ပြန်လည်ဦးမော့လားမည့် မြန်မာနိုင်ငံ

နေပြည်တော် ၂၀ မေ

 

မြန်မာနိုင်ငံတွင် မျက်မှောက်ကာလ၌ နိုင်ငံတည်ငြိမ်အေးချမ်းမှု၊တရားဥပဒေစိုးမိုးမှု၊ ကုန်ဈေးနှုန်းတည်ငြိမ်မှု၊ ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှု စသည်ဖြင့် ကဏ္ဍအသီးသီးတွင် အားနည်းမှုများ ရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ၊ အနုတ်လက္ခဏာဆောင်သည့် သဘောများ ပြောဆိုဝေဖန်နေကြသည်ကို ကြားသိရမည်ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံတွင် အခက်အခဲများ၊ စိန်ခေါ်မှုများ မည်သို့ပင်ရှိနေစေကာမူ နိုင်ငံ့စီးပွားရေးအတက်အကျ၊ ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ တိုးတက်ကောင်းမွန်ခြင်း၊ မကောင်းမွန်ခြင်းအပေါ်တွင်မူတည်၍ နိုင်ငံတိုးတက်မှု၊ ဆုတ်ယုတ်မှုအနေအထားကို အဆုံးအဖြတ်ပေးနိုင်မည်ဟု ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံ၏လက်ရှိအနေအထားတွင် စိန်ခေါ်မှုများစွာရှိနေသော်ငြားလည်းစီးပွားရေးဘက်၌ အလားအလာကောင်းများရှိနေသည်ဟု နိုင်ငံတကာ စီးပွားရေးပညာရှင်များက သုံးသပ်ထားကြသည်။
လတ်တလောတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDC)အဆင့်မှ မြန်မာနိုင်ငံလွတ်မြောက်ရန် သတ်မှတ်ထားသည့် စံနှုန်းသုံးခုစလုံးနှင့်ပထမဆုံးအကြိမ် ပြည့်မီလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ဧပြီလ ၁၉ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ (UNECOSOC)၊ ဖွံ့ဖြိုးတိုးတက်မှု မူဝါဒဆိုင်ရာကော်မတီ(CDP)၏ယခုနှစ် မတ်လအစီရင်ခံစာတွင် ဖော်ပြထားသည်။

 

အဆိုပါအစီရင်ခံစာ၏ သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ရေးစံနှုန်းများအဖြစ်တစ်ဦးချင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၁၂၃၀ အထက်ကျော်လွန်ရန်၊ လူသားအရင်းအနှီးညွှန်းကိန်း ၆၆ နှင့်အထက်ရှိရန်နှင့် စီးပွားရေးထိခိုက်နစ်နာမှုဆိုင်ရာညွှန်းကိန်း ၃၂ နှင့်အောက်ရှိရန် လိုအပ်ကြောင်းသတ်မှတ်ထားသည်။ ၂၀၁၈ ခုနှစ်အတွက် ပြုလုပ်သည့် သုံးနှစ်တစ်ကြိမ် လေ့လာသုံးသပ်မှုတွင် မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများအဆင့်မှ လွတ်မြောက်ရေးဆိုင်ရာ သတ်မှတ်စံနှုန်းသုံးခုစလုံးနှင့် ပြည့်မီသွားပြီဖြစ်ကြောင်း ထောက်ခံတင်ပြထားသည်။ထို့ကြောင့် လက်ရှိတိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းပြီး လာမည့်၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် ဖွံ့ဖြိုးစနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးသောနိုင်ငံအဖြစ်လမ်းပွင့်သွားမည်ဖြစ်သည်။

 

ထို့အပြင် လက်ရှိကာလတွင် မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုကျဆင်းလာပြီး နိုင်ငံ၏စီးပွားရေးမှာလည်း တိုးတက်လာကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ မြန်မာ့စီးပွားရေးသည် ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အနည်းငယ်နှေးကွေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ယခုနှစ်မှစ၍ ပြည်တွင်း၊ ပြည်ပ မရေရာမသေချာသည့်ကြားတွင် အကောင်းဘက်မှ ရှိနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုသို့တိုးတက်ခြင်းသည် စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှု ပြန်လည်ကောင်းမွန်လာခြင်း၊ ကုန်ထုတ်လုပ်မှုအားကောင်းခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍတည်ငြိမ်ခြင်းတို့ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ထို့အပြင် ပြည်ပပို့ကုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အားကောင်းလာသောကြောင့် မြန်မာငွေကြေးတန်ဖိုး အနည်းငယ်ခိုင်မာလာသည်ဟု သိရသည်။

 

သို့ဖြစ်ရာ စိန်ခေါ်မှုများကြားမှ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝအကောင်းဘက်သို့ရှေးရှုလာပြီဖြစ်ရာ မြန်မာနိုင်ငံစီးပွားရေး ပြန်လည်ဦးမော့လာရေးအတွက် ညီညီညွတ်ညွတ် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လေးစားစွာဖြင့် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ