ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှသင်ကြားရေး ဆရာ ဆရာမများ ရာထူးတိုး/ပြောင်း ရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၃၁ ဇူလိုင် 

    

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန နည်းပညာ/ကွန်ပျူတာ တက္ကသိုလ်များမှ သင်ကြားရေး ဆရာ ဆရာမများ ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆင့်မြင့်ပညာဦးစီးဌာနရုံး (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
    

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း၊ နည်းပညာ/ကွန်ပျူတာက္ကသိုလ်(၆၀)မှ ကျောင်း ကိုယ်စားလှယ်ဆရာဆရာမ (၁၂၀)ဦး၊ နည်းပညာဆိုင်ရာဆရာများအဖွဲ့ချုပ်မှ (၁၀)ဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
    

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရာထူးတိုး/ ပြောင်းရွှေ့မှုဆိုင်ရာနှင့် စပ်လျဉ်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အတည်ပြုထားသော သတ်မှတ်ချက်များဖြင့် တရားမျှတမှု အရှိဆုံးဖြစ်စေရန် ပူးပေါင်းဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များသည် ယခုမှ သတ်မှတ်ရခြင်းဖြစ်သည့်အတွက် မသတ်မှတ်မီကာလနှင့် သတ်မှတ်ပြီး ကာလများ ကွာခြားမှုရှိမည်ဖြစ်ပါကြောင်း၊ ကွာခြားမှုရှိသည့်အတွက် နစ်နာသည်ဟု ယူဆသူများရှိ နိုင်သကဲ့သို့ အားသာချက်ရှိသည်ဟု ခံစားသူများလည်း ရှိနိုင်ပါကြောင်း၊ သို့သော် ပညာရေးဝန်ကြီးဌာနအနေဖြင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မရည်ရွယ်ဘဲနိုင်ငံဖွံ့ဖြိုးတိုးတက်ရန်နှင့် တက္ကသိုလ်များ ဖွံ့ဖြိုးတိုးတက်ရန် အတွက်သာ ပထမဦးစားပေးဖြစ်ပါကြောင်း၊ တက္ကသိုလ်များကို စည်းမျဉ်းစည်းကမ်း သတ်မှတ်သည့် ကာလကို အသိပေးပြီး ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပေးလိုခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်သည့် ရန်ကုန်နည်းပညာ တက္ကသိုလ်၊ ရန်ကုန် ကွန်ပျူတာ တက္ကသိုလ်၊ သတင်းအချက်အလက်နှင့်နည်းပညာ တက္ကသိုလ် များနှင့် မန္တလေးတက္ကသိုလ်နှင့်ပူးပေါင်းသည့် မန္တလေးနည်းပညာတက္ကသိုလ်၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်(မန္တလေး)တို့ကို စွမ်းဆောင်ရည်အပေါ် အခြေခံပြီး တရားမျှတစွာ ယှဉ်ပြိုင်၍ ခန့်ထားခြင်း၊ ပြောင်းရွှေ့ခြင်း၊ ရာထူးတိုး ခြင်းများကို ပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများကို Life Long Learning နှင့် Continuous Professional Development တို့အတွက်နိုင်ငံခြား ပညာ တော်သင်များ၊ ပြည်တွင်းပြည်ပပညာရှင်များနှင့်သုတေသနလုပ်ရန်၊ သုတေသန စာတမ်းများပြုလုပ်ရန်အတွက် အားပေးနေပါကြောင်း၊ မိမိတာဝန်ထမ်းဆောင်နေသည့် တက္ကသိုလ်များ၊ မိမိတို့၏နိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးမျှော်မှန်း၊ ဦးတည်ပြီး ဆွေးနွေးပေးစေလိုပါကြောင်း၊ တန်ဖိုးထားလေးစားရသည့် သိက္ခာရှိသော တက္ကသိုလ်များအဖြစ် ရပ်တည်နိုင်ရေး အရေးကြီးပါကြောင်း ပြောကြားသည်။
    

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက နည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေး ဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းရွှေ့မှုဆိုင်ရာ မူဝါဒဖွဲ့စည်းပုံနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။
    

ယင်းနောက် ပညာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း ကနည်းပညာ/ကွန်ပျူတာတက္ကသိုလ်များမှ သင်ကြားရေးဆရာဆရာမများအတွက် ရာထူးတိုး/ပြောင်းဆောင်ရွက်မည့် တန်းစီဇယားရေးဆွဲရေးမူကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။
    

ထို့နောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ရာပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြောင်း သိရသည်။ 


 သတင်းစဉ်