ပင်လယ်ရေကြောင်းစင်္ကြံမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ဆောင်ရွက်

 

ဝါရှင်တန်၊ မတ် ၁၀

 

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံများသည် ပင်လယ်ရေကြောင်းစင်္ကြံမှတစ်ဆင့် ဂါဇာကမ်း မြောင်သို့ ရိက္ခာနှင့် အခြားကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဂါဇာကမ်းမြောင်ရှိ ဒေသခံများသည် ငတ်မွတ်ခေါင်းပါးမှုအန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု အကူအညီပေးရေးဆိုင်ရာ တာဝန်ရှိသူများက သတိပေးပြောကြားပြီးနောက် အဆိုပါဆောင်ရွက်ချက်ကို အကောင်အထည်ဖော်ဆောင်ခြင်းဖြစ်သည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာကမ်းမြောင်သို့ဝင်ရောက်သည့် ကုန်းလမ်းကြောင်းအားလုံးကို ပိတ်ဆို့ထားသည်။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို ဝေဟင်မှချပေးမှုများ ပြုလုပ်ပြီးဖြစ်သော်လည်း မြေပြင်တွင် အစားအစာနှင့် ဆေးဝါးများ ချို့တဲ့မှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

အဆိုပါ အကူအညီများ ပေးပို့ရာတွင် အသုံးပြုရန်အတွက် ရေကြောင်းစင်္ကြံတစ်ခု ထူထောင်ခဲ့ကြောင်း အမေရိကန် တာဝန်ရှိသူများက ကြေညာခဲ့သည်။ ဥရောပသမဂ္ဂသည် အဆိုပါ အစီအစဉ်တွင် ပါဝင်လျက်ရှိကြောင်း သိရသည်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ ဗွန်ဒါလီယန်သည် ဆိုက်ပရပ်စ်နိုင်ငံရှိ ဆိပ်ကမ်းတစ်ခုသို့ သွားရောက်ခဲ့ပြီး ပြင်ဆင်မှုအချို့ကို ကြည့်ရှုခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပင်လယ်ရေကြောင်းစင်္ကြံမှတစ်ဆင့် ဂါဇာကမ်းမြောင်သို့  ပထမဆုံးပေးပို့မည့်အစီအစဉ်ကို  မကြာမီတွင်ပြုလုပ်မည်ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ  ဗွန်ဒါလီယန်က ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် အကူအညီများ ပို့ဆောင်ပေးနေသည့် ထရပ်ကားတစ်စီးအနီးတွင် စုဝေးရောက်ရှိနေသည့် လူပေါင်း ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့သည်ဟု ပြီးခဲ့သည့်လနှောင်းပိုင်းတွင် စွပ်စွဲခံခဲ့ရသည်။ သို့သော် စုံစမ်းစစ်ဆေးမှုအပြီးတွင် အစ္စရေးတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်မှုတစ်ခုအား ဖယ်ရှားရန်အတွက် သံသယရှိသူများကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးတပ်မတော် အရာရှိများက ပြန်လည်ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပါလက်စတိုင်းတို့က အစ္စရေး၏ ပြန်လည်ဖြေကြားချက်ကို ပယ်ချပြီး လွတ်လပ်သော နိုင်ငံတကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် တောင်းဆိုထားကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်