ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှု နည်းပါး စေရန် ဝေးလံခေါင်သီ ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့် ရာခိုင်နှုန်းအား တိကျစွာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်း

နေပြည်တော် ၂၂ ဩဂုတ်


ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် မာန်အောင် မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်က ပြည်နယ်၊ ပြည်မ ပညာရေးကွာဟမှုနည်းပါးစေရန် ဝေးလံခေါင်သီ ဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့်ရာခိုင်နှုန်းအား တိကျစွာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့သည်။


အဆိုပါမေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ရိုးရှင်းသည့် မူဝါဒဖြစ်သော မည်သည့်ခွဲခြားမှုမျှမရှိဘဲ (No Discrimination)၊ တစ်ဦးတစ်ယောက်မျှ မချန်ရစ်ထားဘဲ (No One is Left Behind)၊ ကျောင်းထွက်သူ လုံးဝမရှိစေရေး (No School Drop Out) မူဝါဒဖြင့် အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိသည့် တက္ကသိုလ်များအနက် ရန်ကုန်ပညာရေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေး တက္ကသိုလ်တို့တွင် ဝေးလံခေါင်သီ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသော ဒေသများမှ ကျောင်းသားကျောင်းသူများအတွက် ရန်ကုန်တက္ကသိုလ်တွင် ၂ ရာခိုင်နှုန်းစီဖြင့်လည်းကောင်း၊ ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်တို့တွင် ဘာသာတွဲ သုံးခု သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲ၊ ဝိဇ္ဇာဘာသာတွဲအတွက် ဘာသာတွဲတစ်ခုလျှင် ၅ ရာခိုင်နှုန်းစီဖြင့်လည်းကောင်း၊ ပညာရေးကောလိပ်များတွင် ၅ ရာခိုင်နှုန်းစီဖြင့်လည်းကောင်း ဝင်ခွင့်ရာခိုင်နှုန်းများ သတ်မှတ်၍ အနိမ့်ဆုံးရှိသင့်သည့် အရည်အချင်းအရလည်း ဝင်ခွင့်ပြုပေး လျက်ရှိပါကြောင်း။


သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်တွေများတွင်လည်း ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်များတွင်လည်း ဒေသခံတက္ကသိုလ် ကျောင်းသား ကျောင်းသူ တက်ခွင့်ရသည့် ကျောင်းသားကျောင်းသူများအနေဖြင့် တက်ရောက်ခွင့်ရရှိရန် စီစဉ်ဆောင်ရွက်ထားလျက်ရှိပါကြောင်း။


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားချက်အရ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်တွင် ဝေးလံခေါင်သီ ဒေသရှားပါးစရိတ် ခံစားခွင့်ပြုထားသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သော ကျောင်းသား ကျောင်းသူများအား ပညာသင်နှစ်အလိုက် သတ်မှတ်ထားသော တက္ကသိုလ်ဝင်ခွင့် ရမှတ်ပြည့်မီပါက ဝင်ခွင့်ရကျောင်းသား ကျောင်းသူများ၏ ၁၀ ရာခိုင်နှုန်းအား ဝင်ခွင့်ပြုရန် တိကျစွာ သတ်မှတ်ပြီး စီစဉ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပေါင်းစပ်ဖြေကြားမှုအရ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များ၏ ဝင်ခွင့်ရွေးချယ်သည့် စနစ်သည် သက်ဆိုင်ရာ ပညာသင်နှစ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် ဖြေဆိုအောင်မြင်သူများကို တက္ကသိုလ်အလိုက် အများဆုံးလက်ခံနိုင်သည့် လျာထားဦးရေအတိုင်း ဦးစားပေးတက္ကသိုလ် ရွေးချယ်လျှောက်ထားမှုအပေါ် မူတည်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်ခွဲခြားမှု မရှိဘဲ ရွေးချယ်သည့်စနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါကြောင်း။


သို့ရာတွင် ဝေးလံခက်ခဲသော ကျေးလက်ဒေသများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှု၍လည်းကောင်း၊ ဆေးပညာကို အမှန်တကယ် ဝါသနာပါပြီး မိမိဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ပြန်လည်  ထမ်းဆောင်နိုင်မည့် အရည်အသွေး ပြည့်ဝသော ဆရာဝန်ကောင်းများ ပေါ်ထွန်းလာစေရေးအတွက်လည်းကောင်း ရည်ရွယ်၍ နိုင်ငံတော်မှ ထုတ်ပြန်ထားသော ဒေသစရိတ် ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲ သော ဒေသများဖြစ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခြောက်ခုတို့မှ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအား ဆေးတက္ကသိုလ်များသို့ ဝင်ခွင့်ပြုနိုင်ရေးအတွက် အဆင့်ဆင့်တင်ပြ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ တင်ပြမှုအပေါ် နိုင်ငံတော်သမ္မတရုံး၏ သဘောတူ ခွင့်ပြုချက်ဖြင့် ၎င်းဒေသများ၌ အခြေခံပညာ အထက်တန်းများတွင် သုံးနှစ်ဆက်တိုက် ပညာသင်ယူပြီး သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသူများကို မူလပုံမှန်ဝင်ခွင့်ပြု အနိမ့်ဆုံးရမှတ်အောက် လျှော့ပေါ့၍ ဆေးတက္ကသိုလ်များသို့ စုစုပေါင်း ဝင်ခွင့်ပြုဦးရေ၏ ၃ ရာခိုင်နှုန်း ဝင်ခွင့်ပြုလျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


သီးခြားဝင်ခွင့်ဖြင့် ရွေးချယ်သည့် တက္ကသိုလ်များနှင့် ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့မှ ရွေးချယ်မည့် တက္ကသိုလ်များသို့ တိတိကျကျ တက်ခွင့်ရရန် ဝန်ကြီးဌာနအနေဖြင့် သတင်းစာမှ တိတိကျကျ အားလုံးသိရှိစေရန် ခေါ်ပေးမည့် အစီအစဉ် ရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးခွန်းမေးမြန်းရာ ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားမှုမျှ မရှိသော မူဝါဒအရ ခွဲခြားမှုများ ဖော်ပြခြင်းကို ဆောင်ရွက်မည် မဟုတ်ကြောင်း၊ သတ်မှတ်သည့် ရာခိုင်နှုန်းများလည်း အတိအကျ အသိပေးတင်ပြထားပြီးဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော ပညာရေးကို ဦးတည် အကောင်အထည်ဖော် ဆောင်ရွက်သည့်အခါ နိုင်ငံတကာအဆင့်မီ တက္ကသိုလ်များအဖြစ် အားကောင်းအောင် ဆောင်ရွက်ရမည့် တက္ကသိုလ်များကိုလည်း မိမိတို့က အနိမ့်ဆုံးရှိသင့်သည့် အရည်အချင်းအရ သတ်မှတ်ဆောင်ရွက်မည် ဖြစ်သောကြောင့် အနိမ့်ဆုံးရှိသင့်သည့် သတ်မှတ် အရည်အချင်း ပြည့်မီသူများကိုသာ စိစစ်ရွေးချယ် လက်ခံပေးသွားနိုင်မည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။


MDN


Credit> ပြည်သူ့လွှတ်တော်