ပွင့်ဖြူ  ၉  ဇူလိုင် 


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်အတွင်းရှိကျေးရွာ ၁၁ ရွာ၌ ပြည်သူ ကျေးလက် ယူနီဆက် ပူးပေါင်း၍ အိမ်တိုင်ရာရောက် သောက်သုံးရေ ရရှိရေး လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။


အဆိုပါကျေးရွာ ၁၁ရွာမှာ ကျွဲတံခါး၊ ပေပင် ၊ ချောင်းဆုံ၊ ကံရွာ၊ နဘဲကုန်း၊ ရေဖြူတွင်း၊ ရွာသစ်ကလေး၊ ချောင်းဆုံ ဆင်လူးတောင်၊ ဆင်လူးမြောက်၊ လက်ယက် ကျေးရွာများ ဖြစ်ပြီး အိမ်တိုင်ရာရောက်သောက်သုံးရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကျေးရွာ၁၁ရွာမှ ပြည်သူများ ကျေးလက်ဦးစီးဌာန ယူနီဆက်တို့ ပူးပေါင်း သဘောတူညီမှု လက်မှတ်ရေးထိုးပွဲအခမ်း အနားအား ယနေ့နံနက် ၁၀ နာရီက ပွင့်ဖြူ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းဝေးခန်းမ၌ ကျင်းပသည်။


ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်မှူး ဦးဝင်းရွှေမှ ယခုလိုရေမီတာသုံး ပိုက်လိုင်းစနစ်နဲ့ ရေရရှိရေးဆောင်ရွက်ကြမည့်ကျေးရွာများ အနေနဲ့ စည်းလုံး ညီညွတ်စွာလုပ်ကိုင်ကြရန်နှင့် ရေရှည် အသုံးပြုနိုင်စေရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။


ဆက်လက်၍ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦး က သောက်သုံးရေ အတွက်ဘေးကင်းလုံခြုံစိတ်ချရသော အိမ်တိုင်ရာရောက် ရေပေးရေးစနစ်ဖြစ်ပေါ်စေရန် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီးဌာနအနေဖြင့် ရေပိုက်လိုင်း သွယ်တန်းရာတွင် လိုအပ်သော နည်းပညာ အကူအညီများ ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ယူနီဆက်ကိုယ်စားလှယ် ဦးခင်အောင်သိန်း မှ ယခုလို ရေမီတာစနစ်နဲ့ ရေရရှိရေးဆောင်ရွက်သည်မှာ မြို့နှင့် အလှမ်းကွာသောကျေးရွာများအား အဓိကဆောင်ရွက်ပေးခြင်းဖြစ်ပြီး၊ ယူနီဆက်ဖ်မှ လိုအပ်သော ရေပိုက်များအား ထောက်ပံ့ပေးသွားမည်ဖြစ်ကာ ကျေးရွာမှ လုပ်အား စိုက်ထုတ်ရေမီတာများ ဝယ်ယူရမည်ဖြစ်ပြီး ကျေးလက်ဦးစီးဌာနမှ လိုအပ်သော နည်း ပညာများ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။


အဆိုပါရေရရှိရေးလုပ်ငန်းများကို ယခုနှစ် ဇူလိုင်လမှစ၍  ၂၀၂၀ ခု စက်တင်ဘာလအတွင်း လုပ်ငန်းအားလုံးပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါကကျေးရွာ ၁၁ ရွာမှ အိမ်ခြေ ၁၅၉၉  လူဦးရေ ၇၄၁၁ ဦးတို့သောက်သုံးရေ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။


ငြိမ်းသူ