နေပြည်တော် ဇွန် ၁၄

 

မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကုဆရာဝန်ကြီး ၁၂ ဦး ပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများနှင့်အတူ ဇွန် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် ဒေသခံပြည်သူများအား ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် နှလုံးရောဂါ ဆိုင်ရာလူနာ ၂၂၄ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာလူနာ ၁၄၉ ဦး၊ ဦးနှောက်နှင့် အာရုံကြောဆေးကုသမှုဆိုင်ရာလူနာ ၂၀၅ ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှု ဆိုင်ရာလူနာ ၂၉ ဦး၊ အသည်းရောဂါဆိုင်ရာ လူနာ ၅၂ ဦး၊ ဆီးချိုနှင့်ဟော်မုန်းရောဂါလူနာ ၁၉၂ ဦး၊ ဆီးနှင့်ကျောက်ကပ်ရောဂါဆိုင်ရာ လူနာ ၁၁၅ ဦး၊ ရင်ခေါင်းရောဂါဆိုင်ရာလူနာ ၃၈ ဦး၊ ကင်ဆာရောဂါဆိုင်ရာလူနာ ၂၇ ဦး၊ အထွေထွေရောဂါလူနာ ၄၅၆ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါလူနာ ၂၃၉ ဦးတို့အား ကြည့်ရှုကုသမှုပေးခဲ့သည်။

 

ထို့ပြင် နှလုံးပုံရိပ်ဖော်ရိုက်ကူးခြင်း ၁၅၁ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်း ကြည့်ရှုကုသခြင်း နှစ်ဦး၊ အူမကြီးမှန်ပြောင်း ကြည့်ရှုစစ်ဆေးခြင်း နှစ်ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၁၆၉ ဦး၊ ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှု ၁၆၀၀၊ တယ်လီဗေးရှင်းဓာတ်မှန် ဖြင့် ရောဂါရှာဖွေခြင်း ၂၃၃ ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း ၃၅၈ ဦးတို့အား  ဆောင်ရွက် နိုင်ခဲ့ပြီး နားဝေဒနာရှင် ၃၃ ဦးအား နားကြား ကိရိယာ တပ်ဆင်ပေးသည်။

 

ထိုသို့ကုသရာတွင် ပြည်မြို့နယ်သာမက ပဲခူးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး တို့အတွင်းရှိ မြို့နယ် ၁၆ မြို့နယ်မှ ပြည်သူများကိုပါ ကုသပေးခဲ့သည်။

 

ကျန်းမာရေးဝန်ကြီးဌာနသည် ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူများလက်လှမ်း မီရရှိနိုင်ရန်၊ ဆေးကုသမှုအတွက် လူနာမှ စိုက်ထုတ်ကုန်ကျစရိတ် လျော့နည်းစေရန်၊ ရောဂါများကို အချိန်မီ စောစီးစွာသိရှိကုသမှု ခံယူနိုင်စေရန်ရည်ရွယ်၍ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ပြည်သူ့ဆေးရုံကြီးများသို့ လည်းကောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်ပြည်သူ့ ဆေးရုံကြီးများမှ အထူးကုဆရာဝန်ကြီးများက ခရိုင်၊ မြို့နယ်များသို့ လည်းကောင်း ကွင်းဆင်း ကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိပြီး မေ ၃၀ ရက်နှင့် ၃၁ ရက်တို့တွင် ပုသိမ်မြို့ ပြည်သူ့ဆေးရုံကြီး၌ လူနာပေါင်း ၈၁၈ ဦးအား ကုသပေးနိုင်ခဲ့ကြောင်းနှင့် ယခုကဲ့သို့ အထူးကု ကွင်းဆင်းကုသမှု အစီအစဉ်များကို အခြား မြို့များသို့လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်