ပြင်သစ်နဲ့ ဂျာမနီကြား ပိုမိုနီးကပ်လာစေမယ့် စာချုပ်တစ်ခု

ခြူးစန္ဒီနွေး
ဥရောပသမဂ္ဂကနေ ဗြိတိန်အပြီးသတ် နုတ်ထွက်ရေး သဘောတူညီမှုရဖို့ လုပ်ဆောင်နေမှုတွေကို အားလုံးက စိတ်ဝင်တစား ရှိနေချိန် ပြင်သစ်နဲ့ ဂျာမနီတို့ဟာ စာချုပ်အသစ်တစ်ခုမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဥရောပသမဂ္ဂအဖွဲ့ကြီးအတွင်းမှာ ပြင်သစ်နဲ့ဂျာမနီတို့ ပူးပေါင်းပြီး အနေအထားတစ်ရပ်ရရှိဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တဲ့ကိစ္စတစ်ခုလည်း ဖြစ်ပါတယ်။ ဗြိတိန်ကလည်း ဥရောပသမဂ္ဂကနေ နုတ်ထွက်ဖို့ဆောင်ရွက်နေတဲ့အချိန်၊ ပြီးတော့ ဥရောပသမဂ္ဂ အဖွဲ့ကြီးအတွင်းမှာ လစ်ဘရယ်ရဲ့ စံချိန်စံညွှန်းတွေကို ပေါ်ပြူလစ်ဇင်တွေက ကိုင်လှုပ်လာနိုင်တဲ့အချိန် ဒီလိုအချိန်ကိုက်မျိုးမှာ ဂျာမနီနဲ့ပြင်သစ် တို့ဟာ စာချုပ်အသစ်မှာလက်မှတ်ထိုးဖို့ ဖြစ်လာခဲ့တယ်။ အင်ဂျလာမာကယ်နဲ့ ပြင်သစ်သမ္မတ မက်ခရွန်တို့ဟာ ဂျာမနီနိ်ုင်ငံ အာကန်မြို့မှာ အင်္ဂါနေ့က သဘောတူ လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပခဲ့ကြပါတယ်။ အဲဒီစာချုပ်ဟာ ၁၉၆၃ ခုနှစ်က ဂျာမနီဝန်ကြီးချုပ် ကော်နက်အာဒင်နဝါနဲ့ ပြင်သစ်သမ္မတချာဒီဂေါတို့ လက်မှတ်ရေးထိုးခဲ့တဲ့ Elysee စာချုပ်အပေါ်မှာ အခြေတည်ပြီး ထပ်မံတည်ဆောက်ထားတဲ့ စာချုပ်လည်း ဖြစ်ပါတယ်။

စာချုပ်ထဲမှာ ဘယ်လိုအချက်တွေပါဝင်သလဲ
စာချုပ်အကြမ်းမှာတော့ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ပုံမှန်အနေအထားတစ်ရပ် တည်ထောင်ဖို့ သဘောတူထားပြီး ဥရောပသမဂ္ဂ အဖွဲ့ကြီးရဲ့ အဓိကအကြောင်းအရာတွေ၊ ကိစ္စတွေမှာ ပူးတွဲကြေညာချက် ထုတ်ပြန်ဖို့ နှစ်နိုင်ငံစလုံးက သဘောတူထားပါတယ်။ သူတို့ဟာ ကုလသမဂ္ဂမှာတောင် ပူးပေါင်းအင်အားတစ်ခုအဖြစ် ရပ်တည်သွားဖို့ အစီအစဉ်ရှိပါတယ်။ ပြည်တွင်းနဲ့ ပြည်ပ လုံခြုံရေးဆိုင်ရာ နိုင်ငံခြားရေးမူဝါဒတွေမှာလည်း ဥရောပဟာ အမှီအခိုကင်းကင်းနဲ့ ရပ်တည်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
ပြင်သစ်-ဂျာမနီ စီးပွားရေးဇုန်အဖြစ် စီးပွားရေးမှာလည်း နက်နက်ရှိုင်းရှိုင်း ပေါင်းစပ်သွားဖို့ နှစ်နိုင်ငံစလုံးက သဘောတူထားတဲ့ အပြင်ဥရောပရဲ့ စစ်ဘက်ဆိုင်ရာ အရည်အသွေးတွေမှာလည်း ကွက်လပ်တွေကို ဖြည့်နိုင်ဖို့ နှစ်နိုင်ငံစလုံးက ကြိုးပမ်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြင်သစ်-ဂျာမနီ အသိုက်အဝန်းအဖြစ်ရည်ရွယ်
ဒါ့အပြင် အီးယူနဲ့ နေတိုးအဖွဲ့အတွက် လည်း အထောက်အကူ ဖြစ်စေမှာဖြစ်ပြီး ပြင်သစ်-ဂျာမနီ ကာကွယ်ရေးနှင့် လုံခြုံရေး ဆိုင်ရာကောင်စီဖွဲ့စည်းကာ ပူးပေါင်းတပ်ဖြန့် ချထားတာမျိုးတွေ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ လူငယ်တွေအတွက်ကတော့ ယဉ်ကျေးမှုချင်း ဖလှယ်ဖို့၊ တစ်နိုင်ငံရဲ့ ဘာသာစကားကို နောက်တစ်နိုင်ငံက လေ့လာသွားဖို့ သဘောတူထားတာ ရှိပါတယ်။
ပြင်သစ်-ဂျာမနီအသိုက်အဝန်း တစ်ခုဖန်တီးသွားဖို့ ရည်ရွယ်ထားတာပါ။ ပြီးတော့ နှစ်နိုင်ငံနယ်စပ်မှာလည်း ဘာသာစကားနှစ်မျိုး စလုံး အသုံးပြုနိုင်ဖို့အထိ စိတ်ကူးထားတာတွေ ရှိပါတယ်။

ရည်မှန်းချက်အဟောင်းဆီ ပြန်လျှောက်
ဟိုအရင်ကတည်းက စိတ်အားပြင်းပြမှု တွေကတော့ ကြားဖူးနားဝရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၆ နှစ်ခန့်ကလည်း ပြင်သစ်-ဂျာမနီ မိတ်ဖက်ကြေညာမှုကို ပါရီမြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၁၉၆၃ ခုနှစ်က ပြင်သစ်နဲ့ ဂျာမနီကြား လက်မှတ်ရေးထိုး ခဲ့တာကို အခုအချိန်မှာ ပြန်သတိရမိတယ်လို့ ကွန်စတန်တက္ကသိုလ်က အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးနှင့် နိုင်ငံရေးသိပ္ပံဥက္ကဋ္ဌ ပါမောက္ခဒရစ်လူဖန်က ပြောပါတယ်။

ဝတ္ထုဆန်ဆန် ပြောင်းလဲသွားတာမျိုးတော့မရှိပါဘူး။ ဒီနေ့စိန်ခေါ်မှုတွေနဲ့အတူ ရည်မှန်းချက်အဟောင်းကို ပြန်လျှောက် လှမ်းနေတာပါလို့ ပါမောက္ခလူဖန်က ပြောပါတယ်။ နောက်ထပ် ခြေလှမ်းအနေနဲ့ စီးပွားရေးမှာ နှစ်နိုင်ငံ ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားဖို့ပဲ ထောက်ပြချင်ပါတယ်လို့ စီးပွားရေးနဲ့ ပတ်သက်တဲ့အမြင်ကိုပဲ ကွက်ပြီး ပြောပြသွားပါတယ်။

မလိုလားမှုတွေလည်းရှိ
ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်က တော့ သူ့အနေနဲ့ ပြင်သစ်-ဂျာမနီတို့ရဲ့ စာချုပ် အသစ်မှာ လက်မှတ်ရေးထိုးသွားဖို့ လိုလို လားလားရှိခဲ့တယ်။ ဘာလို့လဲဆိုရင် လက်ရှိက္ဘာ ကြီးမှာ ရုပ်ရှင်ဆန်ဆန် ပြောင်းလဲနေတာတွေ အများကြီးရှိနေလို့ပါလို့ ပြောခဲ့ပါတယ်။ ပြင်သစ်နဲ့ ဂျာမနီတို့ချုပ်ဆိုမယ့် စာချုပ်အသစ်ကို ကန့်ကွက်မှု တွေရောရှိပါသလား။ တချို့သော ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအချို့ဟာဆိုရင် ပြင်သစ်နဲ့ ဂျာမနီတို့ဟာ အရင်ကတည်းက အင်အားကြီးတဲ့ နိုင်ငံ တွေဆိုပြီး ခံယူထားကြပါတယ်။
ဥရောပအလယ်ပိုင်းနဲ့ အရှေ့ပိုင်းနိုင်ငံတွေက ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ ဦးဆောင်မှုနဲ့ အစီအစဉ် လုပ်ထားတဲ့ ရွှေ့ပြောင်းနေထိုင် သူများကို ခွဲဝေ လက်ခံရေးအစီအစဉ်ကို လက်မခံကြပါဘူး။

စိန်ခေါ်ဖို့စိတ်ကူး
အခုအချိန်ဟာဆိုရင် အီတလီနဲ့ ပိုလန်နိုင်ငံတို့ရဲ့ ပူးပေါင်းမှုနဲ့ ဂျာမနီနဲ့ ပြင်သစ်တို့ရဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေကို ငြင်းဆန်ဖို့ အချိန်တန်ပြီလို့ အီတလီပြည်ထဲရေးဝန်ကြီး မက်တီရီယိုဆယ်လ် ဗေနီကပြောပါတယ်။ ပြင်သစ်-ဂျာမနီ ပူးပေါင်းစာချုပ် နောက်ဆုံးမူကြမ်းကို ကြေညာတဲ့တစ်နေ့မှာပဲ အီတလီပြည်ထဲရေးဝန်ကြီးက အခုလို ပြောလိုက်တာပါ။

သူဟာ ပိုလန်နိုင်ငံကိုသွားရောက်ခဲ့ပြီး ဥရောပ သမဂ္ဂအဖွဲ့ကြီးအတွင်းမှာ ပြင်သစ်နဲ့ ဂျာမနီတို့ရဲ့ လွှမ်းမိုးမှုတွေကို စိန်ခေါ်ဖို့ စိတ်ကူးထားခဲ့ပါတယ်။ လာမယ့် မေလအတွင်းမှာလည်း ဥရောပ ပါလီမန်အတွက် ရွေးကောက်ပွဲရှိတဲ့အတွက်ကြောင့် ဒီအတွက်လည်း အားခဲထားတဲ့ပုံပါပဲ။

သတင်းအတုတွေ ထွက်ပေါ်လာ
ဒီစာချုပ်နဲ့ ပတ်သက်ပြီး ပြင်သစ်မှာ သတင်းအတုတွေ ပေါ်ထွက်တာမျိုးလည်း ရှိပါ တယ်။ ပြင်သစ်သမ္မတမက်ခရွန်ဟာ ဒီစာချုပ် သဘောတူညီမှု တစ်စိတ်တစ်ဒေသအဖြစ် နယ်မြေကို လွှဲပြောင်းပေးဖို့အစီအစဉ်ရှိတယ်ဆိုတဲ့ သတင်းအတုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒီစာချုပ်ကြောင့် ဆယ်ဆာကာနဲ့ လော်ရိန်းနယ်စပ် အချို့ ဂျာမနီကို လွှဲပြောင်းပေးသလို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ Natio- nal Frontပါတီမှ အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သူ ဘားနက်မိုနော့က ဗီဒီယိုတစ်ခုမှာ ပြောကြားပြီးတဲ့နောက် အဲဒီစွပ်စွဲမှုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။

ဒါပေမယ့်လည်း အဓိက မီဒီယာကြီးတွေကတော့ ဒီသတင်းဟာ မမှန်ဘူးဆိုတာကို ဖော်ပြခဲ့ကြပါတယ်။ မစ္စတာမိုနော့ကလည်း သူပြောထားတဲ့ ဗီဒီယိုဖိုင်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဗီဒီယိုဖိုင်ကို ဖျက်လိုက်ပေမယ့်လည်း မစ္စတာမိုနော့က နယ်မြေနှစ်ခုရဲ့ ဘာသာစကား ဟာ ဂျာမနီဘာသာစကားကို ပြောင်းသွားလိမ့်မယ်လို့ ထပ်ပြောခဲ့ပါတယ်။

ခြောက်လှန့်သလိုဖြစ်လာနိုင်
အင်ဂျလာမာကယ်ကတော့ ပြင်သစ် သမ္မတ မက်ခရွန်ဟာ သူနဲ့ အမြင်ချင်းဖလှယ်နိုင်တဲ့သူလို့ ယူဆပါတယ်။ ဥရောပမှာ လတ်တလောအခြေအနေ မငြိမ်သက်မှုတွေကို တားဆီးနိုင်ဖို့အတွက် သူတို့နှစ်ဦးဟာ ပထမက္ဘာစစ်တုန်းက ကျဆုံးခဲ့သူတွေ အတွက် အထိမ်းအမှတ် အခမ်းအနားပြုလုပ် ခဲ့ကြပါတယ်။

ပြင်သစ်-ဂျာမနီ မိတ်ဖက်ပူးပေါင်းမှုကြောင့် ဥရောပအရှေ့ပိုင်းနိုင်ငံတွေကို ခြောက်လှန့်ဖို့ ဖြစ်လာနိုင်တယ်လို့လည်း ဘာလင်က ဝေဖန်သူတွေက ဝေဖန်ကြပါတယ်။ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ အာဏာပါဝါ ဟာ၂၀၁၇ ရွေးကောက်ပွဲပြီး နောက်ပိုင်း တဖြည်းဖြည်းကျဆင်းလာခဲ့ပါတယ်။ ဥရောပကို ထောက်ခံတဲ့ ကတိကဝတ်ပြုမှုတွေကြား မကျေလည်မှုတွေ ရှိလာသလို အဲဒီအထဲမှာ ဥရောပဇုန်အတွင်း ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေလည်း ပါဝင်ပါတယ်။ မက်ခရွန်ရဲ့ ဥရောပကို ပြုပြင်ပြောင်းလဲရေးအစီအစဉ်ရဲ့ အနာဂတ်ကို မယုံကြည်နိုင်တဲ့လူတွေလည်း ရှိပါတယ်။ သို့ပေမယ့် မက်ခရွန်ကတော့ စည်းလုံးညီညွတ် တဲ့လုံခြုံရေးနဲ့ ကာကွယ်ရေးမဟာဗျူဟာကို ရှေ့ဆက်သွားနိုင်မယ်လို့ သူ့ကိုယ်သူယုံကြည်နေဆဲပါပဲ။

အဓိကမောင်းနှင်သူဟုရှုမြင်
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဟိုက်ကို မက်စ်ကတော့ ပြင်သစ်နဲ့ ဂျာမနီတို့ဟာ ခိုင်မာတောင့်တင်းတဲ့ ဥရောပအတွက် တပ်ဖွဲ့ဝင် တွေ ပူးပေါင်းလျက်ရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အင်ဂျလာမာကယ်ကတော့ ပြင်သစ်နဲ့ ဂျာမနီဆိုတာ ဥရောပကို အဓိက မောင်းနှင်နေတဲ့သူတွေလို့ မြင်ပါတယ်။ အခုလက်မှတ်ရေးထိုးမယ့် စာချုပ်အသစ်ကြောင့် နယ်စပ်ဖြတ်ကျော် ပူးပေါင်း ဆောင်ရွက်မှုတွေမှာ ပိုမိုကျယ် ကျယ်ပြန့်ပြန့်နဲ့ ဆောင်ရွက်နိုင်မှာဖြစ်သလို စီးပွားရေးမူဝါဒနဲ့ အလုပ်သမားဈေးကွက်တို့မှာ လည်း တစ်နေရာတည်းမှာ ပူးပေါင်းဆောင်ရွက် နိုင်တော့မှာဖြစ်တယ်လို့ အင်ဂျလာမာကယ် က ပြောခဲ့ပါတယ်။ ဥရောပသမဂ္ဂကနေ အပြီး သတ်နုတ်ထွက်ဖို့ ပြင်ဆင်နေတဲ့ ဗြိတိန်အကြောင်း လူအများ စိတ်ဝင်စားနေချိန်မှာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ ဖြစ်ကြတဲ့ ပြင်သစ်နဲ့ ဂျာမနီတို့ကြား သဘောတူစာချုပ်ဟာလည်း စိတ်ဝင်စားစရာ အကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။    ။
ကိုးကား -ဘီဘီစီ