ပွင့်ဖြူမြို့နယ်တွင်  အရပ်ရပ်အခွင့်အရေးလိုင်စင် အခု ၂၀ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံရောင်းချပေးသွားမည်

ပွင့်ဖြူ  ၁၆ ဩဂုတ်       

မကွေးတိုင်းဒေသကြီး  ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုးစနစ်ဖြင့် လေလံဆွဲဝယ်ယူရန် ဆန္ဒမပြုသော အရပ်ရပ်အခွင့်အရေးလိုင်စင် အခု ၂၀ အား အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဩဂုတ် ၂၁ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ထပ်မံရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အရပ်ရပ်အခွင့်အရေးလိုင်စင် ၂၀ တွင် အမဲခုံလုပ်ငန်းလိုင်စင်(၄)ခု၊  ဝက်ခုံလုပ်ငန်းလိုင်စင် (၈) ခု ၊ ဆိတ်ခုံလုပ်ငန်းလိုင်စင် (၆) ခု၊ ကျောင်းတော်ရာ ဈေးကောက်လုပ်ငန်းလိုင်စင် (၁) ခု ၊ ဆိပ်ကမ်း ကောက်လုပ်ငန်းလိုင်စင် (၁) ခု၊ စုစုပေါင်း လုပ်ငန်းလိုင်စင် အခု ၂၀ ဖြစ်ကြောင်း သိရကာ လေလံဆွဲဝယ်ယူလိုသူများအနေဖြင့် အဖွဲ့မှ သတ်မှတ်ပေးထားသော လျှောက်လွှာနှင့်အတူ တင်ပြ၍ ကိုယ်တိုင်ဆွဲဝယ်ယူရမည်ဖြစ်ကြောင်းနှင့် ဈေးပြိုင်စနစ် ဖြင့်သာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

ယခင်က အရပ်အရပ်အခွင့်အရေးလိုင်စင် (၂၂) ခုရှိရာ ဩဂုတ် ၁၄ ရက်က  အိတ်ဖွင့်တင်ဒါစနစ်ဖြင့် လေလံရောင်းချရာတွင် ကုန်းဇောင်းကျေးရွာရှိ ဝက်ခုံ (၁) နှင့် ဝက်ခုံ (၂) လုပ်ငန်းလိုင်စင် (၂) ခုကို  ကြမ်းခင်းဈေးပြည့်မီ ကျော်လွန်စွာဖြင့် ရောင်းချနိုင်ခဲ့ပြီး ယခုကျန်ရှိသည့် အရပ်ရပ်အခွင့်အရေးလိုင်စင် (၂၀) ခုအား ဩဂုတ်လ ၂၁ ရက်နေ့တွင် ထပ်မံရောင်းချ ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းထံမှ သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )