ခင်ရတနာ

ပြန်ကြားရေးဝန်ကြီးဌာနသည် ပြည်သူနှင့်အစိုးရကြား ပေါင်းကူးပေးနေသည့် ဝန်ကြီးဌာနတစ်ခုဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာန၏အဓိကလုပ်ငန်းတာဝန်ကြီး သုံးရပ်ဖြစ်သော ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်တို့ကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

အစိုးရ၏ ဒုတိယ (၁)နှစ်တာကာလအတွင်း ပြည်သူများအတွက် ပိုမိုကောင်းမွန်သည့် သတင်းအချက်အလက် ဖြန့်ဝေစီးဆင်းမှုများ၊ အသိပညာ ဗဟုသုတနှင့် ပြည်သူများအကြား ဒီမိုကရေစီအလေ့အထကောင်းများ အကျွမ်းဝင်စေမှုများ၊ ပြည်သူများအပန်းပြေ၊ ပျော်ရွှင်စေရေး ဖျော်ဖြေရေးနှင့် ဝန်ဆောင်မှုအစီအစဉ်များကို ဆောင်ရွက်ရာ ဆောင်ရွက်သောလုပ်ငန်းများ၊ ရှေ့ဆက်ဆောင်ရွက်မည့် ဝန်ကြီးဌာန၏ ရည်မှန်းချက်များကို သိရှိနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒုတိယဝန်ကြီး ဦးအောင်လှထွန်းတို့အား တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ အစိုးရရဲ့ ဒုတိယ (၁) နှစ်တာကာလအတွင်း ပြန်ကြားရေးဝန်ကြီးဌာနကဘယ်လိုမူဝါဒတွေနဲ့ ဆောင်ရွက်နေပါသလဲရှင့်။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အဓိကလုပ်ငန်းတာဝန်သုံးရပ်ဖြစ်တဲ့ အများပြည်သူကို သတင်းအချက်အလက်ပေးခြင်း၊ အများပြည်သူကို အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ နောက်ဆုံးတစ်ခုက အများပြည်သူကိုဖျော်ဖြေမှုပေးခြင်း၊ ဒီတာဝန်သုံးရပ်ကိုဆောင်ရွက်နိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနလက်အောက်က ဌာနလေးခုနဲ့ ဆောင်ရွက်နေပါတယ်။ အဲဒီဌာနလေးခုကတော့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းတို့ ဖြစ်ပါတယ်။

မေး။ ။ သတင်းအချက်အလက်ပေးတဲ့ကိစ္စရပ်တွေမှာ ပြန်ကြားရေးဝန်ကြီးဌာနကကျင့်သုံးနေတဲ့ နည်းလမ်းတွေကိုလည်းပြောကြားပေးစေလိုပါတယ်။

ဖြေ။ ။ ပြည်သူကို သတင်းအချက်အလက်ပေးတဲ့ကိစ္စမှာ အဓိကဆောင်ရွက်ပေးနေတဲ့ ဌာနအနေနဲ့ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းရှိပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ရှိပါတယ်။ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းရဲ့ နေ့စဉ်ထုတ်သတင်းစာတွေမှာကြေးမုံနဲ့ မြန်မာ့အလင်းတို့က နိုင်ငံပိုင်သတင်းစာတွေဖြစ်ပြီး အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေတဲ့ The Global New Light of Myanmar သတင်းစာကတော့ ပုဂ္ဂလိကုမ္ပဏီတစ်ခုနဲ့ Joint Venture အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

fadb

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေနဲ့ ရေဒီယိုပိုင်းရော၊ ရုပ်/သံပိုင်းမှာပါ သတင်းတွေကို တင်ဆက်ပေးနေပါတယ်။ ဒီနှစ်ခုကသတင်းဖြန့်ချိတဲ့လုပ်ငန်းတွေကို အဓိကလုပ်ဆောင်ပါတယ်။ အခုခေတ်ဟာ information Technology ခေတ်ဖြစ်လာပြီးဆက်သွယ်ရေးနည်းပညာဟာလည်း လျင်မြန်စွာတိုးတက်လာခဲ့ပါတယ်။ ဒါကြောင့် ပြည်သူတွေ သတင်းအချက်အလက် ဆောလျင်စွာသိရှိနိုင်ဖို့အတွက် ဒစ်ဂျစ်တယ်သတင်းစာကိုသတင်းနှင့် စာနယ်ဇင်းလုပ်ငန်းက စီစဉ်ဆောင်ရွက်နေပါတယ်။ ဒါတင်မကသေးပါဘူး။ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးရုံးတွေ မြန်မာနိုင်ငံ အနှံ့အပြား မြို့နယ်တိုင်းမှာရှိပါတယ်။ အဲဒီဌာနက ဝန်ထမ်းတွေဟာလည်းပဲ သတင်းစုဆောင်းတဲ့အလုပ်ကိုလုပ်ရပါတယ်။ သူတို့ဟာလည်း သတင်းသမားတွေ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက သတင်းတင်ဆက်တာ၊ သတင်းစုဆောင်းတာ၊ သတင်းထုတ်လွှင့်တာ၊ သတင်းထုတ်ပြန်တာ စတဲ့သတင်းအချက်အလက်ပေးအပ်မှုအားလုံးကိုဌာနများပေါင်းစပ်လုပ်ကိုင်ဖို့ ဒီနှစ်ပိုင်းမှာစီစဉ်ဆောင်ရွက်နေပါတယ်။ အဲဒီဌာနသုံးခုက ဝန်ထမ်းတွေအားလုံး၊ သတင်းရင်းမြစ်တွေအားလုံးနဲ့ သတင်းတွေအားလုံးကို စုစည်းပြီး Myanmar Digital News ကနေတစ်ဆင့်ပုံနှိပ်နည်းနဲ့ ဖြန့်ချိတာ၊ အွန်လိုင်းကနေ ဖြန့်ချိတာ၊ ရုပ်သံနဲ့ ရေဒီယိုတွေကနေ ဖြန့်ချိတာတွေလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ သုံးဌာနစလုံးရဲ့အင်အားတွေကို အသုံး ပြုပြီး ဆောင်ရွက်ဖို့ရည်ရွယ်ထားတဲ့အတွက်သတင်းရေးတဲ့နေရာ၊ စုဆောင်းတဲ့နေရာ၊တည်းဖြတ်တဲ့နေရာ၊ သတင်းတင်ဆက်တဲ့နေရာတွေအားလုံးမှာ ပေါင်းစပ်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ ဥပမာပြောရရင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက သတင်းတင်ဆက်သူတွေဟာ အသံနဲ့တင်ဆက်မှု ကောင်းမွန်ပြီးသူတို့အရည်အချင်းကို မာလ်တီမီဒီယာအားဖြင့် Myanmar Digital News မှာ သုံးလို့ရပါတယ်။ သတင်းအလုပ်ကို ဝန်ကြီးဌာနရဲ့လက်အောက်က ဌာနတွေစုပေါင်းပြီး၊ သတင်းရင်းမြစ်တွေအားလုံးစုစည်းပြီး ပိုမိုကောင်းမွန်တဲ့ သတင်းယန္တရားတစ်ခုဖြစ်အောင် ဆောင်ရွက်နေပါတယ်။

klsvm

မေး။ ။ နိုင်ငံပိုင်မီဒီယာမဟုတ်တဲ့ ပြင်ပက မီဒီယာတွေရဲ့ အခန်းကဏ္ဍမြှင့်တင်ရေးအတွက်ရော ပြန်ကြားရေးဝန်ကြီးဌာနရဲ့ဆောင်ရွက်မှုတွေကို သိပါရစေ။

ဖြေ။ ။ ပြည်သူတွေလိုလားတဲ့ သတင်းအချက်အလက်သိရှိအောင်နဲ့ သတင်းမီဒီယာလုပ်ငန်းတွေဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနေတာရှိပါတယ်။ သတင်းစာ၊ ဂျာနယ်တွေနဲ့ပတ်သက်ရင် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးတွေလွတ်လပ်စွာလုပ်ကိုင်ခွင့်ရဖို့အတွက် ဆောင်ရွက်ပေးနေပါတယ်။ လက်ရှိမှာ ပုဂ္ဂလိကသတင်းစာတွေ ပုံနှိပ်ထုတ်ဝေခွင့်ရရှိထားတာ ၄၀ ကျော်နဲ့ တကယ်ထုတ်ဝေနေတာ ၂၀ ကျော်ရှိပါတယ်။ အပတ်စဉ်ဂျာနယ်တွေဆိုရင် ထုတ်ဝေခွင့်ရထားတာ ၄၀ဝ ကျော်ရှိပြီး တကယ်ထုတ်ဝေနေတာ ၂၅၀ ကျော်ရှိပါတယ်။ မဂ္ဂဇင်းတွေဆိုရင်လည်း အများကြီးထုတ်ဝေနေတာရှိပါတယ်။ ဆိုလိုချင်တာက ပုံနှိပ်လုပ်ငန်းမှာနိုင်ငံပိုင်မီဒီယာမဟုတ်တဲ့ ပြင်ပမီဒီယာများနဲ့ပုံနှိပ်လုပ်ငန်းတွေကိုလည်း ဖွံ့ဖြိုးတိုးတက်အောင် ပံ့ပိုးကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

gafad

ရုပ်/သံလုပ်ငန်းမှာဆိုရင် တစ်ချိန်ကမြန်မာ့အသံနှင့် ရုပ်မြင်သံကြားတစ်ခုသာရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ Forever Group နဲ့ ရွှေသံလွင်ကုမ္ပဏီတို့ ရုပ်/သံလုပ်ငန်းလုပ်ကိုင်တယ်။ လက်ရှိအစိုးရ တာဝန်ယူပြီးနောက်မှာ ထပ်တိုးပြီး ပုဂ္ဂလိကတွေကိုရုပ်/သံလုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပေးဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့ရုပ်မြင်သံကြားရဲ့ Multi Channel Playout System မှာရုပ်/သံလုပ်ငန်းလုပ်ကိုင်ချင်သူတွေကို ရုပ်/သံလုပ်ငန်း ထုတ်လုပ်ခွင့်ရအောင်လို့ တစ်လိုင်းစီနဲ့လုပ်ငန်းငါးခုကို စီစဉ်ဆောင်ရွက်ပေးထားတာ ရှိပါတယ်။ အခုဆိုရင် မဇ္ဈိမမီဒီယာနဲ့ DVB မီဒီယာတို့ရဲ့ ရုပ်/သံ အစီအစဉ်တွေစတင်စမ်းသပ်ထုတ်လွှင့်နေပြီ ဖြစ်ပါတယ်။

ရုပ်/သံလုပ်ငန်းအပြင် ရေဒီယိုထုတ်လွှင့်မှု စိတ်ပါဝင်စားသူတွေအတွက်စီစဉ်ပေးနေတာလည်းရှိပါတယ်။ အထူးသဖြင့် Community Ratio လို့ခေါ်တဲ့ ရပ်ရွာအလိုက် ထုတ်လွှင်တဲ့၊ ဒေသအလိုက်ထုတ်လွှင့်တဲ့ ရေဒီယိုလိုင်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ မကြာသေးခင်ကပဲ ပဏာမအနေနဲ့ ထန်းတပင်မှာ ခရေအက်ဖ်အမ်ရေဒီယိုကို စမ်းသပ်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ ရုပ်/သံလုပ်ငန်းရောရေဒီယိုလုပ်ငန်းတွေပါ အားလုံး ရုပ်မြင်သံကြားနှင့် အသံလွှင့်ဥပဒေ ပီပီသသပြည့်ပြည့်စုံစုံပြန်လည်ထွက်ပေါ်လာပြီး နည်းဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေ ထွက်လာတာနဲ့တစ်ပြိုင်နက် လုပ်ငန်းတွေပိုပြီးလုပ်ဆောင်နိုင်ကြမှာ ဖြစ်ပါတယ်။

မေး။ ။ စာအုပ်စာပေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရော ပြန်ကြားရေးဝန်ကြီးဌာနက ဘယ်လိုလုပ်ငန်းတွေနဲ့ဖော်ဆောင်နေပါသလဲရှင့်။

ဖြေ။ ။ အသိပညာ ဖွံ့ဖြိုးတိုးတက်ဖို့ဆောင်ရွက်တဲ့နေရာမှာ အဓိကဟာ စာအုပ်စာပေတွေ ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာနိုင်ငံမှာ စာဖတ်သူတွေ တိုးပွားလာရေးစတဲ့ကဏ္ဍတွေကိုအဓိကထားပြီး ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ စာအုပ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အစိုးရစတင်တာဝန်ယူပြီး မကြာခင်မှာပဲ စာအုပ်ဈေးရောင်းပွဲတွေ ကျင်းပပေးခဲ့ပါတယ်။ စာပေပွဲတော်တွေ၊ စာတမ်းဖတ်ပွဲနဲ့စာအုပ်ဈေးရောင်းပွဲတွေ ပူးတွဲကျင်းပတယ်။ ထူးထူးခြားခြားလုပ်ဖြစ်တာက ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနရုံးတည်ရှိရာ သိမ်ဖြူ လမ်းမကြီးကို စာအုပ်လမ်းမအဖြစ်သတ်မှတ်ပြီးစနေနဲ့ တနင်္ဂနွေနေ့တွေမှာ စာအုပ်ဈေးတန်းဖွင့်ဖို့ စီစဉ်ပေးနိုင်ခဲ့ပါတယ်။ ဒါကလည်းစာအုပ်ထုတ်ဝေရေး ဖြန့်ချိရေးလုပ်ငန်းရှင်တွေ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့နဲ့ပူးပေါင်းပြီး ဆောင်ရွက်ခဲ့တာပါ။ ဒီနှစ်မှာလည်း ဆက်ဖွင့်ဖို့ရှိပါတယ်။ စာအုပ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှသာပြည်သူတွေက စိတ်ဝင်စားမှုမြင့်တက်လာပြီးစာများများဖတ်ရှုလာမယ်။ စာများများဖတ်ရင်းနဲ့မှ စာပေအသိပညာတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ စာအုပ်လုပ်ငန်းသမားတွေ တင်ပြပြောဆိုတဲ့ အသံတွေထဲကအခက်အခဲတစ်ရပ်ဖြစ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဈေးမြင့်လို့ စာအုပ်ဈေးမြင့်တယ်။ စာဖတ်သူကလည်း စာအုပ်တွေဈေးမြင့်တော့မဝယ်ယူကြဘူး။ ဒါတွေကို ညှိနှိုင်းဆောင်ရွက်ပေးနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆွေးနွေးပေးခဲ့ပြီး၂၀၁၈ ခုနှစ် အခွန်အကောက်ဥပဒေထွက်ပေါ်လာချိန်မှာတော့ စာအုပ်စာစောင်တွေ၊ သတင်းစာတွေနဲ့ပတ်သက်တဲ့ လုပ်ငန်းရဲ့ကုန်သွယ်ခွန်ကို ကင်းလွတ်ခွင့်ပေးတဲ့၊ ကောက်ခံခြင်းမပြုတော့တဲ့ အချက်တစ်ချက်ပါဝင်ခဲ့တဲ့အတွက် ဒါဟာလည်း ပြန်ကြားရေးဝန်ကြီးဌာနရဲ့ စာအုပ်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်းလုပ်ကိုင်သူတွေအတွက် တစ်ဖက်တစ်လမ်းကနေ ကူညီဆောင်ရွက်ပေးမှုပဲ ဖြစ်ပါတယ်။

မေး။ ။ စာဖတ်သူတိုးပွားစေဖို့ စာဖတ်ဝါသနာကို မြှင့်တင်ပေးနိုင်ဖို့၊ အသိပညာဖွံ့ဖြိုးတိုးတက်ဖို့တွေအတွက် ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဆောင်ရွက်မှုတွေကိုလည်းသိပါရစေ။

ဖြေ။ ။ အခုခေတ်မှာ လူငယ်တွေ စာမဖတ်ကြဘူး၊ စာဖတ်တဲ့သူတွေ လျော့နည်းလာတယ်ဆိုပြီး ပြောကြတယ်။ စာဖတ်တဲ့သူများပြားဖို့အတွက်ဆိုရင် လူငယ်တွေမှာစာဖတ်ဝါသနာ ပျိုးထောင်ပေးဖို့ လိုပါတယ်။အသက်ကြီးမှ ပျိုးထောင်ရတာထက် ကလေးဘဝမှာ စာဖတ်ဝါသနာ ပျိုးထောင်ရတာ ပိုပြီးလွယ်ကူသလို ပိုလည်းစွဲမြဲတတ်တာကြောင့် ကလေးစာပေပွဲတော်တွေကို ကျင်းပနေပါတယ်။ ကလေးအကြိုက် စာအုပ်လေးတွေ ဝေငှတယ်၊ ရောင်းချတယ်၊ ပြိုင်ပွဲတွေယှဉ်ပြိုင်စေတယ်။ ပျော်စရာနဲ့ စာပေဆိုင်ရာအစီအစဉ်တွေ တွဲပေးထားတာကြောင့်ကလေးတွေ စိတ်ဝင်စားပြီး စာဖတ်တဲ့အလေ့အထကောင်းတွေ ရလာတာတွေ့မြင်ရပါတယ်။ ကလေးစာပေပွဲတော်တွေကို မြို့ကြီးတွေမှာ နိုင်ငံတော်အဆင့် အခမ်းအနားတွေကျင်းပတယ်။ ခရိုင်မြို့တွေမှာ ဒေသတာဝန်ခံများအဆင့် ကလေးစာပေပွဲတွေ ကျင်းပပေးတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာ ကလေးစာပေပွဲတော်တွေကို နိုင်ငံအနှံ့အပြားမှာ ကျင်းပဖြစ်ခဲ့ပါတယ်။ ရှေ့ဆက်ပြီးလည်း ဆက်လက်ကျင်းပနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ကလေးစာပေပွဲတွေမှာ ကလေးတွေသာမက လူငယ်တွေ၊ ကလေးမိဘတွေစသဖြင့် အကုန်လုံးစိတ်ဝင်စားကြတာတွေ့ရပါတယ်။ ဒါကြောင့် ကလေးတွေသာမကလူငယ်တွေအားလုံးအတွက် စာပေနဲ့ အခြားဖွံ့ဖြိုးရေးအစီအစဉ်တွေ ဆောင်ရွက်ပေးနိုင်ဖို့လူငယ်ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကိုလည်းရန်ကုန်တက္ကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ပြန်ကြားရေးဝန်ကြီးဌာနနဲ့အတူ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရစသဖြင့် အားလုံးစုပေါင်းပြီး လုပ်ကိုင်နိုင်ခဲ့တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ မန္တလေးမြို့မှာလည်း ကျင်းပနိုင်ဖို့စီစဉ်နေပါတယ်။စာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် စာပေလေ့လာရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ပါတယ်။ အဓိကကတော့ သုတေသနလုပ်ငန်းတွေ၊ စာတမ်းဖတ်ပွဲတွေ ကျင်းပနေပါတယ်။ ခေါင်းစဉ်အသီးသီးနဲ့ စာတမ်းဖတ်ပွဲတွေကိုသိမ်ဖြူလမ်းက ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှာ ကျင်းပခဲ့ပါတယ်။ စာပေနဲ့ပတ်သက်ပြီး နောက်အစီအစဉ်တစ်ခုက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးတွေ၊ စာကြည့်တိုက်တွေ မြို့နယ်တိုင်းမှာရှိပါတယ်။ အဲဒီမှာ စာဖတ်ဝိုင်းတွေ၊ စာပေ ဆွေးနွေးပွဲတွေ၊ စာဖတ်အသင်းတွေပြုလုပ်ပြီးစာဖတ်ဝါသနာပါအောင်၊ စာကို လေးလေးနက်နက် ဖတ်ရှုလေ့လာသူတွေ တိုးပွားလာအောင်နဲ့ တစ်နိုင်ငံလုံးမှာ စာပေကနေတစ်ဆင့်အသိပညာဗဟုသုတတွေ တိုးပွားလာစေဖို့ရည်ရွယ်ပြီး လုပ်ကိုင်နေပါတယ်။

မေး။ ။ မြန်မာစာပေ ရေရှည်တည်တံ့ဖွံ့ ဖြိုးတိုး တက်စေဖို့အတွက် ဆောင်ရွက်မှုတွေကိုလည်း ပြောပြပေးပါရှင့်။

ဖြေ။ ။ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာနမှာ စာပေဗိမာန်ဆိုတဲ့ အဖွဲ့ကြီးတစ်ဖွဲ့ရှိပါတယ်။ စာပေဗိမာန်အဖွဲ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်ကတည်းကလည်း ရှေ့ပြေးအဖွဲ့တွေရှိခဲ့ပြီး လွတ်လပ်ရေးရခါစမှာတော့စတင်ဖွဲ့စည်းခဲ့ပါတယ်။ စာပေဗိမာန်အဖွဲ့ကြီးဟာ တစ်ချိန်က မြန်မာစာပေဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်တော်တော်များများဆောင်ရွက်ပေးခဲ့တဲ့အဖွဲ့ကြီးလည်း ဖြစ်ပါတယ်။ စာပေဗိမာန်အဖွဲ့ကြီးဟာ အမျိုးသားစာပေဆုတွေ၊ စာပေဗိမာန်စာမူဆုတွေကိုရွေးချယ်ပြီး ချီးမြှင့်ပေးနေပါတယ်။ စာပေဗိမာန်အဖွဲ့ကြီးရဲ့ အရင်တုန်းကရှိခဲ့တဲ့ အစဉ်အလာတွေကို ပြန်လည်ဖော်ထုတ်မြှင့်တင်နေတာတွေ ရှိပါတယ်။အခု ကျွန်တော်တို့ ပြန်လည်ဆောင်ရွက်တာက တိမ်မြုပ်နေတဲ့အရာကို ပြန်လည်ဖော်ထုတ်တာဖြစ်ပြီး မြန်မာ့စွယ်စုံကျမ်းဟာ၁၉၅၀ ဝန်းကျင်ကာလတွေက ထုတ်ဝေခဲ့တာအခုဆိုရင် စွယ်စုံကျမ်းသက်တမ်းဟာ နှစ်၅၀၊ ၆၀ ကြာခဲ့ပြီ ဖြစ်ပါတယ်။ စွယ်စုံကျမ်းဆိုတာ နိုင်ငံတိုင်းမှာ ဂုဏ်ယူဖွယ်ရာထုတ်ဝေတဲ့ ကျမ်းကြီးဖြစ်ပြီး ဒါကို ခေတ်နဲ့အညီ ပြုပြင်ဖို့၊ ပြင်ဆင်ဖြည့်စွက်ဖို့လိုအပ်တဲ့အတွက်လိုအပ်တာတွေကို ဖြည့်စွက်ပြင်ဆင်တည်းဖြတ်ပြီး ပြန်လည်ထုတ်ဝေနိုင်ဖို့ ပြင်ဆင်လျက်ရှိပါတယ်။ ဒါကိုတော့ ထွန်းဖောင်ဒေးရှင်းနဲ့ တွဲဖက်ဆောင်ရွက်နေပါတယ်။ဆောင်ရွက်ချက် နောက်တစ်ခုကတော့အရင်ကမရှိခဲ့ဖူးတဲ့ စာအုပ်အတွဲ ၁၀ဝ ပါဝင်တဲ့ မြန်မာ့စာပေဂန္တဝင်စာစုတစ်ခုကို ထုတ်ဝေသွားဖို့ ဖြစ်ပါတယ်။ စာမျက်နှာ ၄၀ဝ၊ ၅၀ဝပါမယ့် စာအုပ်ဆိုဒ်ကြီးနဲ့ ထုတ်ဝေသွားဖို့ စီစဉ်နေပါတယ်။ မြန်မာစာပေသမိုင်းတစ်လျှောက်အင်မတန်ထင်ရှားတဲ့၊ ဖတ်ရှုရင်အကျိုးများမယ့်၊ မြန်မာစာပေကို ဘက်စုံထောင့်စုံကနေလေ့လာပြီးသားဖြစ်သွားစေမယ့် စာအုပ်တွဲကြီးလည်းဖြစ်ပါတယ်။ ပထမတွဲသည် ရှေ့လလောက်မှာ ထွက်မယ်။ မြန်မာ့စွယ်စုံကျမ်းမူသစ် ပထမတွဲကလည်း ၂၀၁၈ ခုနှစ်အတွင်းထွက်နိုင်အောင် စီစဉ်နေပါတယ်။ စာပေတိုးတက်မှ စာပေဖတ်ရှုတဲ့လူမျိုးလည်း အသိဉာဏ်ပညာအရ ဖွံ့ဖြိုးတိုးတက်လာမယ်။ ဒါကြောင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်ရေးအပြင် တိုင်းပြည်မှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိပါတယ်။ ဒီတိုင်းရင်းသားတွေမှာ သုံးစွဲနေတဲ့ ဘာသာစကားအမျိုးမျိုးရှိပါတယ်။ တချို့က အက္ခရာစာပေ ရှိတယ်။ တချို့က နှုတ်ပြောစာပေရှိတယ်။ ဒီလို လူမျိုးအသီးသီးရဲ့ စာပေတွေကိုလည်း ဖော်ထုတ်မြှင့်တင်ဖို့ စီစဉ်ပေးလျက်ရှိပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကနေ တိုင်းရင်းသားလူမျိုးတွေရဲ့ စာပေဆိုင်ရာ စာတမ်းဖတ်ပွဲနဲ့ စာအုပ်စာတမ်းတွေ၊ ယဉ်ကျေးမှုအသုံးအဆောင်ပစ္စည်းများပြပွဲ ကို ကရင်ပြည်နယ် ဘားအံမြို့၊ရှမ်းပြည်နယ် တောင်ကြီးမြို့တွေမှာ ကျင်းပပေးနိုင်ခဲ့ပါတယ်။ ဒေသခံတွေ တိုင်းရင်းသားလူမျိုးစု အသီးသီးရဲ့ စာအုပ်စာတမ်းစာပေတွေကို ပြသခဲ့ပါတယ်။ ပုံနှိပ်စာ၊ ပေစာ၊ ပုရပိုက်စတဲ့ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ဘာသာရေးစာအုပ်၊အဘိဓာန်၊ ပုံပြင်စတဲ့ စာပေပစ္စည်းတွေကိုလည်း ပြသခဲ့ပြီး တိုင်းရင်းသားစာပေဆိုင်ရာသုံးသပ်ဝေဖန်တဲ့ စာတမ်းတွေဖတ်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။

bnv

တိုင်းရင်းသားလူမျိုးတွေရဲ့ စာပေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို စမ်းသပ်စီစဉ်ရာမှာ အောင်မြင်ခဲ့တဲ့အတွက် နောင်နှစ်မှာတိုင်းရင်းသားလူမျိုးပေါင်းစုံ စာပေစာတမ်းဖတ်ပွဲတွေ၊ စာပေဆိုင်ရာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာပြပွဲတစ်ရပ်ကို ကျင်းပနိုင်ဖို့ ရည်ရွယ်ထားပြီး အခြားဝန်ကြီးဌာနတွေနဲ့လည်း ပေါင်းစပ်ပြီးစီစဉ်ဖို့ ရည်ရွယ်ထားပါတယ်။

မေး။ ။ ပြည်သူလူထုအတွက် လူထူထုအုအခြေပြုစင်တာတွေ စီစဉ်နေတဲ့အကြောင်းကိုလည်းရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးဌာနသည်အများပြည်သူအတွက် အသိပညာတိုးတက်ရေးအပြင် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း တွေ၊ အထူးသဖြင့် ဒီမိုကရေစီအလေ့အကျင့်ကောင်းတွေ ရရှိဖို့အတွက်လည်း ဆောင်ရွက်နေတာရှိပါတယ်။ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရဲ့ ရုံးတွေဟာ မြို့နယ်တိုင်း၊ ခရိုင်တိုင်းမှာ ရှိပါတယ်။ အဲဒီမှာစာကြည့်တိုက်တွေရှိပြီး ပြည်သူ့စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းတွေကို ဆောင်ရွက်ပါတယ်။ စာဖတ်ချင်ရင်ဖတ်ဖို့ နေရာထိုင်ခင်းပေးတယ်။ နောက်ပိုင်းမှာ စာကြည့်တိုက်တွေကို Community Libray၊ Community Center လူထုအခြေပြုစာကြည့်တိုက်၊ လူထုအခြေပြုဗဟိုဌာနဆိုပြီး ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ ဒီနေရာတွေကို စာဖတ်ဖို့တင်မကတော့ဘဲ အချင်းချင်းတွေ့ဆုံရာ၊ လူမှုရေး စီးပွားရေးတွေ ဆွေးနွေးရာ၊ ရပ်ရွာအရေးကိစ္စကို ဝိုင်းဖွဲ့စကားပြောရာ နေရာအဖြစ် သုံးနိုင်အောင်ကြိုးစားနေပါတယ်။ အဖွဲ့အစည်းဖြစ်စေ၊ကလေးတွေဖြစ်စေ၊ အိမ်ရှင်မတွေဖြစ်စေ၊လူကြီး၊ လူငယ်အားလုံး လာရောက် ဝင်၊ ထွက်နိုင်တဲ့ နေရာတစ်နေရာဖြစ်လာအောင်ကြိုးစားဖော်ဆောင်နေပါတယ်။ ရပ်ရွာလူထုလာပြီး အခြေပြုတဲ့နေရာဖြစ်တဲ့အထိ ကြိုးစားသွားပါမယ်။ လူငယ်လူလတ်တွေ၊ လူကြီးတွေဝါသနာတူ၊ စိတ်ဝင်စားမှုတူတာတွေကို စုစည်းပြီး ပေးထားနိုင်ဖို့အတွက် လိုအပ်ချက်တွေတော့ ရှိပါတယ်။ နေရာအခက်အခဲနဲ့ အသုံးအဆောင် အခက်အခဲတွေပါ။ သို့သော် အခုအချိန်မှာ ရှိတဲ့အနေအထားနဲ့တင် ရပ်ရွာအခြေပြုလုပ်ငန်းတွေ လုပ်ကိုင်ပေးဖို့၊လုပ်မယ့်သူတွေကို ကူညီပေးဖို့ရှိပါတယ်။ဥပမာဆိုရင် အားကစားဝါသနာပါတဲ့သူတွေအတွက် ကျယ်ဝန်းတဲ့ရုံးနေရာတွေဆိုရင် ဘော်လီဘောကွင်း၊ ဖူဆယ်နဲ့ပိုက်ကျော်ခြင်း စတဲ့အားကစားလုပ်ဆောင်လို့ရတဲ့နေရာအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး နေရာထိုင်ခင်းကျဉ်းတယ်ဆိုရင် စားပွဲတင်တင်းနစ်လိုမျိုး နေရာကျဉ်းကျဉ်းနဲ့ အားကစားကိစ္စဆောင်ရွက်နိုင်မယ့် အစီအစဉ်မျိုးတွေထည့်သွင်းထားဖို့ ရည်ရွယ်ထားပါတယ်။

အားကစားအပြင် ဂီတ၊ ပန်းချီ၊ ဓာတ်ပုံ စတဲ့ဝါသနာပါသူတွေကို ပညာရှင်တွေခေါ်ယူပြီးသင်တန်းလေးတွေပေးတာမျိုးလုပ်ပေးလို့ ရပါတယ်။ ဒီနေရာမှာ ဝါသနာတူ၊ အရေးကိစ္စတူရပ်ရွာအရေးကိစ္စဆွေးနွေးတိုင်ပင်မယ်ဆိုရင်ဒီမှာ စီစဉ်ပေးမယ်။ တာဝန်ခံတွေကိုလည်းညွှန်ကြားထားပါတယ်။ ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေလည်း အစည်းအဝေးလုပ်တာ၊ တိုင်ပင်ဆွေးနွေးတာတွေရှိရင် လာရောက်ကျင်းပနိုင်ပါတယ်။

mvb

မေး။ ။ ပြည်သူ့ဆန္ဒ၊ ပြည်သူ့ သဘောထားတွေနဲ့ ပြည်သူတွေရဲ့မျှော်လင့်ချက်တွေကို အစိုးရနှင့် မဏ္ဍိုင်ကြီးသုံးရပ်အကြား တိုက်ရိုက်သိရှိနိုင်မယ့်နည်း လမ်းတွေကိုရောဖော်ဆောင်နေတာမျိုးရှိပါသလားရှင့်။

ဖြေ။ ။ ဒီလိုအစီအစဉ်တွေကိုလည်းပြန်ကြားရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေတာရှိပါတယ်။ စာပေဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်မှာလည်း စာဖတ်ဝိုင်းတွေ ဖွဲ့စည်းပေးထားပါတယ်။ စာအုပ်အကြောင်း၊ လက်ရှိလူမှုရေး၊ စီးပွားရေး၊နိုင်ငံရေး၊ အလုပ်အကိုင်စတဲ့ ဆွေးနွေးပွဲတွေကို တွင်ကျယ်စွာကျင်းပနေပါတယ်။ ပြည်သူ့စကားဝိုင်းဆိုတဲ့အစီအစဉ်ဟာ အများပြည်သူက မိမိတို့သဘောထားတွေ၊ ခံစားချက်တွေ၊ လိုအင်ဆန္ဒတွေကိုပြောဆိုဆွေးနွေးနိုင်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ပြည်သူကပြောဆိုတဲ့အသံတွေကို တိုင်းပြည်ကို စီမံခန့်ခွဲနေတဲ့သူတွေသိရှိပြီးလိုအပ်တဲ့ဆောင်ရွက်မှုတွေ လုပ်ကိုင်နိုင်အောင် ရည်ရွယ်ကျင်းပနေပါတယ်။

အခုဆိုရင် အမြို့မြို့အနယ်နယ်မှာပြည်သူ့စကားဝိုင်း ၆၀ နီးပါး ကျင်းပနိုင်ခဲ့ပါတယ်။ ပြည်သူ့စကားဝိုင်းမှာ သက်ဆိုင်ရာနယ်မြေက ပြည်သူ့ကိုယ်စားလှယ်တစ်ဦး၊ အစိုးရဌာန တာဝန်ရှိသူတစ်ဦး၊ သက်ဆိုင်ရာနယ်ပယ်အလိုက် ပညာရှင်နဲ့ ပြည်သူစသည်ဖြင့် ပုဂ္ဂိုလ် လေး၊ ငါးဦးက ဦးဆောင်ဆွေးနွေးပြီးကျန်တာကို ပြည်သူနဲ့ တက်ရောက်လာသူတွေက ပါဝင်ဆွေးနွေး မေးမြန်းတဲ့ အစီအစဉ်ဖြစ်ပါတယ်။

ပြည်သူတွေက သူတို့စိတ်ကူးစိတ်သန်းတွေ အတွေးအခေါ်တွေကို လူအများကြားမှာပြောဆိုတတ်အောင်၊ ဒီမိုကရေစီအခွင့်အရေးတွေကို ခံစားနိုင်အောင် ဖြည့်ဆည်းပေးနေတာဖြစ်ပြီး သက်ဆိုင်ရာအစိုးရတာဝန်ရှိသူတွေလည်း ပါဝင်တဲ့အတွက် ပြည်သူ့ဆန္ဒနဲ့ ပြည်သူ့သဘောထားတွေကို ချက်ချင်းလက်ငင်းသိရှိဆောင်ရွက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ မေး။ ။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ရည်ရွယ်ချက်အတိုင်း ပြည်သူတွေအတွက်ဖျော်ဖြေပေးနေတဲ့အပိုင်းမှာရော ဘယ်လိုကဏ္ဍသစ်၊ စာမျက်နှာသစ်တွေ ဖွင့်လှစ်နိုင်ခဲ့ပါသလဲ။

ဖြေ။ ။ ဖျော်ဖြေရေးလုပ်ငန်းတွေကိုအဓိကဆောင်ရွက်နေတာက မြန်မာ့အသံနှင့်ရုပ်မြင်သံကြားက ဖြစ်ပါတယ်။ သတင်းအချက်အလက်ပေးရာနဲ့ ဖျော်ဖြေမှုတင်ဆက်ရာမှာဝန်ထမ်းတွေကိုယ်တိုင်လည်း တာဝန်ယူဆောင်ရွက်သလို ပြင်ပနယ်ပယ်အသီးသီးကပညာရှင်တွေကိုလည်း ဖိတ်ခေါ်ဆောင်ရွက်နေပါတယ်။

ထင်ရှားကျော်ကြားတဲ့ အနုပညာရှင်တွေ၊ထင်ရှားကျော်ကြားခဲ့တဲ့ အနုပညာရှင်တွေနဲ့တွဲဖက်ပြီး အစီအစဉ်ပေါင်းများစွာ တင်ဆက်ပေးနိုင်ခဲ့ပါတယ်။ တစ်ဖက်မှာလည်း မထင်ရှားမကျော်ကြားသေးသော်လည်း အနုပညာအရည်အသွေးရှိတဲ့၊ အလားအလာရှိတဲ့လူငယ်တွေကို ပြုစုပျိုးထောင်မြေတောင်မြှောက်ပေးတဲ့ အစီအစဉ်ကိုလည်းလုပ်ဆောင်နေပါတယ်။ ဥပမာ၊ ငြိမ်းချမ်းရေးသီချင်းဆိုပြိုင်ပွဲပါ။ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်ရာမှာ ငြိမ်းချမ်းရေးစိတ်ဓာတ်တွေ တစ်နိုင်ငံလုံးအနှံ့ ပြန့်ပွားရေးအတွက်ရည်ရွယ်ခြင်းဖြစ်ပါတယ်။

ဂီတမျိုးဆက်သစ်တွေ ဖော်ထုတ်ရာလည်းရောက်ပြီး ငြိမ်းချမ်းတဲ့သံစဉ်တွေလည်းကြားနိုင်အောင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကနေ ဦးဆောင်ပြီး ဂီတအစည်းအရုံး၊ ဂီတပညာရှင်တွေရဲ့ စုပေါင်းအားပေးမှုနဲ့အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ မျိုးဆက်သစ် အဆိုကျွမ်းကျင်သူတွေ မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ဒီနှစ်ထဲမှာ ဒီမိုကရေစီရုပ်ရှင်ရက်သတ္တပတ်ကိုလည်းဆောင်ရွက်ခဲ့ပါတယ်။ ကမ္ဘာ့ဒီမိုကရေစီနေ့မှာဒီမိုကရေစီကို အားပေးသော၊ မြှင့်တင်သောအနုပညာပွဲတော်အဖြစ် ရုပ်ရှင်ဇာတ်ကားလေးကားကို မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနဲ့ ရုပ်ရှင်လောကသားတွေရဲ့ အကူအညီနဲ့ရိုက်ကူးနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားတွေထဲကနေခြည်မှာ ရွှေရည်လောင်းဆိုတဲ့ ဇာတ်ကားကမြန်မာ့ရုပ်ရှင်ထူးချွန်ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီရုပ်ရှင်ပွဲတော်အပြင်အနုပညာရှင်တွေအားလုံးရဲ့ ပူးပေါင်းစီစဉ်မှုနဲ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲကိုလည်း ကျင်းပခဲ့ပြီးသဘင်၊ ဂီတ၊ ရုပ်ရှင်စတဲ့ အနုပညာရှင်တွေအားလုံးပါဝင်တဲ့ ပဒေသာကပွဲတစ်ရပ်ကိုလည်းကျင်းပနိုင်ခဲ့ပါတယ်။

မေး။ ။ မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာနကဆောင်ရွက်ပေးဖို့ရှိတဲ့ လုပ်ငန်းစဉ်တွေကိုလည်း သိပါရစေ။

ဖြေ။ ။ ပြန်ကြားရေးဝန်ကြီးက ရုပ်ရှင်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီပံ့ပိုးပေးနေတာတွေ ရှိပါတယ်။ နေပြည်တော်မှာ ရုပ်ရှင်စတူဒီယိုတစ်ခုကို ထူထောင်နိုင်ဖို့နဲ့ရုပ်ရှင်အနုပညာနဲ့ ပတ်သက်တဲ့ သင်တန်းကျောင်းတစ်ခု တည်ဆောက်ဖွင့်လှစ်နိုင်ဖို့အတွက် ညှိနှိုင်းစီစဉ်နေတာရှိပါတယ်။အဲဒီမှာ သက်ဆိုင်ရာဌာနတွေဖြစ်တဲ့သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန၊ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ ရုပ်ရှင်အစည်းအရုံး စတဲ့အဖွဲ့တွေနဲ့အားလုံးပူးပေါင်းပြီးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဦးအောင်လှထွန်းဒုတိယဝန်ကြီး

မေး။ ။ မြန်မ်မာနိုင်ငံမှာ မီဒီယာကဏ္ဍဟာ ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို သိပါရစေ။

ဖြေ။ ။ ကျွန်တော်တို့ နိုင်ငံအတွက်မီဒီယာကဏ္ဍဟာ အလွန်အရေးကြီးပါတယ်။ အခြားနိုင်ငံတွေထက်ပိုပြီးတော့လည်း အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေဟာသူများနိုင်ငံတွေမှာထက် အဆမတန်များပြားပါတယ်။ နိုင်ငံတကာမီဒီယာတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ စိတ်ဝင်စားမှုကို အများကြီးရရှိနေလို့လည်း ဖြစ်ပါတယ်။ကျွန်တော်တို့မှာရှိတဲ့ နိုင်ငံတကာကစိတ်ဝင်စားမှုမြင့်မားတဲ့ အဓိကပြဿနာကြီးအချို့ရဲ့ ပင်မအကြောင်းအရင်းတွေဟာ နိုင်ငံလွတ်လပ်ရေးမရခင် ကိုလိုနီလက်အောက်ခံဘဝကတည်းက စတင်ပေါက်ဖွားလာခဲ့ပြီးခေတ်အဆက်ဆက်မှာ ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့တဲ့အပြင် ပိုမိုရှုပ်ထွေးလာခဲ့ကြတာ ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ဟာ ၁၉၆၂ ခုနှစ်မှာ လုံးဝဆိတ်သုဉ်းသွားခဲ့ပြီး ရာစုနှစ်ဝက်အကြာ၂၀၁၁ ခုနှစ်မှာမှ ပြန်လည်မွေးဖွားလာပြီးတဖြည်းဖြည်းရှင်သန်လာခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ တစ်ကျော့ပြန် ဒီမိုကရေစီသက်တမ်း ခုနစ်နှစ်သာရှိသေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်ဟာ ငါးနှစ်သာရှိပါသေးတယ်။ မီဒီယာကဏ္ဍကို ပြန်ပြောရင်နိုင်ငံတကာမီဒီယာနဲ့ ပြည်တွင်းမီဒီယာဆိုပြီးနှစ်ပိုင်းရှိပါတယ်။ ပြည်တွင်းမီဒီယာမှာလည်းနိုင်ငံပိုင်မီဒီယာနဲ့ ပုဂ္ဂလိကမီဒီယာဆိုပြီး ရှိပါတယ်။ နိုင်ငံအတွင်းမှာဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စတဲ့ကဏ္ဍနယ်ပယ်အသီးသီးက အခြေအနေကို ပြည်တွင်း ပြည်ပက စိတ်ဝင်စားသူတွေကို ပြောပြရတဲ့တာဝန်ကို မီဒီယာတွေက ထမ်းဆောင်ပါတယ်။

agrt

နိုင်ငံတကာအသိုင်းအဝိုင်းမှာ နိုင်ငံတစ်ခုခုနဲ့ ပတ်သက်လို့ မူဝါဒတွေချမှတ်တဲ့အခါမှာ အဲဒီနိုင်ငံရဲ့အကြောင်းကို နိုင်ငံတကာသတင်းမီဒီယာတွေရဲ့ ပုံဖော်ရေးသားမှုတွေအပေါ် အများကြီးအခြေခံလေ့ရှိကြပါတယ်။အဲဒါကြောင့် နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ စနစ်တကျဆက်ဆံဖို့ ကျွန်တော်တို့အတွက်သိပ်အရေးကြီးပါတယ်။ ပြည်တွင်းက နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကပိုင် မီဒီယာနှစ်ခုစလုံးက ရာစုနှစ်ထက်ဝက်ကြာ ခါးဆက်ပြတ်ခဲ့လို့ မြန်မာ့အကြောင်း ကမ္ဘာကိုတင်ပြတဲ့နေရာမှာအခက်အခဲတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ ကြုံတွေ့နေဆဲလည်း ဖြစ်ပါတယ်။

မေး။ ။ အခုအစိုးရသက်တမ်းအတွင်းမှာ မီဒီယာနဲ့ပတ်သက်ပြီး ဘာတွေဆောင်ရွက်ပြီးခဲ့ပြီး ဘယ်လိုအရာတွေ ဆက်လက်ဆောင်ရွက်သွားဖို့ရှိသလဲဆိုတာ သိပါရစေ။

ဖြေ။ ။ လက်ရှိအစိုးရအနေနဲ့ ၂၀၁၆ ခုနှစ်မှာ စတင်တာဝန်ယူခဲ့တာဆိုတော့သက်တမ်း နှစ်နှစ်ပြည့်ခဲ့ပါပြီ။ ဒီသက်တမ်းနှစ်နှစ်တာအတွင်းမှာ မီဒီယာကဏ္ဍနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်ပြီးခဲ့ပြီလဲဆိုတာထက် ကျန်တဲ့ သုံးနှစ်အတွင်းမှာမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ဘာတွေဆောင်ရွက်ဖို့ရှိသလဲ၊ ဘာတွေကျန်သေးသလဲဆိုတာတွေကို အဓိကထားရှင်းလင်းတင်ပြလိုပါတယ်။ပြည်တွင်းက နိုင်ငံပိုင်နဲ့ ပုဂ္ဂလိကမီဒီယာတွေကတော့ နိုင်ငံတော်အစိုးရရဲ့ မဏ္ဍိုင်သုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့တရားစီရင်ရေးတို့နဲ့ ပြည်သူတွေအကြားမှာပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ရပါတယ်။

မဏ္ဍိုင်သုံးရပ်က လုပ်ကိုင်ဆောင်ရွက်နေတာတွေကို အပြုသဘောနဲ့ စောင့်ကြည့်ဝေဖန်သုံးသပ်ပြီး ပြည်သူကိုတင်ပြကြရသလိုပြည်သူတွေရဲ့ကြားမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်နဲ့ ပြည်သူ့သဘောထားတွေ ခံစားချက်တွေကိုလည်း မဏ္ဍိုင်သုံးရပ်က သိရှိအောင် ရေးသားဖော်ပြကြရပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က မီဒီယာတွေရဲ့အရေးပါပုံကို အမြဲတမ်းအသိအမှတ်ပြုပြီးမီဒီယာလောက စနစ်တကျဖွံ့ဖြိုးတိုးတက်ရေးကို တတ်စွမ်းသလောက် ကူညီဆောင်ရွက်နေတယ်ဆိုတာကို တင်ပြလိုပါတယ်။

သတင်းမီဒီယာသမားအားလုံးအတွက်အရေးအကြီးဆုံးက သတင်းအချက်အလက်ရရှိနိုင်မှု (Access to Information) နဲ့ သတင်းလွတ်လပ်စွာရေးသားဖော်ပြနိုင်မှု (Freedom of Press) တို့ ဖြစ်ပါတယ်။

သတင်းအချက်အလက်ရရှိပိုင်ခွင့် မြင့်မားခိုင်မာလာစေဖို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အဆင့်တွေမှာပါ ပြောရေးဆိုခွင့်ရှိသူတွေသတ်မှတ်တာဝန်ပေးနိုင်ဖို့၊ သတင်းမီဒီယာသမားတွေက ဆက်သွယ်မေးမြန်းလာတဲ့အခါမှာ စနစ်တကျပြန်လည်ဖြေကြားပေးဖို့၊ဒါ့အပြင် အများပြည်သူ သိသင့်သိထိုက်ပြီးနိုင်ငံတော်လုံခြုံရေးကို မထိပါးစေနိုင်တဲ့သတင်းအချက်အလက်တွေကို မိမိတို့ရဲ့ဝက်ဘ်ဆိုက်နဲ့ လူမှုမီဒီယာတွေမှာ ကြိုတင်ထုတ်ပြန်ထားဖို့ စတဲ့ကိစ္စတွေကို ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။ဌာနအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေကို သတင်းမီဒီယာကိစ္စရပ်တွေမှာ စနစ်တကျကိုင်တွယ်နိုင်ဖို့အတွက် ဆွေးနွေးလေ့ကျင့်ပေးခြင်း၊ မဏ္ဍိုင်သုံးရပ်နဲ့ မီဒီယာအကြားမှာ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အလုပ်ရုံဆွေးနွေးပွဲများကျင်းပခြင်း စတဲ့ကိစ္စရပ်တွေကိုလည်းတတ်စွမ်းသလောက် ဆောင်ရွက်လျက်ရှိပါတယ်။

မေး။ ။ သတင်းမီဒီယာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ရှေ့ဆက်သွားမယ့်အစီအစဉ်တွေကိုလည်း သိပါရစေ။

ဖြေ။ ။  နိုင်ငံတကာသိပ်စိတ်ဝင်စားနေတဲ့နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကိုပြည်တွင်း ပြည်ပ မီဒီယာသမားတွေ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လေ့လာနိုင်ဖို့အတွက် Guide Tour တွေကို နှစ်ပတ်တစ်ကြိမ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ သတင်းမီဒီယာလွတ်လပ်မှုကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့အတွက် သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်း၊ဌာနအသီးသီးက တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးသုံးသပ်ပြီး Standard Operation Procedure (စံလုပ်ငန်းလမ်းညွှန်) တစ်ခုပေါ်ထွန်းလာရေးအတွက် ဆောင်ရွက်လျက်ရှိပါတယ်။ ပြုပြင်ပြောင်းလဲသင့်တဲ့ ဥပဒေတွေကို ပြောင်းလဲဖို့နဲ့ အသစ်ရေးဆွဲဖို့ လိုအပ်တဲ့ ဥပဒေတွေကိုလည်းရေးဆွဲဖို့ သက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။

တစ်ချိန်တည်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ကြသူတွေကိုပြန်လည်လက်ခံရေးနဲ့ပတ်သက်လို့ ကျွန်တော်တို့နိုင်ငံရဲ့ ပြင်ဆင်ထားရှိမှုအခြေအနေကိုနိုင်ငံတကာသို့ ရှင်းလင်းတင်ပြတဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြီးခဲ့တဲ့လအတွင်းကကျင်းပပေးခဲ့ပါတယ်။ နောင်မှာလည်းသတင်းစာရှင်းလင်းပွဲတွေကို အခါအားလျော်စွာ ကျင်းပနိုင်ဖို့ ကြိုးစားပါမယ်။ သီးသန့်တွေ့ဆုံမေးမြန်းခွင့်တောင်းလာတဲ့ နိုင်ငံတကာသတင်းမီဒီယာသမားတွေကိုလည်း စိစစ်လက်ခံတွေ့ဆုံပေးလျက်ရှိပါတယ်။

မေး။ ။ သတင်း မီဒီယာလောကသားတွေကိုရော ဝန်ကြီးဌာနအနေနဲ့ အသိပေးလိုတာများ ရှိပါသလားရှင့်။

ဖြေ။ ။ အားလုံးခြုံငုံပြောရမယ်ဆိုရင်ကျွန်တော်တို့နိုင်ငံအတွက် လွတ်လပ်ပြီးတာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ပြည့်စုံကာ မိမိကိုယ်ကိုမိမိ ထိန်းကျောင်းနိုင်စွမ်းရှိတဲ့ မီဒီယာ(Independent Responsible and Self regulated Media ပေါ်ထွန်းရေး အရေးပါပုံကို ကျွန်တော်တို့အနေနဲ့ လုံးဝအသိအမှတ်ပြုပါတယ်။

အဲဒီလိုပေါ်ထွန်းလာဖို့အတွက် တတ်စွမ်းသလောက် ဆောင်ရွက်နေတဲ့နေရာမှာကျေနပ်အားရဖွယ်မရှိသေးဘူးဆိုတာကိုလည်းနားလည်ပါတယ်။ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ အများကြီးရှိနေတဲ့အတွက် မီဒီယာသမားအားလုံးက စေတနာထားပြီး စိတ်ရှည်ရှည်နဲ့ပူးပေါင်းဆောင်ရွက်သွားကြပါလို့ မေတ္တာရပ်ခံတင်ပြအပ်ပါတယ်။