ပညာခေတ်မှာ ကျောင်းအပ်ပါ ပညာရှာ ပညာသင်ကြပါ

 

မိုးမြင့်

 

အရာရာပညာနဲ့  တန်ဖိုးဖြတ်တဲ့ ခေတ်ကြီး။  ယခုလည်း ကျောင်းတွေဖွင့်ချိန် ရောက်ပြန်ပါပြီ။  နှစ်စဉ်ကျောင်းအပ်ချိန်ရောက်တိုင်း ပညာရေး ပညာပေး နှိုးဆော်မှုလေးတွေ ပြုလုပ်ဖြစ်ပါတယ်။ ဒီနှစ်လည်း ထိုနည်းလည်းကောင်းပါပဲ။ မိမိတို့သားသမီးအရွယ် လူငယ်လူရွယ်တွေအတွက် မပြတ်တိုက်တွန်းဖြစ်ပါတယ်။

 

လူမိုက်နဲ့ပညာ အတူမနေ

 

နှစ်တိုင်း နှစ်တိုင်း ပညာရေးခရီးလမ်းဟာ မဖြောင့်ဖြူးလှပါဘူး။ ပထမနှစ်မှာ ကျောင်းအပ်ဖို့ ကျောင်းတက်ကြဖို့အဓိက အပြင်းအထန် နှိုးဆော်ခဲ့ရတယ်။ တလွဲအယူမှားများကြား လမ်းကြောင်း မှန်ရောက်အောင် မနည်းထိန်းခဲ့ကြရတယ်။ ပြည်ဖျက်စကားတွေယုံပြီး မိမိရင်သွေးတွေ ကျောင်းထားဖို့ မိဘတွေစိုးရိမ်ခဲ့ကြတာကိုလည်း အပြစ်မတင်ရက်ပါဘူး။ ကျောင်းဆရာ ဆရာမတွေဟာ စာသင်ဖို့ ကြောက်လန့်ခဲ့ကြတယ်။ ဒုတိယ၊ တတိယနှစ်တွေမှာ အခြေအနေကောင်းတွေနဲ့ ပညာရေးခရီးလမ်း သာယာမယ်ကြံခါမှ အချို့သော နယ်မြေ ဒေသတွေမှာ စစ်မီးမွှေးသူ လက်နက်ကိုင်အုပ်စုတွေကြောင့် ကလေးတွေရဲ့ ပညာရေးလမ်းစ တစ်ပိုင်းတစ်စနဲ့ နှောင့်နှေးကြရပြန်ပါပြီ။

 

အဖျက်တွေမရှိခင်က စိုပြည်စည်ပင်ခဲ့တဲ့ ကျောင်းပရဝဏ်တွေမှာ စာသင်ပျော်နေကြတဲ့ ကျောင်းသားတွေရဲ့ အပျော်မျက်နှာတွေမှာ အမှောင်ဖုံးခဲ့ရပြီ။ ဘဝလှေကားထစ်တွေ တစ်ဆင့်ချင်း ဖြည်းဖြည်းချင်းတက်နေတဲ့ သူတို့လေးတွေရဲ့ အနာဂတ်အဖျက်သမားတွေကြောင့် ရည်မှန်းချက် မပြည့်နိုင်ကြတော့ပါ။ အဖျက်မျိုးစုံနဲ့ အဖျက်သမားပေါင်းစုံဟာ ပညာတတ်ကို ကြောက်တဲ့အတွက် လူမိုက်နဲ့ပညာဟာ အတူမနေဘူးဆိုတာ မှန်လိုက်တာ၊ ပညာကို ကြောက်တဲ့ အဖျက်သမားရဲ့ သရုပ်မှန်က ဒါပါပဲ။ ကလေးတွေကျောင်းမတက်ရင်၊ လူငယ်တွေ ပညာမတတ်ရင် အဖျက်သမားဆိုတဲ့ မိစ္ဆာအမျိုးက ပိုကြိုက်တာပေါ့။ အဖျက်သမားဆိုတာ ယနေ့လူငယ်တွေမှာ ပညာတွေတတ်ပြီး အမှားအမှန် ဝေဖန်ပိုင်းခြားတတ်သွားမှာ အလွန်ကြောက်ပါတယ်။

 

အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားနိုင်သွားမှာ သူတို့မလိုလားဘူး။ ဒါကြောင့် ကလေးတွေ ပညာမသင်နိုင်အောင်ဖျက်ကြတယ်၊ မိဘတွေ ကျောင်းမထားနိုင်အောင် ဝါဒမှိုင်း ရိုက်သွင်းတယ်၊ ဆရာ ဆရာမတွေ စာမသင်နိုင်အောင် အကြောက်တရားနဲ့ နှိပ်ကွပ်ပြတယ်။ ဒါတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို ပညာမပြည့်ဝအောင် လုပ်ခြင်းဖြင့် လူမိုက်ဇာတ် သွင်းလိုက်ခြင်းပါပဲ။ ဒါတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ဖို့ လိုပါတယ်။

 

ပညာမပြည့်ဝခြင်းရဲ့ နောက်ဆက်တွဲအဆိုးသံသရာမှာ

 

ပညာမပြည့်ဝခြင်းရဲ့ နောက်ဆက်တွဲ အဆိုးတွေက အင်မတန်ကြောက်စရာကောင်းပါတယ်။ ပညာနည်းတော့ အသိအလိမ္မာအားနည်းလာမယ်၊ အဖျက်လုပ်ရပ်ဘက် ဦးတည်သွားမယ်၊ အဖျက်လုပ်ရပ်တွေကြောင့် ဖွံ့ဖြိုးမှုမှာအားနည်းလာပြီး ပညာမသင်နိုင်ဖြစ်ရပြန်တယ်။ ဒါကြောင့် ပညာနဲ့အဖျက်ဟာ The vicious circle (စက်ဝိုင်းပမာ) ဂျာအေးသူ့အမေရိုက် ရုန်းမထွက်နိုင်တဲ့ ဝဲဩဃမှာ ချာချာလည်နေမှာပဲ။ အဆိုးသံသရာဟာ ရှည်သွားရင် ဖြတ်ရ အလွန်ခက်ပါတယ်။ ဖြတ်နိုင်တာကလည်း ပညာအရာတစ်ခုပါပဲ။

 

ပညာနည်းတဲ့မိသားစု၊ လူ့အဖွဲ့အစည်းရဲ့အခြေအနေဟာ အလွန်ကြမ်းတမ်းခက်ထန်ပါတယ်။ ဆင်းဆင်းရဲရဲနဲ့ ပူပင်သောကများရတယ်။ ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရတယ်။ အားလုံးဟာ ဒုက္ခနဲ့ချည်းကြုံရတယ်၊ သူ့အကြောင်းနဲ့သူ၊ သူ့အကျိုးနဲ့သူပေါ့၊ ခေတ်ကာလအရ အခုအချိန်မှာ ပညာသင်ဖို့၊ ပညာရဖို့ဆိုတာက အင်မတန်ခက်ပါတယ်။ တချို့ဒေသတွေမှာ စစ်ကြောင့် အဖေအမေ မဲ့သွားတဲ့ ကလေးသူငယ်တွေရှိနေတယ်။ အကြောက်တရားနဲ့ လွှမ်းမိုးခံထားရလို့ ကျောင်းထားရမှာကြောက်နေတဲ့ မိဘတွေ၊ စာသင်ရမှာကြောက်နေတဲ့ ဆရာဆရာမတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် ယခုလို အဆိုးလောကဓံတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း ရှေ့သို့ချီနိုင်ဖို့ နည်းလမ်းလည်း ရှာကြံရမှာပဲ။ နိုင်ငံတော်၊ ဆရာ၊ မိဘ၊ ကျောင်းသား သူ့အထွာနဲ့သူ နည်းလမ်းတွေရှာကြံပြီး တတ်နိုင်သမျှ လုပ်ပေးရမှာပဲ။

 

မိဘတွေဘက်ကလည်း

 

အဓိကက ကာယကံရှင် မိဘတွေ၊ ကျောင်းသား တွေကိုယ်တိုင်က ပညာရှာလိုစိတ်နဲ့ ပညာတတ် ဖြစ်ချင်စိတ်ပါ။ အထူးသဖြင့် ကိုယ့်သားသမီး နောင်ရေးကြည့်ပြီး မိဘတွေဘက်ကလည်း မတွေ ဝေစေချင်ဘူး။ ကိုယ့်သားသမီးကို ရတနာတစ်ပါးလို၊ ပန်းတစ်ပွင့်လို တန်ဖိုးထားတတ်ရင် ဒီနေရာမှာ ဒီလိုစကားတွေ အထူးပြောစရာမရှိပါဘူး။ ပညာ ကို တန်ဖိုးထားပြီး ပန်းလေးတွေလို ထာဝရပွင့်စေ ချင်တဲ့ မိဘတွေများစွာရှိသလို အဖေအမေက တတ်နိုင်ရက်နဲ့ သားသမီးက ပညာကို တန်ဖိုးမထား လေလွင့်ပြီး လမ်းမှားရောက်နေတာတွေလည်း အများကြီးရှိတယ်။ တချို့ ပညာကိုဆုံးခန်းတိုင် မသင်ကြ၊ ကောင်းကောင်းလည်းမသင်ကြဘူး။

 

အခုအချိန် ပညာသင်ဖို့ မလွယ်ခဲ့သူတွေဟာ နောင်ပညာမဲ့တဲ့အချန် ဘဝရှေ့ရေး ပိုခက်တော့မှာပေါ့၊ ပညာနည်းသူနဲ့ ပညာပြည့်သူဟာ တစ်ချိန်မှာ အရည်အသွေးချင်း ကွာဟ သွားတဲ့အတွက် အနာဂတ်အရေး ပိုတွေးကြစေချင်တယ်။ မိမိတို့ရင်သွေးတွေကို ပညာရှင်ထံ အပ်နှံပြီး ပညာကို ရသလောက်ရှာစေချင်တယ်။ ပညာတန်ဖိုးနားလည်တဲ့ မိဘတွေကသာ ပညာတတ် ပညာရှင်တွေကို မွေးထုတ်ပေးနိုင်မှာမို့ပါ။ ဒါကြောင့်မိဘရော ကလေးတွေပါ မိမိတို့ဘဝတွေကို မြင့်မြင့်မှန်းပြီး ပညာရေးကို မျက်ခြည်ပြတ်မခံပါနဲ့၊ မိဘတွေအနေနဲ့ မိမိတို့ကလေးတွေ တိုးတက်ဖို့အရေး ပိုတွေးပိုမြော်မြင်ပေးပါ၊၊ အရင်ဆုံး ကျောင်းထားနိုင်အောင်၊ ကျောင်းတက်နိုင်အောင် ကြိုးစားပါ။

 

နေရာတိုင်းမှာ အခက်အခဲဆိုတာရှိပေမယ့် အချို့အခက်အခဲတွေကို ကိုယ့်အတွက် အားနည်းချက်ကြီး အဖြစ်မခံပါနဲ့၊ ဒီအခက်အခဲတွေကပဲ ကိုယ့်ဘက်မှာ အခွင့်အလမ်း ဖြစ်လာအောင် ရှာကြည့်ပါလား။ အဓိကက အချိန်ရှိခိုက်လုံ့လစိုက်ပြီး ပညာရေး လမ်းကြောင်းတစ်ခု ပညာရေးအဆင့်တစ်ခု ပြီးမြောက်သွားစေချင်တာပါပဲ။ မိဘတွေအနေနဲ့ မိမိတို့ သားသမီးတွေကို ပညာတတ်အောင်သင်ပေးခြင်းဟာ ဒီမိသားစု ဒီဘဝအတွက်တင် မဟုတ်ပါဘူး။ သားသမီးတွေရဲ့ နောက်နောက်မျိုးဆက် နောင်ဘဝအဆက်ဆက်အထိ ကြည့်ရပါမယ်။ ကိုယ့်သားသမီးက ပညာမတတ်ခဲ့ရင် သူ့ရဲ့မျိုးဆက်လည်း ဘယ်လိုလုပ ်ကောင်းနိုင်ပါတော့မလဲ။ ယနေ့ခေတ်မှာ ပညာနည်းတဲ့ အသိုင်းအဝိုင်းတစ်ခုဟာ နောက်ထပ်ပညာနည်းတဲ့ဝန်းကျင်ကိုပဲ ထပ်ဆင့်ထပ်ဆင့် ဖန်တီးပေးတတ်တယ်ဆိုတာ မြော်တွေး ထားဖို့လိုပါတယ်။

 

နိုင်ငံတော်နဲ့ ဆရာ ဆရာမတွေဘက်က

 

ပညာမတတ်ရင် ပိုပြီး ခြိမ်းခြောက်ခံရပါလိမ့်မယ်၊ သူများရဲ့အနိုင်ကျင့်၊ အကျပ်ကိုင်တာခံရမယ်။ ဒါကြောင့် ဆရာဆရာမတွေဘက်က တပည့်တွေ အပေါ်မှာ စေတနာ၊ ဝါသနာ၊ အနစ်နာနဲ့ ပညာအမွေမျှဝေပေးစေလိုတယ်။ ဆရာဆရာမတွေဘက်က လိုအပ်တဲ့သင်ကြားမှု အရည်အသွေး၊ ဘာသာရပ်ဆိုင်ရာအရည်အသွေးတွေ မြင့်သည်ထက်မြင့်နေအောင် ဖြည့်ဆည်း ထားရပါမယ်။ အရေးကြီးတာက ဆရာ ဆရာမတွေဟာ ကျောင်းသားတွေရဲ့ အတုယူစရာ စံနမူနာပြရှေ့ဆောင် ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတာပါ။ အတွေးအခေါ် အပြောအဆို၊ အပြုအမူတွေဟာ အဂတိကင်းပြီး အရိုသေတန်နေဖို့ လိုပါတယ်။

 

ကျောင်းသားတွေဟာ ကျောင်းကိုခင်တွယ် နေအောင်၊ မိမိတို့ဆရာ ဆရာမတွေကို တန်ဖိုးထား ချစ်မြတ်နိုးတတ်အောင် သင်ပေးပါ၊ အကျင့်စာရိတ္တနဲ့ စည်းကမ်းကို ကောင်းနေအောင်၊ သဘာဝပတ်ဝန်းကျင်ကြီးကို ချစ်တတ်မြတ်နိုးတတ်အောင်၊ ဘာသာတရားကို လေးစားဂုဏ်ယူ နေတတ်အောင်၊ ကျောင်းစာတွေကို လိုလိုလားလားနဲ့ လုပ်နေအောင်၊ နောက်ဆုံးပညာကို တန်ဖိုးထား လူ့ဂုဏ်သိက္ခာ တက်တဲ့အထိ The wisdom ဖြစ်အောင် လေ့ကျင့် ပျိုးထောင်ပေးနိုင်မှသာ ဆရာ ဆရာမဆိုတဲ့ တန်ဖိုး ဂုဏ်ဒြပ်နဲ့ ပြည့်စုံပါတယ်။

 

ကျွန်တော်တို့ခေတ် ကျောင်းသားအရွယ် တေဇလူငယ်၊ ရှေ့ဆောင်လူငယ်၊ လမ်းစဉ်လူငယ် တွေမှာ မိမိကိုယ်ကို၊ မိမိအတန်းကို၊ မိမိကျောင်းကိုကောင်းအောင် ကြိုးစားမည်ဆိုတဲ့ စိတ်ဓာတ် ကောင်းတွေရှိခဲ့ဖူးတယ်၊ ဒီလိုမြင့်မြတ်တဲ့ ပရဟိတစိတ်ဓာတ် နိုင်ငံချစ်စိတ်ဓာတ်တွေကို မျိုးဆက် တစ်ဆက်၊ နှစ်ဆက်တိုင်အောင် မွေးဖွားပေးခဲ့ဖူးတယ်။ ဒီလိုမြင်ကွင်းတွေကို အခုအချိန်မှာ ပြန်လည်အမှတ်ရမိတဲ့အခါ ဆရာဆရာမတွေအနေနဲ့ ကိုယ်မွေးထုတ်ပေးလိုက်တဲ့ ကျောင်းသားတစ်ဦးဟာ တစ်ချိန်မှာနိုင်ငံနဲ့ လူ့အဖွဲ့အစည်းကြီးအတွက် ဘယ်လောက်တန်ဖိုး ရှိတဲ့သူ ဖြစ်နေမလဲဆိုတဲ့ မျှော်မှန်းချက်နဲ့အတူ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ပေးနေရမယ်လို့ ခံယူမိပါတယ်။

 

နိုင်ငံတော်ဘက်က လိုအပ်နေတာက တန်ဖိုးရှိပြီး အားကိုးရတဲ့ လူ့စွမ်းအား အရင်းအမြစ် တစ်ခုပါ။ ပညာတတ်ပြီး လိမ္မာယဉ်ကျေးတဲ့ လူငယ်စွမ်းအားထုကြီးကို လိုအပ်နေပါတယ်။ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်လည်းရှိရမယ်၊ ဖွံ့ဖြိုးတိုးတက်ပြီး ငြိမ်းချမ်းစည်ပင်တဲ့ လူ့အဖွဲ့အစည်း တစ်ခုအတွက် အာမခံချက်ရှိမယ့် လူ့စွမ်းအားကြီးတစ်ခု၊ ဒါကြောင့် ယနေ့အချိန်အခါမှာ ဒီလိုလူငယ်တွေကို အရေးတကြီး လိုအပ်နေတာ၊ အနာဂတ်နိုင်ငံတော်ကို ဒီလို လူငယ်တွေ လက်ထဲပဲ အပ်ခဲ့ရမှာ၊ ဒါကိုယနေ့ခေတ် ခေါင်းဆောင်တွေသိတယ်။ ဒါကြောင့်လည်း နိုင်ငံတော်ဘက်က ကျောင်းတွေ ကျောင်းသား ကျောင်းသူတွေကို တတ်နိုင်သမျှ ထောက်ပံ့နေတာ တွေ့ရတယ်။

 

ကျောင်းရဲ့ဥပဓိရုပ်ကောင်းအောင်၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ် သာယာ လှပနေအောင် သန့်ရှင်းရေးကအစ ဝိုင်းလုပ်ပေးနေပါတယ်။ အေးအေးချမ်းချမ်း ပညာသင်ယူနိုင်ဖို့ လုံခြုံရေးကို မပြတ်ဆောင်ရွက်ပေးနေတယ်။ ကျောင်းအုပ်နဲ့ ဆရာ ဆရာမတွေဘက်ကလည်း လိုက်နာရမယ့်အချက်တွေ ထုတ်ပြန်နေတာတွေ့ရတယ်။ အဓိက က အခကြေးငွေနဲ့ လက်ဆောင်ပစ္စည်း ကောက်ခံတာ၊ လက်ခံတာ မလုပ်မိစေဖို့နဲ့ ဘာပစ္စည်းမှ မရောင်းချဖို့ဖြစ်ပါတယ်။ ကျောင်းအပ်တာနဲ့ တစ်ပြိုင်နက် ကျောင်းသားတိုင်းကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံတွေ အခမဲ့ပေးနေပါပြီ။

 

ကျောင်းသားတွေ ကျောင်းမထွက်စေဖို့နဲ့ အဆင့်ဆင့်သော ပညာခရီးလမ်းမပြတ်စေဖို့၊ ကျောင်းမှန်မှန်တက်၊ စာမှန်မှန်ကျက်ရမယ့်အပိုင်းတွေ၊ မူးယစ်ဆေး၊ ဆေးလိပ်၊ အရက်၊ ဘီယာ၊ ကွမ်းမသုံးဖို့ကအစ နေထိုင်စားသောက်မှုအလေ့ အထကောင်းတွေ ပျိုးထောင်ဖို့ ကျန်းမာရေးက အစ ပြည့်ပြည့်စုံစုံ လမ်းညွှန်ချက်တွေနဲ့အတူ သိရှိလိုက်နာရမယ့်အချက်တွေဟာ ကျောင်းသား ကျောင်းသူတွေအတွက် ဘဝနေထိုင်မှုပုံစံကောင်း တွေကို ရရှိစေမှာဖြစ်ပါတယ်။

 

ခေတ်က ပညာခေတ်။ ပညာရေးကို အားပေး နေတယ်ဆိုရင် ကျောင်းအပ်တဲ့အချိန်ကအစ တန်းတက်ပညာသင် လုပ်ငန်းစဉ်တစ်ခုလုံးဟာ အဆင်ပြေချောမွေ့နေဖို့လည်း လိုပါတယ်။ အခြေအနေက အရေးပေါ်ကာလဖြစ်နေတယ်၊ အထူးသဖြင့် ကျောင်းသားနဲ့ မိဘဘက်က ပိုပြီးကျပ်တည်းတဲ့အခြေအနေ၊ ဒီလိုအခြေအနေတွေမှာ အဓိက အရေးကြီးတာက ပညာရေး ဝန်ထမ်းနဲ့ ကိုယ့်သားသမီးကို ဘွဲ့ရပညာတတ်ဖြစ်စေချင်နေတဲ့မိဘ၊ ကျောင်းတက်ချင်နေတဲ့ ကျောင်းသားတွေအကြား ပူးပေါင်းဆောင်ရွက်မှုက ရှင်သန်တက်ကြွနေဖို့ဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ပါပဲ။

 

ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ယခုနှစ် ပညာရေးခရီး လမ်းကိုလည်း အတူလျှောက်နိုင်အောင် ကြိုးစား ကြရပါမယ်။ ကျောင်းတွေမဖွင့်နိုင်သေးတဲ့ ဒေသက ကျောင်းသား ကျောင်းသူတွေအတွက်တော့ စိတ်မကောင်းစရာဖြစ်ပေမယ့် ဖွင့်နိုင်တဲ့ဒေသတွေ က မိဘတွေရော ကျောင်းသားတွေပါ ဆရာ ဆရာမတွေအားလုံးက အချိန်နဲ့အခြေအနေ ပေးခိုက် မိမိတို့ရနေတဲ့ အခွင့်အလမ်းတစ်ခုကိုတော့ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်နိုင်အောင် အားထည့်စေချင်တယ်။

 

ကျောင်းနေမြဲတဲ့ဘဝမှာ မိမိတို့ရင်သွေးတွေ၊ မိမိတို့တပည့်တွေကို ပျော်ပျော်ရွှင်ရွှင်နဲ့ ပညာသင် နိုင်အောင် မိဘ၊ ဆရာ၊ ကျောင်းသား သုံးပွင့်ဆိုင် ကိုယ်စီတာဝန်ရှိတယ်လို့ခံယူပြီး ပူးပေါင်း ဆောင်ရွက်ပေးကြရပါမယ်။ ပညာမသင်နိုင်သေးတဲ့ ကလေးတွေအတွက်တော့ အခွင့်အလမ်း သစ်တွေ တစ်ချိန်မှာ ဖန်တီးပေးလာနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ပဋိပက္ခတွေ ပြေလျော့လာတဲ့တစ်နေ့ ပညာရေးလမ်း မလွဲမသွေပွင့်လာမယ်လို့လည်း ယုံကြည်ချက် ရှိပါတယ်။ အမြဲတမ်းအဆိုးတွေချည်း ရှိမနေပါဘူး။ အရှုံးထဲက အမြတ်ထုတ်နိုင်မယ့် အခြေအနေတွေ ရှိလာဦးမှာပါ။

 

ဒီနေရာမှာ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ မြဲမြံတဲ့ ဝီရိယအားတွေလိုအပ်နေသလို အဓိကအချက်က ကျွန်တော်တို့အားလုံး ပညာရဲ့ဆန့်ကျင်ဘက် မောဟအားမကြီးစေဖို့နဲ့ မောဟ စေစားရာနောက်မှာ အမှောင်ပိတ်မနေဖို့က ပိုပြီးအရေးကြီးပါတယ်။ နောင်မှရတဲ့နောင်တဟာ အသုံးမဝင်ပါဘူး။ ဒါကြောင့် အရွယ်လေးကောင်းတုန်းမှာ ကျောင်းတက်ဖို့၊ ကျောင်းထားဖို့နဲ့ ပညာသင်ကြဖို့ကိုပဲ အထူး တိုက်တွန်းလိုက်ရပါတယ်။