ပွင့်ဖြူ ဖေဖော်ဝါရီ ၂၁

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၂၀၂၂၂၀၂၃ ခုနှစ် နွေသီးနှံစိုက်ပျိုးရာတွင် ဒေသခံတောင်သူများ နွေသီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်မှ မတ်လဆန်းတွင် စိုက်ပျိုးရေ စတင်ဖြန့်ဝေပေးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် စိုက်ပျိုးရေဖူလုံစေရေးအတွက် မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်း မြောင်းမကြီးတို့မှတစ်ဆင့် လယ်ယာမြေစိုက်ခင်းများအရောက် နှစ်စဉ် ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“တောင်သူတွေကို စိုက်ပျိုးရေဖြန့်ဝေပေးရာမှာ မဲဇလီရေလွှဲဆည်မှ ဆည်ရေတွေကို တောင်မုန်း မြောင်းမကြီးနဲ့ မြောက်မုန်း မြောင်းမကြီး တို့ကနေတစ်ဆင့် နွေစပါး၊ နွေနှမ်းနဲ့ အခြားနွေသီးနှံ အချိန်မီစိုက်ပျိုးနိုင်ဖို့ ဖြန့်ဝေပေးတာပါ။ အခုနှစ်မှာတော့ ဆည်ရေနည်းတဲ့အတွက် နွေစပါးအတွက် စိုက်ပျိုးရေဖြန့်ဝေတာတွေမလုပ်ဘဲ နွေနှမ်းနဲ့ အခြားနွေသီးနှံ စိုက်ပျိုးဖို့အတွက် စိုက်ပျိုးရေ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးရေ ဖြန့်ဝေပေးတဲ့ရက်ကတော့ မတ်လ ၁ ရက်ကစပြီး ၃၁ ရက် အထိ အချိန်တစ်လ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။

တောင်သူတွေကိုလည်းလယ်ယာမြေတွေ ကြိုတင်ပြဆင်နိုင်ရေးအတွက် စိုက်ပျိုးရေဖြန့်ဝေမယ့်ရက်ကို ကြိုတင်အသိပေးအကြောင်းကြားပြီး ဖြစ်ပါတယ်။ ဆည်ရေနည်းတဲ့အတွက်တောင်သူတွေအနေနဲ့ နွေနှမ်းနဲ့ အခြားနွေသီးနှံစိုက်ပျိုးရာ ဆည်ရေလေလွင့်ဆုံးရှုံးမှုမဖြစ်ဖို့ စနစ်တကျ သုံးစွဲစေချင်ပါတယ်” ဟု မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်က ပြောသည်။

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေဖြင့် နွေနှမ်း ၆၀၄၂၈ ဧက၊ မင်းဘူး (စကု)မြို့နယ်အတွင်းရှိ အိုင်းမ ရေလွှဲဆည်ရေဖြင့် ဧက ၅၀၀၊ စုစု ပေါင်း နွေနှမ်းစိုက်ပျိုးဧက ၆၀၉၂၈ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၏ နွေသီးနှံစိုက်ပျိုးမှုစာရင်းများအရ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)