ပြင်သစ်စထရာဘောင်းမြို့တော်ရှိ ခရစ္စမတ်ဈေးပွဲတော်တွင် ပစ်ခတ်ခဲ့သော သေနတ်သမား၏ ဓာတ်ပုံကို ထုတ်ပြန်

ပြင်သစ်စုံစမ်းရေး အာဏာပိုင်များက စထရာဘောင်းမြို့တော်အရှေ့ပိုင်းတွင် ပစ်ခတ်သည့် သေနတ်သမား၏ ဓာတ်ပုံကို ထုတ်ပြန်ခဲ့ကြကြောင်း သိရသည်။

စထရာဘောင်း မြို့တော်အလယ်ဗဟို ရှိ ခရစ္စမတ်ဈေးပွဲတော်တွင်  သေနတ်သမားတစ်ဦး၏ ပစ်ခတ်မှုကြောင့် လူပေါင်း ၁၃ ဦး  ထိခိုက်ဒဏ်ရာရရှိပြီး ၃ ဦး သေဆုံး သွားခဲ့သည့်အပေါ် လုံခြုံရေး ကင်မရာမှ ရရှိသည့်  သတင်းအချက်အလက်များ နှင့် သေနတ်သမား၏ ဓာတ်ပုံကိုစုံစမ်းစစ်ဆေးသူများက  ထုတ်ပြန်ထားကြောင်း သတင်းဖော်ပြထားသည်။

အာဏာပိုင်များက ယင်းပစ်ခတ်မှုကို အကြမ်းဖက်လုပ်ရပ်ဟုသတ်မှတ်ခဲ့ပြီး ထိုသေနတ်သမား ကိုရှာဖွေနေကြကြောင်းနှင့် အစွန်းရောက်သမားဖြစ်သည့် ချီကတ်ကို စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းပစ်ခတ်မှုဖြစ်ပွားရာ ခရစ္စမတ်ဈေးပွဲတော် အနီး၌ သေနတ်သမားနှင့် ရဲတပ်ဖွဲ့တို့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီးနောက် ၎င်းသည် အငှားယာဉ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသေနတ်သမား၏လက်မောင်းတွင် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းစီးနင်းသွားသည့် အငှားယာဉ်မောင်းသမားက စုံစမ်းစစ်ဆေးသူများကို ပြောကြားခဲ့ကြောင်းနှင့် ယင်းသေနတ်သမားကို လွတ်မြောက်ရန် တစ်စုံတစ်ယောက်က ကူညီမှုရှိမရှိ စုံစမ်းစစ်ဆေးနေကြကြောင်း  သတင်းဖော်ပြထားသည်။

ပြင်သစ်ဝန်ကြီးချုပ် အီဒိုယူအပ် ဖိလစ်ပီက ခရစ္စမတ်ဈေးပွဲတော်များနှင့် အခြားလူစည်ကားရာနေရာများတွင် သတိထားစောင့်ကြည့်မှု တိုးမြှင့်ရန် အစိုးရက အစီအစဉ်ရှိကြောင်းနှင့် လာမည့် ရက်များတွင် လုံခြုံရေးဝန်ထမ်း တစ်သောင်း ပုံမှန်ရှိနေရာမှ ၂၀ ရာခိုင်နှုန်းနီးပါး တိုင်းပြည် အနှံ့ တိုးမြှင့် ဖြန့်ချထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကား အန်အိတ်ချ်ကေ
ဘာသာပြန် မြင့်မြင့်ချို