ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ် ဖွင့်ပွဲကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၂၂

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းဆောင်သစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါ ခန်းမရှေ့၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။

 

ဦးစွာ အခမ်းအနားအစီအစဉ် ပထမပိုင်းကိုကျင်းပရာ မင်္ဂလာအချိန်တွင် လွိုင်လင်တပ်နယ်မှူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပင်လုံတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တပ်နယ်မှူးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းစာအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ပင်လုံတက္ကသိုလ် မျိူဆက်သစ် ဆရာ ဆရာမများ၏ အလှပန်းများပွင့်ဝေ ပင်လုံတက္ကသိုလ်မြေ သီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေကြသည်။ ထို့နောက် ပင်လုံဘွဲ့နှင်းသဘင်ခန်းမသစ် ဖွင့်ပွဲအမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

 

ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ်ဖွင့်ပွဲသို့ လွိုင်လင်တပ်နယ်မှူးနှင့် အရာရှိများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်နှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များ၊ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာမြင့်နှင့် တက္ကသိုလ် ဆရာ ဆရာမများ၊ ဘွဲ့ယူမောင်မယ်များနှင့် ပင်လုံတက္ကသိုလ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမကို နိုင်ငံတော်ရန်ပုံငွေဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး ယနေ့တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လွိုင်လင်မိုး(ပြန်/ဆက်)