ပညာပြည့်ဝသည့် ဝန်းကျင်ကောင်းဖန်တီး

ပညာတွင် ကျောင်းသင်ပညာနှင့်  လေ့လာဆည်းပူးသည့်ပညာဟူ၍ နှစ်မျိုးရှိသည်။ မြန်မာနိုင်ငံတွင် ရှေးကာလက ဘုန်းတော်ကြီးသင်ကျောင်းမှလွဲ၍ ပညာသင်ကျောင်းမရှိခဲ့သေးပေ။ ထို့ကြောင့်ပညာကို မိမိကိုယ်တိုင် အပတ်တကုတ်လေ့လာဆည်းပူးပြီး ပညာရှိများ၊ အကျော်အမော်များ ပေါ်ထွန်းလာသည်။ ပညာကို စာဖတ်ခြင်း၊ နာယူခြင်း၊ စူးစမ်းလေ့လာခြင်းတို့မှ ရယူကြသည်။ စာဖတ်ခြင်း၏တန်ဖိုးမှာ ကြီးမားလှသည်။

ကျောင်းပညာ မသင်ယူနိုင်ပါက စာဖတ်ခြင်းဖြင့် လူ့တန်ဖိုးကို မြှင့်တင်နိုင်သည်။ ကျောင်းသင်ပညာကိုလည်း ဆည်းပူး၊  စာဖတ်ခြင်းကိုလည်း အပတ်တကုတ် ဆောင်ရွက်ပါက ပညာပြည့်ဝနှလုံးလှပြီး ကောင်းကျိုးအဖြာဖြာ ဆောင်ကြဉ်းနိုင်သည့် တန်ဖိုးရှိသောလူသားတစ်ဦးဖြစ်နိုင်သည်။ ကွန်ပျူတာပညာရပ်တွင် အချက်အလက်များကို အမြဲဖြည့်သွင်းပေး၍ အဆင့်မြှင့်တင်ပေးရသလို လူ၏ဦးနှောက်တွင်လည်း စာပေအာဟာရ  အသိဉာဏ်ဗဟုသုတများ  အမြဲတစေဖြည့်ဆည်း၍ လူ့တန်ဖိုးကို မြှင့်တင်ကြရသည်။

ဘဝတွင် စာဖတ်ရန်လိုအပ်မှုနှင့်ပတ်သက်၍ စာမတတ်သူသည် မလှုပ်မရှား ထိုင်နေသူနှင့် တူသကဲ့သို့လည်းကောင်း၊ စာတတ်ပြီး စာမဖတ်သောသူမှာ ရှေ့မတက် နိုင်သည့်ရပ်နေသူနှင့် တူသကဲ့သို့လည်းကောင်း၊ စာလည်းတတ်၊ စာလည်းဖတ်သူမှာ ရှေ့သို့တက်လှမ်းနေသည့်သူနှင့် တူသကဲ့သို့လည်းကောင်း မှတ်သားရသည်။ ထို့ကြောင့်  စာပေလေ့လာဖတ်မှတ်ကြရန် လူကြီးသူမများက  တိုက်တွန်းကြပြီး နိုင်ငံတော်အစိုးရကလည်း  လူငယ်များအပါအဝင် ပြည်သူများစာဖတ်ကြရန် အားပေးခြင်း၊ စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

မျက်မှောက်ကာလတွင် ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ရုပ်ဝတ္ထုပစ္စည်းများတိုးတက်လာအောင် အစဉ်ကြံဆောင်ဖန်တီးနေကြသည်။ ရုပ်ဝတ္ထုပစ္စည်းများ မည်သို့ပင်တိုးတက်သော်လည်း အဆိုပါရုပ်ဝတ္ထု ပစ္စည်းများကို ကိုင်တွယ်အသုံးပြုနေကြသည့် လူသားများ၏စိတ်ဓာတ်များ၊ အသိအမြင်ဗဟုသုတများ မတိုးတက်၊ မမှန်ကန်၊ အားနည်းနေမည်ဆိုပါက ကောင်းကျိုးထက်ဆိုးကျိုးဘက်တွင် ပိုမိုအားကောင်းလာသည်ကို မြင်တွေ့နေရသည်။ ထို့ကြောင့် စိတ်ဓာတ်ခွန်အားများ မှန်ကန်စွာ အားကောင်းလာစေရန် ကောင်းမွန်သည့်ပတ်ဝန်းကျင်ကို ဖန်တီးပေး ရမည်ဖြစ်သည်။

ပြည်သူများ  မှန်ကန်သည့်အသိဉာဏ်ဗဟုသုတများ  တိုးပွားစေရန်အတွက် စာဖတ်ကြရန်၊ စာဖတ်နိုင်သည့် ဝန်းကျင်ကောင်းများ ဖန်တီးကြရန် နိုင်ငံတော်က အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိသည်။ အသိပညာ ဗဟုသုတများကို လူမှုကွန်ရက်များတွင် ဖတ်ရှုသည်ထက် စာအုပ်၊ စာပေတို့ကို လေ့လာဖတ်ရှု မှတ်သားခြင်းသည် ပိုမိုအကျိုးရှိထိရောက်ပေသည်။ နိုင်ငံတကာ၌ စာအုပ်စာပေတို့ကို လေ့လာဖတ်ရှုခြင်း အလေ့အထမှာ မတိမ်ကောဘဲ အားကောင်းနေဆဲဖြစ်သည်ကိုတွေ့ရသည်။ မြန်မာနိုင်ငံတွင် စာဖတ်သည့် အလေ့အထအားနည်းနေသည်။

အသိဉာဏ်ပညာမြင့်မားအောင် လုပ်ဆောင်ရာ၌ စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက် ယဉ်ကျေးမှု ပြန်လည်ထွန်းကားရေးကို လုပ်ဆောင်ပေးရန် လိုအပ်သည်။ မြန်မာနိုင်ငံတွင် ကျေးလက်နေပြည်သူ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်။ ကျေးလက်နေပြည်သူများ စာအုပ်စာပေများ ဖတ်ရှုနိုင်ရန်နှင့် စာအုပ်စာစောင်များ လက်လှမ်းတမီရရှိနိုင်ရန်အတွက် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်က အားပေးမြှင့်တင် ဆောင်ရွက်လျက်ရှိသည်။ ယနေ့ကာလ၌ ခရိုင်နှင့် မြို့နယ်အဆင့် စာကြည့်တိုက်ပေါင်း ၄၁၀ ကို ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူဖွင့်လှစ်ပေးထားသည်။ ထို့အပြင် ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော်ရှိသည်။

အဆိုပါစာကြည့်တိုက်များတွင် စာကြည့်တိုက်အဆောက်အအုံ၊  စာအုပ်စာစောင်၊ စာကြည့်တိုက်ရန်ပုံငွေ၊ စာကြည့်တိုက်ကော်မတီနှင့် စာကြည့်တိုက်မှူးများ အပြည့်အစုံရှိပြီး ပုံမှန်လည်ပတ်နေသည့် စာကြည့်တိုက်များ ဖြစ်သည်။ ယခင်ခေတ်ကာလများက ယခုအရေအတွက်ထက် ပိုမိုများပြားသော စာကြည့်တိုက်များရှိခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးဖြင့် စာကြည့်တိုက်အများစု ရပ်နားသွား ခဲ့သည်။ အကြောင်းရင်းများတွင် မြန်မာနိုင်ငံ၌ လူမှုဘဝနေထိုင်မှုပုံစံများ ပြောင်းလဲလာသည့်အလျောက် စာဖတ်သည့်အလေ့အထများနည်းပါးလာခြင်းသည် အဓိက ကျသောအချက်တစ်ခုဖြစ်သည်။

သို့ဖြစ်ရာ ပြည်သူများ စာပေဖတ်ရှုခြင်းအလေ့အထရှိပြီး အသိပညာဗဟုသုတများကို စဉ်ဆက်မပြတ် ရှာဖွေလေ့လာနိုင်မှ လူတစ်ဦးချင်းမှသည် တိုင်းပြည်အတွက် အကျိုးများနိုင်သည့် စွမ်းဆောင်မှုများကို ပေးနိုင်မည်ဖြစ်ရာ စာဖတ်နိုင်သော ပတ်ဝန်းကျင်နှင့် စာဖတ်သည့်အလေ့အထများ တိုးပွားလာအောင်  ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။

ကြေးမုံ