ပင်လယ်မြို့ဟောင်း နန္ဒပူရ ယဉ်ကျေးမှုပြတိုက်တွင် မိုင်းမောပျူမြို့ဟောင်းသမိုင်းဝင် ပစ္စည်းများကို လေ့လာနိုင်

မြစ်သား ၂၈ စက်တင်ဘာ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ် ကူမဲမြို့အနီး မိုင်းမောကျေးရွာ တစ်ဝိုက်တွင် မိုင်းမောပျူမြို့ဟောင်း (ခ) ပင်လယ်ပျူမြို့ဟောင်း တည်ရှိသည်။ မိုင်းမောပျူမြို့ဟောင်း (ခ) ပင်လယ်ပျူမြို့ဟောင်းနှင့် ပတ်သက်သည့် ရှေးဟောင်းအမွေအနှစ် သမိုင်းဝင် ပစ္စည်းများကို ပင်လယ်မြို့ဟောင်း နန္ဒပူရ ယဉ်ကျေးမှုပြတိုက်တွင် လေ့လာနိုင်ကြောင်း သိရသည်။

ပင်လယ်မြို့ဟောင်း မြို့ရိုးပုံသဏ္ဌာန်မှာ အဝိုင်းပုံသဏ္ဍန် တည်ရှိသည်။ မြို့ရိုးသုံးထပ်ဖြင့် ကာရန်ထားပြီး အပြင်ထပ်မြို့ရိုးမှာ အဝိုင်းဖြစ်ပြီး အတွင်းမြို့ရိုးမှာ စတုဂံတစ်ထပ်၊ အတွင်းဆုံးမြို့ရိုးမှာ အဝိုင်းသဏ္ဌာန် မြို့ရိုးတစ်ထပ်အဖြစ် သုံးထပ်ကာရံထားသည်။ မိုင်းမော ပင်လယ်မြို့ဟောင်း အုတ်ရိုးမှာ အုတ်မြို့ရိုးဖြစ်ပြီး အုတ်မြို့ရိုး၏ အောက်ခြေတွင် မြေဖို့ကာ ပိုမိုခိုင်ခံ့စေရန် အားဖြည့်ထားသည်။

စိတ်ဝင်စားဖွယ်ကောင်းသော မိုင်းမော ပင်လယ်ပျူမြို့ဟောင်းနှင့် ပတ်သက်သည့် သမိုင်းဝင် ရှေးဟောင်းပစ္စည်းများကို မိုင်းမောကျေးရွာ သုခရတနာကျောင်းတိုက် ဆရာတော် ဘဒ္ဒ န္တသုမန          သာသန ဟိတကရ ဓမ္မကထိက ရှာဖွေစုစောင်းကာ ပြတိုက်ဖြင့် ပြသထားခြင်းဖြစ်သည်။ ပြတိုက်တွင် မိုင်းမောမြို့ဟောင်းမှ မြင်းစီးရုပ်နှင့် အခြားအရုပ်များပါသည့် ရှေးဟောင်းအုပ်ချပ်များ၊ ငွေကြေးအဖြစ် အသုံးပြုခဲ့သည့် မြေလုံးများ၊ တံဆပ်ခပ်နှပ်သည့် ပျူမြေတံဆိပ်များနှင့်အတူ ရှေးဟောင်းပျူအိုးများကို လေ့လာနိုင်သည်။

မိုင်းမောမြို့ဟောင်းမှ သမိုင်းဝင်ပစ္စည်းများအပြင် ရှေးဟောင်း ပြည်မြေပုတီး၊ ချင်းပုတီး၊ ကြေးလင်ပန်း၊ ပျူဒင်္ဂါး၊ ပျူပိုက်ဆံမြေလုံးများနှင့်အတူ ပျူအက္ခရာပါ အိုးများနှင့် အခြားသမိုင်းဝင် ရှေးဟောင်းပစ္စည်းများကို လေ့လာနိုင်ကြောင်း သိရသည်။

မိုင်းမောသည် မြို့ရိုးသုံးထပ်ဖြင့် ထည်ဝါစွာတည်ရှိခဲ့သော ပျူနိုင်ငံတော်တစ်ခုဖြစ်သည်။ ပညာရှင်များက AD (၂)ရာစုမတိုင်မီက စတင်ခဲ့ပြီး AD (၈)ရာစုတွင် မိုင်းမော ပျူမြို့ပြနိုင်ငံ ပျက်သုံးခဲ့ကြောင်း ဆိုထားသည်။

မိုင်းမောဆိုသော အမည်မှာ နောင်မှတွင်သော အမည်ဖြစ်ပြီး မူရင်းအမည်မှာ ဥသျှောင် ပဉ္စာလရာဇ်ဖြစ်ပြီး အစဦးဆုံးမင်းမှာ ဝါနတကာလုတုပ္ပ မင်းပြု၍ အဆုံးမှာ စေတိဿမင်းဖြစ်သည်။ မင်းဆက် ကိုးကျိပ်ခုနစ်ယောက်ဖြစ်သည်ဟု မှန်နန်းရာဇဝင်တော်ကြီး၊ မဟာနိဒါန်းတွင် ဖော်ပြထားသည်။ ပုဂံခေတ်မှ ကုန်းဘောင်ခေတ်အထိ မိုင်းမောဒေသကို ပင်လယ်ဒေသဟု ခေါ်တွင်ခဲ့သည်။ မြို့ဟောင်း၏ အကျယ်အဝန်းမှာ ၁၉၈၂ ဧကရှိပြီး လေ့လာစရာများစွာ တည်ရှိသည်။

တိမ်တမန်