ပွင့်ဖြူမြို့နယ် ကျေးရွာ(၃)ရွာတွင် လယ်မြေဧက ၂၅၀ ဧက အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်

ပွင့်ဖြူ ဇန်နဝါရီ ၂၄

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ မူလခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာ(၃)ရွာမှ ဒေသခံတောင်သူများ၏ လယ်မြေဧက ၂၅၀ အား အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းမှာ လမ်းအရှည်ပေ သုည / ၇ ဒသမ ၅ မိုင်ရှိပြီး လမ်းအကျယ် ၁၂ ပေ၊  ကျောက်ရောမြေ ထု ၁ ပေ၊ မြေနီကျောက်စရစ် ထု ၉ လက်မ လယ်ယာကုန်ထုတ်လမ်းအဖြစ် ဖောက်လုပ်ဆောင်ရွက်သွားမည်ဖြစ်ကာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ ဌာန၏ မူလခွင့်ပြုရန်ပုံငွေကျပ် ၂၇ ဒသမ ၂ သန်းဖြင့် Shwe Group ‌ကုမ္ပဏီက တင်ဒါစနစ်ဖြင့် တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ပွင့်ဖြူမြို့နယ် မုန်းမြင့်ကျေးရွာ၊ သမော်အင်းကျေးရွာနှင့် အင်းဒေါင်းကျေးရွာတို့မှ အိမ်ခြေ ၉၈၅ အိမ်၊ လူဦးရေ ၃၈၄၄ ဦး၏ လယ်မြေဧက ၂၅၀ အား နွေ၊ မိုး၊ ဆောင်း ရာသီမပြတ် သီးနှံစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာမြေများမှ ထွက်ရှိသော သီးနှံထွက်ကုန်များကို ဈေးကွက်သို့ အချိန်ကုန်လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ ဒေသခံကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအကျိုးပြုစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)