နေပြည်တော် မတ် ၂၅

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ကျောင်းများ၌ ဖွင့်လှစ်လျက်ရှိသော ဆရာ၊ ဆရာမများ၊ မွမ်းမံသင် တန်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးမှု အစီအစဉ်များကို ထည့်သွင်း ဆောင်ရွက်လျက်ရှိသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့တို့မှ အခြေခံပညာကျောင်းများရှိ ဆရာ၊ ဆရာမများကို “ပညာရေးမှတစ်ဆင့် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ခြင်းဖြင့် အဂတိလိုက်စားမှုကိုတိုက်ဖျက်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေး အစီအစဉ်များ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အသိပညာပေး အစီအစဉ်များကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် နိုင်ငံ့ဝန်ထမ်းများ ပူးပေါင်းပါဝင်လာစေရန်၊ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် လူမှုအသိုက်အဝန်းတစ်ခု တည်ဆောက်ရာတွင် အဓိကကျ သည့် ဆရာ/ဆရာမများ၏ အခန်းကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။

(သတင်းစဉ်)