ပြည် မတ် ၂၉

 

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၌ ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို လမ်းလျှောက်သင်္ကြန်၊ ဗဟိုမဏ္ဍပ်နှင့် ယိမ်းအကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်‌ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။

 

ထိုသို့ စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေးအတွက် မြို့အလယ်ရှိ ဗိုလ်ချုပ်ကျောက်ရုပ်အနီး လမ်းမတော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံနေရာ၌ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ရှိသူများ၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါဗဟိုမဏ္ဍပ်၌ ကျင်းပမည့် ယိမ်းအကပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နဝင်းရပ်ကွက်၊ ဆင်စုရပ်ကွက်၊ ကျောင်းကြီးအိုးတန်း၊ ခေတ္တရာနှင့် ရွာဘဲရပ်ကွက်အပါအဝင် မြို့ပေါ်ရပ်ကွက်ကြီးများနှင့် ဌာနဆိုင်ရာ ယိမ်းအဖွဲ့များက သက်ဆိုင်ရာ ရပ်ကွက်/ဌာနများ၌ အဖွဲ့အလိုက် ယိမ်းအကတိုက်ခြင်းများ ဆောင်ရွက်လျက်ရှိကာ လမ်းလျှောက်သင်္ကြန်ကို ဗဟိုမဏ္ဍပ်မှ ညဈေးတန်း (အဟောင်း)လမ်းအတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ကျင်းပမည်ဖြစ်

ပြည်မြို့၏ မဟာသင်္ကြန်ရက်များအတွင်း ဗဟိုမဏ္ဍပ်၌ နေ့စဉ်နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် တေးဂီတဖျော်ဖြေရေး အစီအစဉ်များ၊ ဌာနဆိုင်ရာနှင့် မြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေယှဉ်ပြိုင်မှုများ၊ စတုဒိသာဧည့်ခံကျွေးမွေးရေးအစီအစဉ်များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကာ ရေကစားသူ ပြည်သူများအနေဖြင့် ပြည်မြို့ဗဟိုမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့တွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

ကိုဆက်(ပြန်/ဆက်)