ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသည့်ဌာနဖြစ်၍ ပညာရေး ဝန်ထမ်းမိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်‌အောင် ကြိုးစား‌ဆောင်ရွက်ကြ ရမည်ဖြစ်

နေပြည်တော် မေ ၂၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေး ဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် အွန်လိုင်းမှ တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတိုးတက်ရေးအတွက် အရေးပါ သည့်ဌာနဖြစ်၍ ပညာ‌‌‌ရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများနှင့်အခြေခံ ပညာကျောင်းများမှ ဆရာဆရာမများ၊ ပညာရေးဝန်ထမ်းမိသားစုများအားလုံး လက်တွဲညီညီဖြင့် ပညာရေး ဖွံ့ဖြိုး တိုးတက်‌အောင် ကြိုးစား‌ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ထမ်းများ အနေဖြင့် ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းထဲရောက်ရှိစေရေး ဝိုင်းဝန်းလက်တွဲကြိုး ပမ်းဆောင်ရွက် ကြရမည်ဖြစ်ပါကြောင်း၊ အနည်းဆုံး အလယ်တန်းကျောင်းများအားလုံး ကျောင်းစာကြည့်တိုက် ထားရှိရန်နှင့် ကျောင်းစာကြည့်တိုက်တွင် စာဖတ်ချိန်ကို အချိန်ဇယားတွင် ထည့်သွင်းရေးဆွဲကျင့်သုံး ကြရမည်ဖြစ်ပါကြောင်း၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် စာသင်ကျောင်းများနှင့် စာသင်ခန်းများအထိ အရောက်သွား၍  ကျောင်းသားကျောင်းသူများ ပညာရည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လိုအပ်ချက်များ ဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည်ဖြစ် ပါကြောင်း၊ ဘာသာရပ် သင်ကြားရုံမျှသာမဟုတ်ဘဲ ကျောင်းသား လူငယ်များကို ယဉ်ကျေးလိမ္မာအောင်၊ အကျင့်စာရိ တ္တကောင်းမွန်အောင်၊ တိုင်းချစ်ပြည်ချစ်စိတ်ရှိအောင်၊ မိမိယဉ်ကျေးမှု ကိုမြတ်နိုးတန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်တတ်အောင် သွန်သင်ဆုံးမ ပြုစုပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ပုဂ္ဂလိကကျောင်းများကို ဒေသဆိုင်ရာ ကြီးကြပ်ရေး အဖွဲ့၏ ထောက်ခံချက်အရ ထပ်မံစိစစ်၍ ကျောင်းမှတ်ပုံတင်လက်မှတ်ထုတ်ပေး လျက်ရှိကြောင်း၊ ပုဂ္ဂလိကဆရာအတတ် ပညာသင်တန်း တက်ရောက်ပြီးသူများအား ဘွဲ့လက်မှတ်မှန်ကန်မှု၊ ပြစ်မှု ကင်းရှင်းမှုထပ်မံစိစစ်၍ ပုဂ္ဂလိကကျောင်း ဆရာမှတ်ပုံတင်လက်မှတ် ထုတ်ပေးမည်ဖြစ်ပါကြောင်း၊ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသင်ယူမှု နည်းစနစ်များကို မွမ်းမံမြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံပညာရေး အဆင့်အတန်း မြှင့်တင်ရေးတွင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက အခြေခံပညာကျောင်းများတွင် တည်ဆောက်ရေး လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်ကြရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းများပေးပို့ရန်အတွက် မှာကြားသည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က  အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ဆရာအတတ် ပညာကဏ္ဍရှိ တက္ကသိုလ်များ၊ အခြေခံပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်တို့တွင် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းမှာကြားသည်။ ထို့နောက် ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)