ပွင့်ဖြူမြို့နယ်၌ မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူအား  ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိ 

ပွင့်ဖြူ  ၆ ဇွန်    

 
    
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာတွင် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား မုဒိမ်းမှုနှင့် လူသတ်မှုကျူးလွန်သူအား ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ဖြစ်စဉ်မှာ ဇွန်လ ၁ ရက်နေ့၊ ည ၉ နာရီခန့်က ပွင့်ဖြူမြို့နယ်မြို့နယ် ဇီးကိုင်းကျေးရွာနေ မအိဇင်ထွန်းသည် တစ်ရွာတည်းနေ မမှုံစီ၏ နေအိမ်သို့ တီဗီကြည့်ရန် မိခင်ထံမှ ခွင်င့်တောင်းပြီးသွားခဲ့ရာ ည ၁၁ နာရီ အချိန်ထိ ပြန်ရောက်လာခြင်းမရှိသဖြင့် မိခင်ဖြစ်သူ ဒေါ်ဇင်မာဦး သည် ခင်ပွန်းဖြစ်သူ ဦးသန်းထွန်းဦး၊ ကျေးရွာမှ ဦးအောင်သူ၊ ဦးနက်ပု တို့နှင့်အတူ မမှုံစီ နေအိမ်သို့ သွားရောက်စုံစမ်းမေးမြန်းရာ မမှုံစီက မလာကြောင်း ပြောသဖြင့် ကျေးရွာတွင်း သမီးဖြစ်သူ သွားလာတတ်သည့် နေရာများအား လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် နေအိမ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

 

နောက်တစ်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ဇီးကိုင်းကျေးရွာ၏တောင်ဘက် တောင်မုန်းမြောင်းမကြီးအတွင်း မိန်းကလေးအလောင်းတစ်လောင်း တွေ့သည်ဟု တစ်ရွာတည်းနေ ကိုအောင်မှ ပြောပြသဖြင့် လိုက်လံ ကြည့်ရှုရာ ရေမြောင်းအတွင်း၌ ဒဏ်ရာများဖြင့် မအိဇင်ထွန်း၏ အလောင်းအား တွေ့ရှိခဲ့ရသောကြောင့် မိခင်ဖြစ်သူက အရေးယူပေးရန် ပွင့်ဖြူမြို့နယ် လယ်ကိုင်းနယ်မြေရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့သည်။    

       
အဆိုပါ တိုင်တန်းမှုနှင့် ပတ်သက်၍ လူသတ်တရားခံအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် မင်းဘူးခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးညီဝင်း၏ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်နှင့် ရဲတပ်ဖွဲ့ဝင်များက ပူးပေါင်းစုံစမ်းစစ်ဆေးခဲ့ရာ  ဇီးကိုင်းကျေးရွာနေ  ညီညီနှင့် နက်ပုတို့အား စစ်ဆေးမေးမြန်းခဲ့ပြီး ပြစ်မှုကျုးလွန်သူ ညီညီ အား ၁၄ နာရီအတွင်း ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဇော်ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)