ပြင်သစ်အစိုးရကို ဆန္ဒပြနေတဲ့ ခြောက်ရက်မြောက်နေ့မှာ အင်အားပိုမိုပါဝင်တဲ့ ဆန္ဒပြပွဲကျင်းပမယ်

၁၁ ဒီဇင်ဘာ

 

ပြင်သစ်အစိုးရရဲ့ ပင်စင်စနစ်အပြောင်းအလဲနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်တွေကို ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။  ဒီဇင်ဘာ ၅ ရက်နေ့ စတင်ခဲ့တဲ့ ဆန္ဒပြပွဲဟာ ဒီကနေ့ ဆို ၆ ရက်ရှိ သွားပြီဖြစ်တဲ့အတွက် ခရီးသွားလာရေးမှာ အခက်အခဲတွေဖြစ်လာပါတယ်။

 

ပဲရစ်မြို့ရှိ အများသုံးခရီးသွားရေးဟာ နှောင့်နှေးသွားပြီး မီးရထားနဲ့ လေယာဉ်အများစုဟာလည်း ခရီးစဉ်တွေ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ အခုဆန္ဒပြပွဲဟာ မက်ခရွန် သမ္မတ တာဝန်ယူတဲ့ ၂၀၁၇ ခုနှစ်ကစပြီး  အကြီးဆုံးသော ဆန္ဒပြပွဲဖြစ်ပါတယ်။

 

ဆန္ဒပြပွဲတွေကြောင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းနဲ့ ဆေးရုံတွေအပေါ် သက်ရောက်မှုရှိသလို ပဲရစ်၊ လီလီ၊ လီယွန် နဲ့ ဘော့ဒိုး မြို့တွေမှာရှိတဲ့ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေပါ ပိတ်ခဲ့ရပါတယ်။ ပဲရစ်မြို့မှာရှိတဲ့ ပြတိုက်တွေဟာ တစ်စိတ်တစ်ပိုင်းပိတ်ထားရတာမျိုး ရှိသလို ပြဇာတ်ရုံတွေမှာလည်း တင်ဆက်ကပြမယ့် အစီအစဉ်တွေ ဖျက်သိမ်းတာအထိ ဖြစ်ခဲ့ရပါတယ်။

 

ပြုပြင်လိုက်တဲ့ ပင်စင်စနစ်မှာ မျှတကြောင်း အစိုးရက ပြောပါတယ်။ ပြင်သစ်နိုင်ငံရှိ ပင်စင်သက်မှာ ၆၂ နှစ်ဖြစ်ပြီး အဲဒီလိုသတ်မှတ်ခဲ့တာဟာ ဖွံ့ဖြိုးရေးနိုင်ငံတွေကြားမှာ အနည်းဆုံး သက်တမ်းဖြစ်ပါတယ်။

 

ပဲရစ်မြို့က ဆန္ဒပြပွဲမှာ ပါဝင်နေတဲ့ အသက် ၃၈ နှစ်အရွယ် ကျောင်းဆရာ ဂျူလီယံက အသစ်ပြဌာန်းမယ့် ပင်စင်စနစ်ဟာ ကျောင်းဆရာ၊ ဆရာမတွေကို ပိုမိုဆင်းရဲသွားမှာ စိုးရိမ်ကြောင်း၊ သူတို့ရဲ့လစာက နည်းပေမယ့် လက်ရှိပင်စင်စနစ်က ကောင်းမွန်တဲ့အတွက် အဆင်ပြေနေကြောင်း၊ အသစ်ပြဌာန်းမယ့် ပင်စင်စနစ်က လွန်ခဲ့တဲ့ ၂၅ နှစ်အပေါ် တွက်ချက်မှာဖြစ်တဲ့အတွက် သူတို့ရဲ့ပင်စင်ဟာ တစ်လကို ယူရို ၅၀ဝ ကနေ ၉၀ဝ အထိ ဆုံးရှုံးသွားနိုင်ကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP