နေပြည်တော်၊ ဩဂုတ် ၂၅ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယမန်နေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျေးရွာရှိ ပုဂ္ဂလိက ဥစား ကြက်မွေးမြူရေးခြံ၏ အလုံပိတ်စနစ်ဖြင့် ကြက်ကောင်ရေ (၆) သောင်းခန့် မွေးမြူလုပ်ကိုင်နေမှု နှင့် ကြက်ဥများအား ပြည်တွင်းဈေးကွက်၌ ဖြန့်ဖြူပေးနေမှုတို့ကို ကြည့်ရှုအားပေးသည်။ 

ထို့နောက် မွေးမြူရေးလုပ်ငန်းရှင်နှင့် ခြံတာဝန်ရှိသူများအား တွေ့ဆုံ၍ တိရစ္ဆာန်အစာကို ဒေသထွက် အစာကုန်ကြမ်း ပစ္စည်းများဖြင့် ရောစပ် ကျွေးမွေးနိုင်ရေး၊ အသေးစား မွေးမြူရေး လုပ်ကိုင်သူများနှင့် မွေးမြူရေးခြံ တည်ထောင်ဆောင်ရွက် လုပ်ကိုင်လိုသူများအား လက်တွဲ ခေါ်ယူ၍ နည်းပညာနှင့် ဈေးကွက်ဆိုင်ရာ လိုအပ်ချက်များ ချိတ်ဆက်ကူညီပေးခြင်းဖြင့် ဒေသ၏ မွေးမြူရေးအခြေခံ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။ 

ယင်းနောက် ပြင်ဦးလွင်မြို့နယ်၊ ထုံးဘိုကျေးရွာအုပ်စုနှင့် ပွေးကောက်ကျေးရွာအုပ်စုအတွင်းရှိ ဒီဇင်ဘာ နို့စားနွား မွေးမြူရေးခြံ၏ နို့စားနွားများ မွေးမြူထားရှိမှု၊ နွားစာမြက်များ စိုက်ပျိုးကျွေးမွေးခြင်းလုပ်ငန်းနှင့် နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးနေမှုတို့ကို ကြည့်ရှုပြီး နို့စားနွားမွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး၊ အစားအစာ ဘေးကင်းလုံခြုံရေးနှင့် သဘာဝ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းပြီး ဒေသတွင်း မွေးမြူရေးတိရစ္ဆာန် ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး ဆိုင်ရာလုပ်ငန်းများကို စနစ်တကျလိုက်နာကျင့်သုံးရန် ကိစ္စရပ်များကို မှာကြားသည်။ 
ယနေ့ နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြင်ဦးလွင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံ၍ စိုက်ပျိုးနိုင်သည့် မြေယာများအားလုံး မြေလပ်မကျန် စိုက်ပျိုးနိုင်ရေးနှင့် သီးထပ် စွမ်းအားမြှင့်တင်နိုင်ရေး၊ သွင်းအားစုစရိတ် လျှော့ချနိုင်ရေးနှင့် တစ်ဧကချင်း၏ ထုတ်လုပ်မှု တိုးတက်ရေး၊ သီးနှံအထွက်နှုန်းနှင့် အရည်အသွေးမြင့်မားစေရေး ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများအတွက် အကျိုးအမြတ် ပိုမိုရရှိနိုင်မှု အခွင့်အလမ်းများ၊ ကော်ဖီစိုက်ဧက လျာထားချက် ပြည့်မီစေရေး၊ မွေးမြူရေးကဏ္ဍတွင် ကာကွယ်ဆေး ထိုးခြင်းဖြင့် ရောဂါဖြစ်ပွားမှု လျော့ချနိုင်ရေး၊ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ကူးစက်ရောဂါများကို မျက်ခြေမပြတ် စောင့်ကြည်ကာကွယ်ရန် လိုအပ်ချက်များ၊ ကောင်းမွန်သော မွေးမြူရေးကျင့်စဉ် GAHP ကို တိုးချဲ့ပညာပေးရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။ 

ထို့နောက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မန္တလေးတိုင်း ဦးစီးမှူးရုံးရှိ တိရစ္ဆာန်မွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ၊ အာဟာရဗေဒဓာတ်ခွဲခန်း (မန္တလေး) နှင့် မျိုးရည်ခဲချောင်းထုတ်လုပ်ရေး ဓာတ်ခွဲခန်းတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ပြည်တွင်း၌ ထွက်ရှိသော အစာနု၊ အစာကြမ်းများ၏ အခြေခံ အာဟာရတန်ဖိုးများကို မွေးမြူရေးတောင်သူများ သိရှိစေရန်နှင့် တိရစ္ဆန်အစာစပ်ရာတွင် မှန်ကန်သော အာဟာရပမာဏများ ပါဝင်အောင် အစာစပ် ကျွေးမွေးနိုင်ရန် နည်းပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ဒေသရာသီဥတုနှင့် လိုက်လျောညီထွေစွာ မွေးမြူနိုင်မည့် နို့စားနွားမျိုးများ တိုးတက် ထုတ်လုပ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။

သတင်းစဉ်