊ အကျိုးသက်ရောက်မှုရှိ၍ သုံးသမျှ ထိရောက်စေရန်၊ စနစ်တကျ စီမံခန့်ခွဲနိုင်ရန်၊ သုံးစွဲရာ၌လည်း အလွဲသုံးစားမလုပ်နိုင်ရန် စသည်တို့အတွက် ထိန်းကွပ်ပေးသည့်စနစ် ဖြစ်၏။

 

ပြည်သူ့ငွေများကို အစိုးရဌာနများက ဘာအတွက်လိုသည်၊ မည်မျှလိုသည်၊ မည်သည့် နေရာတွင် မည်မျှသုံးစွဲမည်၊ မည်မျှပြန်လည်ဝင်မည်၊ ချေးငွေမည်မျှလိုမည်၊ မည်သို့ဆပ်မည်၊ ရေရှည်တွင် ထိန်းသိမ်းစရိတ်မည်မျှ လျာထားမည်၊ အမြတ်မည်မျှ အရှုံးမည်မျှ ပေါ်မည်တို့ကို ဘတ်ဂျက်ရေး ဆွဲတောင်းခံတင်ပြခြင်း၊ မှန်ကန်တိကျခြင်း ရှိ မရှိ၊ ထိထိရောက်ရောက် သုံးစွဲနိုင်ခြေ ရှိ မရှိ၊ မည်သို့ ထိန်းချုပ် မချုပ်ကို ဆန်းစစ်ကာ ပြည်သူ့ကိုယ်စားလှယ်များက စိစစ်အတည်ပြုပေးရခြင်းတို့ ဖြစ်၏။

ပြည်သူ့ငွေများကို အစိုးရအုပ်ချုပ်ရေးဌာန အသီးသီးက မည်သို့သုံးစွဲနေသည်ကို ပြည်သူတို့က သိခွင့်ရှိအောင်၊ မည်သို့သုံးစွဲမည် ဆိုသည်ကို ပြည်သူတို့ နားလည်သဘောတူနိုင်အောင် ဘတ်ဂျက်လျာထားခြင်း၊ ဘတ်ဂျက် တောင်းခံခြင်း၊ ဘတ်ဂျက် အတည်ပြုပေးရခြင်းဆိုသည့် လုပ်ငန်းများကို အစိုးရဝန်ကြီးဌာနအသီးသီးနှင့် ပြည်သှူကိုယ်စားလှယ်များ ပါဝင်သည့် လွှတ်တော်များက ညှိနှိုင်းစိစစ် ဆောင်ရွက်ပေးရသည်။ ဘတ်ဂျက်စနစ်ဆိုသည်က ပြည်သူလူထု၏ငွေကို သုံးစွဲရာ၌ ပြည်သူ လူထုလိုအပ်သည့်နေရာကို ဖြည့်ဆည်းပေးရမည်၊ ပြည်သူကို အသိပေး ရမည်၊ ပြည်သူလူထု၏ သဘောဆန္ဒကို ယူရမည်ဟူသည့် အနှစ်သာရပေါ် တွင် အခြေခံပါသည်။

 

ထို့ကြောင့် အစိုးရဌာနများသည် လွှတ်တော်များတွင် မိမိတို့ သက်ဆိုင်ရာ ဌာနအသီးသီး၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဌာနတွင်း သုံးစွဲရန် လိုအပ်သည်များကို တင်ပြပြီး ထိုလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် ငွေတောင်းခံတင်ပြကာ ဘတ်ဂျက် အတည်ပြုမှုရယူရပါသည်။ ဤသည်က ပြည်သူလူထု၏ သဘောဆန္ဒပေါ် အခြေခံသည့် ဒီမိုကရေစီနိုင်ငံများ၏ အလေ့အကျင့်ဖြစ်ပါသည်။ ပြည်သူ့ဘဏ္ဍာကို ပြည်သှူသဘောမပါဘဲ သုံးချင်တိုင်း သုံးလို့မရအောင် ကန့်သတ်ထိန်းကွပ်ထားခြင်း ဖြစ်ပါ၏။ ပြည်သှူဘဏ္ဍာငွေ သုံးစွဲရာ၌ လွှတ်တော်များတွင် တောင်းခံကာ ဘတ်ဂျက်အတည်ပြုသည့်စနစ်က အရေးကြီးသကဲ့သို့ ထိုရရှိသည့် ဘတ်ဂျက်ကို စနစ်တကျ အသုံးပြုရေး၊ အမှန်တကယ် ပြည်သူလူထု အကျိုးရှိမည့် အသုံးချမှုဖြစ်ရေးတို့ကလည်း အရေးကြီးပါသည်။

 

ဘတ်ဂျက်တောင်းခံရရှိပြီးသည့်နောက် ဘတ်ဂျက်အသုံးပြုရန် ကာလအတွင်းတွင် လိုသည်ဖြစ်စေ၊ မလိုသည်ဖြစ်စေ မကုန်ကုန်အောင် သုံးစွဲကြသည့် ဌာနဆိုင်ရာတို့၏ ဖြစ်လေ့ဖြစ်ထ၊ လုပ်လေ့လုပ်ထရှိသော အမူအကျင့်တို့ကိုလည်း များစွာသတိပြု ဆောင်ရွက်ကြရန် လိုအပ်သည်ဟု ယူဆပါသည်။ ဘတ်ဂျက်တောင်းခံရရှိပြီးသည်ဆိုသည်မှာ ပြည်သူ့ငွေများကို သင့်လျော်ရာ နေရာတို့၌ သုံးစွဲရန် ခွင့်ပြုထားခြင်းဖြစ်ပြီး ထိုသို့ သုံးစွဲရာတွင် ပြည်သူလူထုအတွက် အမှန်တကယ် ထိရောက်မှု ရှိ မရှိ ဆန်းစစ်ရမည်ဟု ထင်မြင်ပါသည်။ အခြေအနေအရ သုံးစွဲရန်အကြောင်း မခိုင်မာသေးပါက ဘတ်ဂျက်ကာလကုန်ဆုံးချိန်တွင် ပြန်လည်အပ်နှံကာ နောင်နှစ်တွင် သုံးစွဲရန် နောက်တစ်ကြိမ် တောင်းခံသည့် အလေ့အကျင့် ရှိသင့်ပါသည်။ ထို့အပြင် တင်ပြအတည်ပြုထားခဲ့သည့်အတိုင်းသာ သုံးစွဲရမည့် မူတွင်လည်း တင်ခွင့်ရစဉ် တင်ရနိုင်သမျှ ထုတ်ယူထားဟူသည့် အရည်တည် တင်ပြခဲ့မှုများ၊ ကောင်းမွန်စွာ ဆန်းစစ်မှုများ မလုပ်ခဲ့ဘဲ လျာထားတောင်းခံခဲ့မှုများ၊ ပိုမိုကောင်းမွန်သည့် ရွေးချယ်မှုများ (သို့မဟုတ်) လွဲချော်မှုများအတွက် ပြန်လည်ပြင်ဆင် စဉ်းစားခြင်းများ လည်းရှိဖို့ လိုနိုင်ပါသည်။

 

ဤဘတ်ဂျက်ကာလတွင် အခြေအနေအရ မသုံးစွဲဖြစ်၍ ပြန်လည် အပ်နှံခြင်းက သက်ဆိုင်ရာဌာနများအတွက် နစ်နာသွားခြင်းမဟုတ်ပါ။ ဤသည်က ပြည်သူ့ငွေကို ထိန်းသိမ်းရာရောက်ပြီး ပြည်သူ့အကျိုးကို ထမ်းရွက်ရာရောက်သည် မဟုတ်ပါလား။

 

မြန်မာ့အလင်း