ပင်လယ်ရေကြောင်းလုံခြုံစိတ်ချရရေး အမေရိကန်နဲ့ ပူးပေါင်းလိုက်ပြီဖြစ်တဲ့ ဗြိတိန်

၇ သြဂုတ်

ဗြိတိန်ဝန်ကြီးချုပ်အသစ်ဖြစ်တဲ့ မစ္စတာဘောရစ်ဂျွန်ဆင်အနေနဲ့ ဘရီးဇစ်အရေးကိုပဲ ခေါင်းထဲထည့်ထားလို့ မရပါဘူး။ ဗြိတိန်နိုင်ငံအတွက် နောက်ထပ်အရေးကြီးတဲ့ကိစ္စတစ်ခုလည်း ရှိနေပါသေးတယ်။

အမေရိကန်နဲ့ပူးပေါင်း

အဲဒါကတော့ ဟော်မုဇ်ရေလက်ကြား အတွင်းမှာသင်္ဘောတွေ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးပဲ ဖြစ်ပါတယ်။ ဩဂုတ် ၅ ရက်မှာတော့ ဗြိတိန်ဟာ ဟော်မုဇ်ရေလက်ကြား တစ်လျှောက် အီရန်ရဲ့ ခြိ်မ်းခြောက်မှုကို စိုးရိမ်စရာမလိုဘဲ သွားလာနိုင်မယ့် အမေရိကန်ဦးဆောင်တဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာခဲ့ပါတယ်။ အဲဒီလှုပ်ရှားမှုကတော့ ဟော်မုဇ်ရေလက် ကြားတစ်လျှောက် သင်္ဘောတွေသွားလာရာမှာ အန္တရာယ်ကင်းကင်းနဲ့ သွားလာနိုင်ရေးအတွက် ဦးတည်တဲ့လှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဗြိတိန်ဟာ အမေရိကန်နဲ့အတူ ပူးပေါင်းပါဝင်လာတာကို ကြည့်မယ်ဆိုရင် ဥရောပဦးဆောင်တဲ့ တပ်ဖွဲ့ဖန်တီးဖို့ဆိုတာ အခက်အခဲတွေအများကြီးရှိ နေဆဲပဲ ဆိုတာကို ပြသနေသလိုပါပဲ။

နောက်ဆက်တွဲအကျိုးဆက်

ဇူလိုင်လအတွင်းက ဗြိတိန်အလံလွှင့်ထူ ထားတဲ့သင်္ဘောကို အီရန်တို့ သိမ်းပိုက်ပြီး ကတည်းက အီရန်နဲ့ ဗြိတိန်တို့ရဲ့ ဆက်ဆံရေးဟာ တောက်လျှောက်ဆိုသလို ဆိုးရွားလာခဲ့ပါတယ်။ ဒါကလည်း ဗြိတိန်က ဂျီဘရော်လ်တာမှာ အီရန် ရေနံတင်သင်္ဘောကို ဥရောပသမဂ္ဂရဲ့ တားမြစ် ချက်တွေ ချိုးဖောက်တယ်ဆိုပြီး စတင်ဖမ်းဆီး ခဲ့တဲ့အတွက် နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်ပေါ် လာခဲ့တာပါ။

အမေရိကန်နဲ့ ဆက်ဆံရေးခိုင်မာလလို

ဒါပေမယ့်လည်း အဲဒီအချိန်တုန်းက ဗြိတိန်ဟာ ပင်လယ်ရေကြောင်းလုံခြုံရေးမှာ အမေရိကန်နဲ့ အတူပူးပေါင်းဖို့ လက်မခံခဲ့သေးပါဘူး။ အမေရိကန်နဲ့ ပူးပေါင်းပါဝင်မယ့်အစား အဲဒီဒေသမှာ ဥရောပဦးဆောင်တဲ့ တပ်ဖွဲ့အစီအစဉ်ကိုပဲ မျှော်လင့်ခဲ့ဖူးပါတယ်။ ဇူလိုင်လ နှောင်းပိုင်းမှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဖြစ်လာခဲ့ပြီး အဲဒီနောက်မှာတော့ အမေရိကန် ဦးဆောင်တဲ့ ပင်လယ်ရေကြောင်းလုံခြုံရေးလှုပ်ရှားမှုမှာ ပါဝင်ဖို့ ဖြစ်လာခဲ့ပါတယ်။

မကြာခင်အချိန်အတွင်းမှာ ဗြိတိန်ဟာ ဥရောပသမဂ္ဂကနေ နုတ်ထွက်တော့မှာဖြစ်တဲ့ အတွက် ကုန်သွယ်ရေးမိတ်ဖက်အသစ်တွေ လိုအပ်နေတာကလည်း အမှန်ပါပဲ။ အမေရိကန်နဲ့ လွတ်လပ်စွာကုန်သွယ်မှု သဘောတူထားတဲ့အတွက် မစ္စတာဂျွန်ဆင်ဟာ အမေရိကန်နဲ့ ဆက်ဆံရေးခိုင်မာမှုဟာ ဦးစားပေးကိစ္စတစ်ခု ဖြစ်လာခဲ့ပါတယ်။

အဓိကကြိုးပမ်းသည့်နိုင်ငံ

မေလနဲ့ ဇွန်လတို့မှာ ဖြစ်ပွားခဲ့တဲ့ ရေနံတင် သင်္ဘောတွေ ထူးဆန်းစွာ တိုက်ခိုက်ခံရမှုမှာတော့ အမေရိကန်ဟာ အီရန်ကို အပြစ်တင်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေကလည်း အီရန်ရဲ့ အဓိကစီးပွားရေး ထောက်တိုင် ဖြစ်တဲ့ ရေနံရောင်းချမှုကို အမေရိကန်က ပိတ်ဆို့မှုအကြီးအကျယ်ပြုလုပ်ခဲ့ပြီးတဲ့နောက် ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေပါ။ အီရန်ကတော့ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတာ သူနဲ့မဆိုင်ဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့လ အတွင်းကလည်း အမေရိကန်တပ်ဖွဲ့ဟာ ဟော်မုဇ် ရေလက်ကြားမှာ အီရန်ဒရုန်းတစ်စင်းကို ပစ်ချ လိုက်ပါတယ်။

သမ္မတ ထရမ့်ကတော့ ဒါဟာ ကိုယ့်ကိုယ် ကိုယ်ကာကွယ်တဲ့လုပ်ရပ်ပါလို့ ဖြေရှင်းခဲ့ပါတယ်။ အီရန်နျူကလီးယား လက်နက်ရသွားမှာကို ကာကွယ်တဲ့အနေနဲ့ဆိုပြီး ၂၀၁၅ ခုနှစ် အီရန် နျူကလီးယားသဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်သွားပြီးကတည်းက ဗြိတိန်ဟာ ဥရောပနိုင်ငံတွေအကြား အီရန်နျူကလီးယားစာချုပ်ကို ပြန်လည်အဖတ်ဆယ်နိုင်ဖို့ အဓိကကြိုးပမ်းတဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ နောက်ပြီး အမေရိကန်နဲ့ အီရန်တို့ကြား ပဋိပက္ခတွေ အဖြေရနိုင်ရေး ကြားဝင်စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့ပါတယ်။

နောက်ထပ်တင်းမာမှုတစ်ရပ်

ပြီးခဲ့တဲ့ဩဂုတ် ၅ ရက်မှာတော့ အမေရိကန်နဲ့ အီရန်တို့ကြား နောက်ထပ်အခြေအနေ တင်းမာမှုတစ်ရပ် ပေါ်ပေါက်လာပြန်ပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာအစ်က သူ့ကို အမေရိကန်အရာရှိတွေက ဇူလိုင်လ အတွင်းမှာ ဖိအားပေးမှု ပြုလုပ်ခဲ့ကြောင်း၊ အဲဒါ ကတော့ အိမ်ဖြူတော်ကိုလာဖို့ ကမ်းလှမ်းချက်ကို လက်မခံခဲ့ရင် သူ့ကိုပုဂ္ဂိုလ်ရေးရာအရ ပိတ်ဆို့မှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့ ဖိအားပေးမှုပဲဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြော ကြားခဲ့ပါတယ်။

ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်

ပြီးခဲ့တဲ့သီတင်းပတ်အတွင်းမှာတော့ ထရမ့် အစိုးရအဖွဲ့ဟာ သူ့ကိုပုံမှန်မဟုတ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့ပါတယ်။ နယူးယောက်ကို ခရီးသွားတုန်းက နှစ်ပတ်အတွင်းမှာ အမေရိကန်က ဖိတ်ခေါ်တဲ့ အဆိုပြုချက်ကို လက်ခံရမှာဖြစ်ပြီး လက်မခံဘဲ ငြင်းပယ်ခဲ့မယ်ဆိုပါက ပိတ်ဆို့မှုပြစ်ဒဏ်ခံရမယ်လို့ ခြိမ်းခြောက်ခံရတဲ့ အကြောင်းကို မိုဟာမက်ဂျာဗက်ဇာအစ်က ပြောပြပါတယ်။

ဇူလိုင်လအတွင်းမှာ မိုဟာမက်ဂျာဗက်ဇာ အစ်ဟာ ကုလသမဂ္ဂကို သွားရောက်ခဲ့ပြီး ဆီးနိတ် အမတ်ရန်ပေါလ်နဲ့ တွေ့ဆုံခဲ့ပါတယ်။ စေ့စပ်ညှိနှိုင်း ဖို့အတွက် ထရမ့်အစိုးရအဖွဲ့ရဲ့ ချဉ်းကပ်မှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အဲဒီကမ်းလှမ်းမှုကို လက်မခံ ခဲ့တဲ့အတွက်ကြောင့်ပဲ ပိတ်ဆို့မှုပြစ်ဒဏ်ခံရတာပါလို့ မိုဟာမက်ဂျာဗက်ဇာအစ်က ပြောပါတယ်။ သမ္မတထရမ့်နဲ့ တွေ့ဆုံဖို့ မလာဘူးဆိုရင် ပိတ်ဆို့မှု ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုတဲ့စကားဟာ မမှန်ပါဘူးလို့ အမေရိကန်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ပြောပါတယ်။

အောင်မြင်မှုမရသေး

အမေရိကန်ဦးဆောင်တဲ့ ပင်လယ်ရေကြောင်း လုံခြုံစိတ်ချရရေးမှာ ပါဝင်ဖို့ ဗြိတိန် ဆုံးဖြတ်ခဲ့တာဟာဆိုရင် ပင်လယ်ရေကြောင်း လုံခြုံရေးအတွက် ဥရောပမဟာမိတ်များ ပူးပေါင်းရေးအဖွဲ့ဟာ အခုအချိန်အထိ အောင်မြင်မှု မရသေးဘူးဆိုတာကို ပြသလိုက်တာပါပဲ။ ဘယ် ဥရောပနိုင်ငံကမှ ဟော်မုဇ်ရေလက်ကြားဒေသမှာ ကုန်သွယ်သင်္ဘောတွေ လုံခြုံရေးအတွက် စစ်သင်္ဘောတွေ မပေးနိုင်သေးဘူးဆိုတာကို အချက်ပြနေသလိုပါပဲ။ ဗြိတိန်ဘက်ကတော့ စစ်သင်္ဘောနှစ်စင်းကို တာဝန်ချထားကြောင်း၊ အဲဒီသင်္ဘောတွေဟာ အမေရိကန် ဦးဆောင်တဲ့ ပင်လယ်ရေကြောင်း လုံခြုံရေး လှုပ်ရှားမှုမှာ ဗြိတိန်အလံတပ်ဆင်ထားတဲ့ သင်္ဘောတွေကို စောင့်ရှောက်ဖို့အတွက် တာဝန်ပေးခြင်း ခံထားရကြောင်း ပြောပါတယ်။ အခု လောလောဆယ်မှာတော့ ဒီလှုပ်ရှားမှုမှာ ပါဝင်တာ ဗြိတိန်နဲ့ အမေရိကန်သာ ရှိပါသေးတယ်။

မူဝါဒတွေမပြောင်းလဲသေး

ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်က တရားဥပဒေမဲ့ ခြိမ်းခြောက်မှုတွေကနေ ကင်းလွတ်အောင်သင်္ဘောတွေကို စောင့်ရှောက်ပေးမယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ၂၀၁၅ ခုနှစ် အီရန်နျူကလီးယားသဘောတူစာချုပ်ကို ကယ်တင်နိုင်ရေးအတွက် အရင်ချမှတ်ထားတဲ့ မူဝါဒတွေကိုတော့ ပြောင်းလဲမသွားဘူးလို့ ဗြိတိန်အစိုးရက ပြောပါတယ်။ အမေရိကန်က အီရန်အပေါ်ပိတ်ဆို့မှုတွေ ပြုလုပ်အပြီး နျူကလီး ယားအစီအစဉ်မှာ သတ်မှတ်ထားတဲ့ ပမာဏကို ချိုးဖောက်ပြီး ယူရေနီယံသန့်စင်မှုတွေကို အီရန်ဘက်က ပြုလုပ်နေကတည်းက ၂၀၁၅ သဘောတူစာချုပ်ဟာ ပျောက်ပျက်မသွားဖို့ ယဲ့ယဲ့လေးသာ ကျန်တော့တာပါ။ 

အီရန်အပေါ် ချဉ်းကပ်မှုကတော့ မပြောင်းလဲသေးပါဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကပြောပါတယ်။ အီရန်နဲ့ ဆက်လက် အလုပ်လုပ်သွားဖို့ရှိပြီး အပြည်ပြည်ဆိုင်ရာမိတ်ဖက် အဖွဲ့အစည်းတွေကလည်း လက်ရှိအခြေအနေကို လျှော့ချနိုင်ဖို့နဲ့ နျူကလီးယားသဘောတူစာချုပ်ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့ လိုတယ်လို့ ပြောပါတယ်။

စိုးရိမ်စရာအခြေအနေဖြစ်ခဲ့

ပင်လယ်ကွေ့ဒေသမှာ အီရန်ရဲ့ စစ်အင်အားကို တစ်ဖန်ပြသပြီးကတည်းက ဟော်မုဇ်ရေလက်ကြားမှာ သင်္ဘောသွားလာမှုဟာ စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်ခဲ့ပါတယ်။ ဂျီဘရော်လ်တာမှာ ဖမ်းဆီးထားတဲ့ အီရန်ရေနံတင်သင်္ဘောကို ဗြိတိန်ဘက်ကလွှတ်ပေးရင် အီရန်ကလည်း သူတို့ဖမ်းဆီးထားတဲ့ ဗြိတိန်အလံလွှင့်ထူထားတဲ့ သင်္ဘောကို ပြန်လွှတ်ပေးမယ်လို့ အကြံပြုထားပါတယ်။
ဒါပေမယ့်လည်း ဗြိတိန်ဘက်ကတော့ အဲဒီကမ်းလှမ်းမှုကိုလက်ခံမထားပါဘူ။ ဒီတော့ဗြိတိန် ဝန်ကြီးချုပ်အသစ်အနေနဲ့ ဘရီးဇစ်အရေးတင်မကဘဲ ဟော်မုဇ်ရေလက်ကြားမှာ ဗြိတိန်သင်္ဘောတွေ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ရမှာ အမှန်ပါပဲ။ ။ 

ကိုးကား - နယူးယောက်တိုင်းမ်
ခြူးစန္ဒီနွေး