ပညာဖြင့် ကောင်းမွန်သည့် အနာဂတ်တည်ဆောက်

၆  ဒီဇင်ဘာ

 

နိုင်ငံတစ်နိုင်ငံ၏ အောင်မြင်ကြီးပွားရာ အရင်းခံအကြောင်းတစ်ခုမှာ တိုင်းပြည်ပညာရေးကို မည်သို့ရင်းနှီးမြှုပ်နှံ အားထုတ်ခဲ့ပါသည်ဆိုသော အကြောင်းအချက်ဖြစ်သည်။ တိုးတက်အောင်မြင်နေသော နိုင်ငံတစ်နိုင်ငံ၏ အစဉ်ရှင်သန်နေသော သယံဇာတသည် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် ဖော်ဆောင်နိုင်သည့် ပညာရေး မဟာဗျူဟာသာဖြစ်ကြောင်း ပညာရှင်များ၊ ခေါင်းဆောင်များက မှတ်ချက်ပြုကြသည်။

 

မြန်မာနိုင်ငံပညာရေး ဖြစ်ပေါ်တိုးတက်မှုအခြေအနေမှာ အများအသိပင်ဖြစ်သည်။ အဘက်ဘက်၊ အဆက်ဆက် အားနည်းခဲ့သော ပညာရေးစနစ်ကို ပြုပြင်ရန်အတွက် စတင်အကောင်အထည်ဖော်နေပြီ။ ၂၀၁၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၁၅ နှစ်ခန့်ကာလအတွင်း အောင်မြင်အောင် ဖော်ဆောင်နိုင်လိမ့်မည်။ ကမ္ဘာ့ဖွံ့ဖြိုးမှုလမ်းညွှန်အဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်များ၏ ပန်းတိုင်တစ်ခုဖြစ်သည့် လူသားအားလုံး အကျုံးဝင်ကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေးနှင့် ဘဝတစ်လျှောက် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး အတွက် တာဝန်ယူမှု၊ တာဝန်ခံမှု စိတ်စေတနာအပြည့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည်။

 

ပညာရေးစနစ်ပြုပြင်မှုသည် ချက်ချင်းပြောင်းလဲ၍ရသောအရာ မဟုတ်ချေ။ မျိုးဆက်တစ်ခုမက ရေရှည်ရင်းနှီးမြှုပ်နှံ ရသည်။ သို့သော် နိုင်ငံတော်အစိုးရအနေဖြင့် ၁၅ နှစ်ခန့်ကာလအတွင်း အကောင်အထည် ပေါ်လာနိုင်စေရန် အခြေခံပညာကဏ္ဍမှ စတင်သည်။ နေပြည်တော် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)တွင် ဒီဇင်ဘာလ ၄ ရက်နေ့က ကျင်းပခဲ့သည့် ပညာရေးဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံ၏အနာဂတ်အတွက် ထိရောက်စွာ အကျိုးဆောင်နိုင်မည့် ပညာရေးစနစ်ကို ညွှန်ပြခဲ့သည်။

 

“မြန်မာနိုင်ငံရဲ့ အမျိုးသားပညာရေးစနစ် ပြောင်းလဲရာမှာ ကလေးများအနေနဲ့ တီထွင်ဖန်တီးခြင်းနဲ့ ဆန်းစစ်ဝေဖန်ပိုင်းခြားခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ၊ ယဉ်ကျေးမှုဆိုင်ရာ တန်ဖိုးထားမှုများနဲ့ ကျင့်ဝတ်များရရှိကာ မိမိဘဝအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရွေးချယ်လုပ်ကိုင်နိုင်တဲ့ အရည်အချင်းများနဲ့ပြည့်စုံအောင် ပြုစုပျိုးထောင်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးပြုနိုင်မည့် ပညာရေးစနစ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

ပညာရေးဆိုသည်မှာ လုပ်ရိုးလုပ်စဉ် ကျောင်းတက်ပညာသင်ခြင်း လုပ်ငန်းစဉ်ထက် များစွာနက်နဲ ကျယ်ဝန်းပါသည်။ စူးစမ်းလေ့လာလိုစိတ် ပြင်းပြကာ အမြဲမပြတ် သင်ယူလေ့ကျင့်နေကြသူများသာ နိုင်ငံ့အကျိုးပြု ပညာတတ်များ ဖြစ်နိုင်သည်ဟု ယူဆသည်။ မြန်မာနိုင်ငံ၏ ပကတိအခြေအနေမှာ စစ်မှန်သော ပညာတတ်များဖြစ်စေရေးသာမက အလုပ်အကိုင် အခွင့်အလမ်းများအတွက် အရည်အချင်းပြည့်ဝသည့် လူသားအရင်းအမြစ် ပေါ်ထွန်းစေရေးမှာလည်း အထူးလိုအပ်နေသည်။

 

ထို့ကြောင့် မြန်မာနိုင်ငံ၏ပညာရေးကို ပြုပြင်ပြောင်းလဲရာတွင် အခြေခံပညာကဏ္ဍကို ယခုစတင်ဖော်ဆောင်နိုင်ပါက မျှော်မှန်းထားသည့် ပညာရေးပန်းတိုင်သို့ ရောက်ရှိနိုင်သည်။ ယခုကျင်းပနေသော အခြေခံပညာကဏ္ဍ နှီးနှောဖလှယ်မှုများ၊ ဆွေးနွေးအဖြေရှာမှုများသည် နိုင်ငံ၏ အနာဂတ်အတွက် ထိရောက်စွာအကျိုးဆောင်နိုင်မည့် အခြေခံပညာရေး စနစ်တစ်ခု ခိုင်မာစွာပေါ်လာနိုင်မည်ဟု ယုံကြည်ပါသည်။ ပညာရေးသည် လူမှုဘဝနယ်ပယ်အသီးသီး မြင့်မားတိုးတက်လာစေရေးအတွက် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။

 

သို့ဖြစ်ရာ ကောင်းမွန်သော အနာဂတ်ကိုဖော်ဆောင်နိုင်ရေးအတွက် မှန်ကန်သောပညာရေးစနစ် အမြန်ဆုံး ပေါ်ပေါက်လာအောင် ပြုပြင်ပြောင်းလဲမှုများကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ၏အနေအထား၊ ကျောင်းသား ကျောင်းသူများ၏ အခြေအနေများနှင့် လျော်ကန်သင့်မြတ်သော မှန်ကန်သည့်ပညာစနစ်ကို ခိုင်မာသည်ထက် ခိုင်မာအောင် အမြန်ဆုံးတည်ဆောက်ကြရမည်။ ဆရာ၊ မိဘ၊ ကျောင်းသား၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျှော်မှန်းထားသည့် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံ ဖြစ်ပေါ်လာမည်ဟု ယုံကြည်ပါသည်။ ။

 

ကြေးမုံ