ပြည်ကြီးမဏ္ဍိုင် ၁၇ စက်တင်ဘာ
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင် မြို့ပေါ်ရပ်ကွက် အတွင်းရှိ မသန်စွမ်းသူများအား ကိုဗစ်-၁၉ ရောဂါကာလအတွင်း စီပွားရေး ကုစားမှု အစီအစဉ်ဖြင့် (၁) ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများကို စက်တင်ဘာ ၁၆ ရက်နေ့က လူမှုဝန်ထမ်းဦးစီးဌာနမှ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူများသို့ ပေးအပ်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းကစ၍ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ပြည်ကြီး မဏ္ဍိုင်ရပ်ကွက်တွင် မသန်စွမ်းသူ ကိုးဦးနှင့် လေညာအရှေ့ရပ်ကွက်တွင် မသန်စွမ်းသူ ရှစ်ဦး စုစုပေါင်း ၁၇ ဦးအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မျိူးလွင်(ပြန်/ဆက်)