ပင်တဂွန်စစ်ဌာနချုပ်အား အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ရေးဥပဒေ အကောင်အထည်ဖော်ရန် အီရန်သမ္မတ အမိန့်ထုတ်ပြန်

တီဟီရန် ၁၅ ဇန်နဝါရီ 

အီရန်သမ္မတ ဟာဆန်ရိုဟာနီသည် ပင်တဂွန်စစ်ဌာနချုပ်အား နာမည်ပျက်စာရင်းထဲထည့်သွင်းရေးဥပဒေတစ်ရပ်ကို အကောင်အထည်ဖော်ရန် ယနေ့အမိန့်ထုတ်ပြန်လိုက်ကြောင်း အီရန်နိုင်ငံပိုင် Tasnim သတင်း အေဂျင်စီက ဖော်ပြသည်။

အီရန်ပါလီမန်သည် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ရေးဆိုင်ရာဥပဒေကို ဇန်နဝါရီ ၇ ရက်က အတည်ပြုခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေကို ချက်ချင်းအကောင် အထည်ဖော်ရန် အီရန်သမ္မတ ရိုဟာနီက သက်ဆိုင်ရာအီရန်အဖွဲ့အစည်းများအား ဇန်နဝါရီ ၁၃ ရက်တွင် တိုက်တွန်းခဲ့သည်။

အီရန်ပါလီမန်၏အတည်ပြုချက်အရ ပင်တဂွန်စစ်ဌာနချုပ်အဖွဲ့ဝင် အားလုံး၊ ပင်တဂွန်စစ်ဌာနချုပ်နှင့် ဆက်စပ်သည့်အဖွဲ့အစည်းများ၊ ကုမ္ပဏီများနှင့် အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်းဆိုလန်းမန်းနီအား လုပ်ကြံ သတ်ဖြတ်ရန် ကြံစည်သူ အမေရိကန်တပ်မှူးအားလုံးကို အီရန်က နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့သည်။ အဆိုပါဥပဒေကို အီရန်၏ ထိပ်တန်းဥပဒေပြုအဖွဲ့ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဂါးဒီးယန်းကောင်စီက အတည်ပြုခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အီရန်ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီသည် အနောက်အာရှဒေသဆိုင်ရာ အမေရိကန်၏ စစ်ဌာနတစ်ခုကို ၂၀၁၉ ခုနှစ် ဧပြီလက အကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့သည်။ အီရန်ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီသည် အမေရိကန် ပြည်ထောင်စုက အီရန်တော်လှန်ရေးအစောင့်တပ်အား နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပြီးနောက် လက်တို့ ပြန်သည့်အနေဖြင့် အနောက်အာရှဒေသဆိုင်ရာ အမေရိကန်စစ်ဌာန ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ကိုးကာ - ဆင်ဟွာ 
ဘာသာပြန် - ဂျေတီ