ပညာရေးဝန်ကြီးဌာန အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲ အခမ်းအနားကျင်းပ


နေပြည်တော်၊ မေ ၂၀
ပညာရေးဝန်ကြီးဌာနနှင့် အားကားစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနတို့ ပထမဦးဆုံးအကြိမ် ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသူများ၊ ဆရာ၊ ဆရာမများ၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များမှ တာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ အားကစားနည်းပြ၊ အားကစားမှူး၊ အားကစားတာဝန်ခံ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက ကျောင်းစာတွင်သာမက အားကစားတွင် ထူးချွန် ထက်မြက်သော နိုင်ငံအတွက် အားထားရသည့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွန်း လာစေရေးသည် အားကစားနည်းပြ၊ အားကစားမှူးနှင့် အားကစားတာဝန်ခံဆရာ၊ ဆရာမများ အပေါ်တွင် မူတည်ကြောင်း၊ အဆင့်မြင့်ပညာကဏ္ဍအနေဖြင့် နှစ်စဉ်အားကစား ပြက္ခဒိန် ရေးဆွဲပြီး ကျောင်းတွင်းပြိုင်ပွဲ၊ ကျောင်းပေါင်းစုံပြိုင်ပွဲ၊ ဇုန်အဆင့်ပြိုင်ပွဲနှင့် ဗဟိုအဆင့် ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပေးလျက်ရှိကြောင်း၊ အဆိုပါပြိုင်ပွဲများမှ ထူးချွန်ထက်မြတ်သည့် ကျောင်းသား၊ ကျောင်းသူများကို စိစစ်ရွေးချယ်ကာ တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့ လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် လေ့ကျင့်သင်ကြားပေးလျှက်ရှိကြောင်း၊ နိုင်ငံ၏ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအဆင့်မှသည် နိုင်ငံတော်အဆင့်၊ အရှေ့တောင်အာရှအဆင့်၊ အာရှအဆင့်မှသည် ကမ္ဘာ့အဆင့်အထိ ထိုးဖောက်နိုင်စေရေး ရည်မှန်းချက်ထားပြီး မလျှော့သောဇွဲ၊ လုံ့လတို့ဖြင့် ကြိုးပမ်းအားထုတ်လေ့ကျင့် ပေးကြစေလိုကြောင်း ပြောကြားကာ သင်တန်းကို ဖွင့်လှစ်ပေးသည်။
ယခုသင်တန်းတွင် ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ပြေးခုန်ပစ်အားကစားနည်းများကို အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အားကစားအဖွဲ့ချုပ်များမှ ကျွမ်းကျင်ပညာရှင်များက (၁၆) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ပြီး တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ အားကစားနည်းပြ စုစုပေါင်း (၈၆) ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။ 
သတင်းစဉ်

mdn