ပင်လုံသစ္စာ ကမ္ဘာတည်သရွေ့ ခိုင်မြဲပါမှ ...

ဒေါက်တာမောင်သင်း

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် “ပင်လုံသစ္စာလမ်း” သာ ဖောက်လုပ်နိုင်ခြင်းမရှိခဲ့လျှင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ ဖြစ်လာနိုင်ပါ့မလားဟု မြင်ပါသည်။ လွတ်လပ်ရေးမုခ်ဦးကြီးဆီအရောက် ချီတက်နိုင်ဖို့ ပင်လုံမှာ ပြည်ထောင်စုသစ္စာလမ်းမကြီးကို အရင်ဖောက်ခဲ့ရသည်။ ထိုလမ်းကို ရှေးပဝေသဏီကတည်းက သည်မြေမှာနေ၊ သည်ရေကိုအတူသောက်ပြီး ကြီးပြင်းရှင်သန်လာခဲ့သည့် တစ်အူထုံ့ဆင်း ညီရင်းအစ်ကို သွေးချင်းစိတ်ထားအရင်းခံကာ သံသယကင်းသည့် အပြန်အလှန် ယုံကြည်မှုလေးစားမှုတို့ဖြင့် နောက်မျိုးဆက်များအတွက် လွတ်လပ်ရေးအမွေပေးရန် ခင်းခဲ့ကြခြင်းဖြစ်ပေသည်။

ဤသစ္စာလမ်းကို အရင်ဖောက်ခဲ့နိုင်မှသာ နယ်ချဲ့သွေးခွဲမှုမှကင်းပြီး လွတ်လပ်ရေးမုခ်ဦးကို တည်ဆောက်နိုင်မည်ဆိုသည်ကို ပြည်ထောင်စုဖွား တိုင်းရင်းသားခေါင်းဆောင်များ သိခဲ့ကြသည်။ သွေးခွဲဝါဒ မှိုင်းမှုံကြားက “စည်းလုံးညီညွတ်မှုသစ္စာ” တည်ခဲ့သည်မှာ (၇၆) နှစ်ဆီ လှမ်းတက်ခဲ့ပေပြီ။ လွယ်လွယ်ကူကူတော့မဟုတ်ပေ။ သွေးခွဲမှု မှိုင်းစုံကြားကို တိုင်းရင်းသားခေါင်းဆောင်များ၏ ဉာဏ်ပညာအလင်းဖြင့် ထိုးဖောက်နိုင်ခဲ့ခြင်း ကြောင့်ပါ။

၁၉၄၅ ခုနှစ် ဧပြီလတွင် မြန်မာနိုင်ငံသို့ ပြန်လာသည့် ဘုရင်ခံဒေါ်မန်စမစ်နှင့်အတူ စစ်ပြီးခေတ် မြန်မာနိုင်ငံကို အုပ်ချုပ်ရန် စစ်ရှောင်ဆင်းမလား မြို့၌ရေးဆွဲခဲ့သည့် “စက္ကူဖြူစီမံကိန်း” (သို့) “ဆင်းမလားစီမံကိန်း” ကို ယူဆောင်လာပါသည်။ ထိုစီမံကိန်းတွင် “မြန်မာနိုင်ငံထူထောင်ရေးကာလ” ကို ငါးနှစ် (သို့) ခုနစ်နှစ် သတ်မှတ်ထားသည်။ ထိုကာလကုန်ဆုံးမှ လွတ်လပ်သော ပါလီမန် ဖွဲ့စည်းခွင့်ပေးရန် တစ်နည်းအားဖြင့် ငါးနှစ် (သို့မဟုတ်) ခုနစ်နှစ်အတွင်း လွတ်လပ်ရေးမပေးရန် အဆိုပြုခဲ့သည်။ 

ထို့အပြင် တိုင်းရင်းသားရေးရာနှင့် ပတ်သက်၍ ထိုစီမံကိန်း၏ သတ္တမအချက်တွင် “မြန်မာနိုင်ငံ အလယ်ပိုင်းမြန်မာလူမျိုးတို့နှင့် ဘာသာစကား၊ ဓလေ့ထုံးစံ၊ နိုင်ငံရေး တိုးတက်မှု အဆင့်အတန်းမတူကြသူတို့ နေထိုင်ရာ ရှမ်းပြည်နယ်မြေများနှင့် လူမျိုးစုတို့ နေထိုင်ရာ တောတောင်ထူထပ်သည့် နိုင်ငံအစွန်အဖျားဒေသများပါဝင်သည့် ချွင်းချန် နယ်မြေများကိုမူ ထိုလူမျိုးများက မိမိတို့နေထိုင်သောဒေသများကို ပြည်မနှင့် သင့်လျော်သောပုံစံဖြင့် ပူးပေါင်းလိုကြောင်း မိမိတို့ဆန္ဒကို ထုတ်ဖော်ခြင်း မပြုသေးမီအတောအတွင်း ဘုရင်ခံက အထူးစီမံအုပ်ချုပ်ထားရလိမ့်မည်ဖြစ်ကြောင်း” ပါရှိရာ မြန်မာပြည်မကို မတတ်သာ၍ လွတ်လပ်ရေး ပေးလျှင်လည်း တောင်တန်းဒေသကို ချန်ထားမည့် သဘောပင် ဖြစ်သည်။

အောင်ဆန်း - အက်တလီ စာချုပ်

ပို၍ထင်ရှားသည်မှာ လွတ်လပ်ရေးအတွက် ချုပ်ဆိုသည့် အောင်ဆန်း - အက်တလီ စာချုပ်တွင် “နယ်မြေဒေသများ” ဟူသည့် ခေါင်းစဉ်၌ “မြန်မာနိုင်ငံအစိုးရနှင့် ပူးပေါင်းတွဲဖက်ပုံနှင့် ပတ်သက်၍ မိမိတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုနိုင်ရန် နောက်လဆန်းတွင် ကျင်းပမည့် ပင်လုံကွန်ဖရင့် (သို့) ဤကိစ္စအတွက်ကျင်းပသော အထူးကွန်ဖရင့်တွင် နယ်ခြားဒေသကိုယ်စားလှယ်များကို မေးမြန်းရမည်ဖြစ်ကြောင်း” ပါရှိနေခြင်း က ပြည်မနှင့် တောင်တန်းဒေသကို ခွဲခြားသည့် သဘောပါရှိနေပေသည်။ 

တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့်အဖွဲ့သည် လန်ဒန်တွင်လွတ်လပ်ရေးအတွက် အရေးဆိုစဉ်က တောင်တန်းဒေသများ အပါအဝင် မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ မည်သည့်ဒေသမှ မကျန်စေလိုသည့် စေတနာအပြည့်ပါ။ သို့သော်လည်း လန်ဒန်တွင် ဆွေးနွေးနေစဉ်ပင် တောင်တန်းမင်းကြီးမစ္စတာ စတီဗင်ဆင်၏ မြှောက်ပေးမှုကြောင့် စော်ဘွားအချို့က “ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ် စော်ဘွားများ၏ ကိုယ်စားလှယ်မဟုတ်၊ တောင်တန်း နယ်များကိစ္စဆွေးနွေးရန် ရှမ်းပြည်စော်ဘွားများကို သီးသန့်ဖိတ်ကြားပါ” ဟု ကြေးနန်းစာကို လားရှိုးမှ တစ်ဆင့် တိတ်တဆိတ်ပေးပို့ခဲ့သည်။ အဆိုပါ ကြေးနန်းကြောင့် ဗြိတိသျှအစိုးရနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ ဆွေးနွေးပွဲ မကျေမလည်ဖြစ်ခဲ့ရသည်။

ထိုကြေးနန်းအကြောင်းကို သိရသော ရှမ်းပြည်လွတ်လပ်ရေးအဖွဲ့ဝင် ရှမ်းပြည်လူထုခေါင်းဆောင်များက တောင်ကြီးမြို့၌ လူထုစည်းဝေးပွဲကြီး ကျင်းပ၍ “တောင်တန်းဒေသများသည် မြန်မာပြည်မနှင့် ပူးပေါင်း၍ လွတ်လပ်ရေးကိုရယူလို ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းသည် တောင်တန်းသားများအတွက်လည်း ပြောပိုင်ခွင့်ရှိကြောင်း ဗိုလ်ချုပ်၏ အဆိုပြုချက်များကို လုံးဝထောက်ခံကြောင်း” ဆုံးဖြတ်ချက်ကို တညီတညွတ်တည်းချကာ လန်ဒန်သို့ သံကြိုးစာ ပေးပို့ခဲ့သည်။ 

ထိုသံကြိုးစာရမှသာ လန်ဒန်တွင် လွတ်လပ် ရေးဆွေးနွေးပွဲ ဆက်လက်ကျင်းပနိုင်ခဲ့ကာ “အောင်ဆန်း - အက်တလီ” စာချုပ်ကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် ချုပ်ဆိုနိုင်ခဲ့သော်လည်း အထက်တွင်ဖော်ပြခဲ့သကဲ့သို့ “နောက်လဆန်းတွင် ကျင်းပမည့် ပင်လုံကွန်ဖရင့် သို့မဟုတ် ဤကိစ္စအတွက် ကျင်းပသော အထူးကွန်ဖရင့်တွင် နယ်ခြား ဒေသခေါင်းဆောင်ကိုယ်စားလှယ်များကို မေးမြန်းရမည်ဖြစ်ကြောင်း” ဟူ၍ ပါရှိလာခြင်းသည်လည်း စက္ကူဖြူစီမံကိန်းအတိုင်း တောင်တန်းဒေသကို ချန်ထားလိုသည့် သဘောသက်ရောက်နေပေသည်။

မညီညွတ်မှုကြောင့်

တကယ်တော့ ကျွန်တော်တို့တစ်တွေ ကျွန်ဘဝ ရောက်ရခြင်းမှာ မညီညွတ်မှုကြောင့် ဖြစ်ပါသည်။ မင်းတုန်းမင်းလက်ထက်တွင် အတ္တစွဲကြီးကြသည့် မင်းညီမင်းသားတို့သည် “မင်းအာဏာ” ကိုသာ အပြိုင်အဆိုင်ရယူလိုသည်၊ အာဏာရရေးသာ စိုင်းပြင်းကြသည်၊ နိုင်ငံ၏အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးကို ကြိုးပမ်းနေသည့် ဦးရီးတော် “ကနောင် မင်းသားကြီး” ကို သတ်ပစ်ကြသည်။ ခေတ်မီလက်နက်ထုတ်လုပ်မည့် မက္ခရာမင်းသား ကြီးကိုလည်း အာဏာမက်သူအုပ်စုက လုပ်ကြံခဲ့ကြသည်။ အာဏာမက်သည့် အမိုက်မှောင်က “အချုပ် အခြာအာဏာရှိသည့် နိုင်ငံရှိမှ၊ မင်းအာဏာရှိမည်”၊ သို့ဖြစ်၍ နိုင်ငံကို စောင့်ရှောက်ရမည်၊ နိုင်ငံအချုပ် အခြာအာဏာတည်မြဲအောင် ထိန်းသိမ်းရမည်ဟူသည့် ဉာဏ်အလင်းကို ဖုံးလွှမ်းသွားခဲ့သည်။ နောက်ဆုံးတော့အင်အားချည့်နဲ့သည့် ကုန်းဘောင် မင်းဆက်သည် ကျားငစဉ်းလဲ ကိုလိုနီလက်အောက် သို့ရောက်ကာ စည်းလုံးညီညွတ်မှု ကင်းသည့် ဘယ်မင်းညီမင်းသားမှ ရှင်ဘုရင်မဖြစ်ခဲ့၊ တစ်ပါးကျွန်ဘဝသို့ ရောက်ရတာသာ အဖတ်တင်ခဲ့သည်။ နှစ်ပေါင်းထောင်ချီ ထိန်းသိမ်းလာခဲ့သည့် မြန်မာမင်းဆက် ပျက်သုဉ်းခဲ့သည်။ ဤသို့စည်းလုံးမှု ပျက်ပြားမှုရအောင် လုပ်ဆောင်ခဲ့ပြီးကျွန်ပြုခဲ့သူ တို့သည် ယခုလွတ်လပ်ရေး ပေးခါနီးတွင်လည်း စည်းလုံးမှုပျက်အောင် အမျိုးမျိုးကြံဆောင်ခဲ့ကြသည်။

စည်းလုံးမှုတန်ဖိုး

ကိုလိုနီနယ်ချဲ့တို့ မေ့နေသည်မှာ “ပင်လုံညီလာခံသို့ တက်ရောက်လာကြသော တိုင်းရင်းသားတို့သည် မြန်မာဘုရင့်သားများ၏ စည်းလုံးမှုကွဲခဲ့သည့့်် ကိုလိုနီကျွန်ဘဝ၏ ဆိုးမွေဒဏ်ခံခဲ့ရမှုကို ခါးစည်းခံခဲ့ရသဖြင့် စည်းလုံးမှုတန်ဖိုးကို မျိုးဆက်နှင့်ချီ၍ သိခဲ့ကြပေပြီ။ သို့ဖြစ်၍ မင်းညီမင်းသားများကဲ့သို့ အာဏာမမက်၊ စည်းလုံးမှုကိုသာ ခိုင်မြဲစွာဖက်တွယ်၏၊ အမှောင်နှင့်အလင်းကိုသိ၏၊ “သွေး” နှင့်“ရေ” တန်ဖိုးကွာခြားမှုကို နားလည်၏၊ သွေးစည်းမှုမြဲမှ၊ ကိုလိုနီကျားငစဉ်းလဲ မလာဝံ့တာကို သတ္တိနှင့် ဉာဏ်ပညာဆောင်၍ ကြည့်နိုင်၊ မြင်နိုင်၊ ကာကွယ်နိုင်ခဲ့သည်။ တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှု သတ္တိကို ကိုလိုနီနယ်ချဲ့များ တုန်လှုပ်သွားသည် အထိပြခဲ့ကြသည်။ ထိုနေ့ကို “ပင်လုံသစ္စာပြုသည့်နေ့” (သို့) “ပြည်ထောင်စုနေ့” ဟု မြန်မာ့သမိုင်းတွင် ကမ္ပည်းရေးထိုးနိုင်ခဲ့သည်။

ထိုသို့ ကမ္ပည်းထိုးနိုင်ခဲ့ခြင်းမှာ ထိုစဉ်က တိုင်းရင်းသားခေါင်းဆောင်များသည် အောင်မြင် ခြင်း၏ သော့ချက်က ဘယ်ဟာနှင့် အတု အစစ် ခွဲခြားနိုင်မှုပညာကို ပိုင်ဆိုင်ကြသည်။ ယင်းပညာသည် ဓမ္မနှင့် အဓမ္မကို ပိုင်းခြား၏။ ငြိမ်းချမ်းမှု၊ မငြိမ်းချမ်းမှုကို သိ၏။ သွေးခွဲအဖျက်မှိုင်းကိုကြံ့ကြံ့ခံနိုင်၏။ ပြည်ထောင်စုတိုင်းရင်းသားများက ဘယ်ဟာ “အနှစ်”၊ ဘယ်ဟာ “အကာ” ကို ကွဲပြား အောင်ကြည့်နိုင်၏။ သို့သော် ဆက်လက်သွေးခွဲလိုကြသူ ဗြိတိသျှတို့က နည်းမျိုးစုံခွဲခဲ့ကြ၏။ ဥပမာအားဖြင့် “စက္ကူဖြူစီမံကိန်း” အရ “ကချင်နယ်သည် မြန်မာနိုင်ငံထဲမပါဝင်ဘဲ တစ်သီးတစ်ခြားနေလိုက နေနိုင်ကြောင်း၊ ကချင်အမျိုးသား အဆင့်အတန်း မီအောင်အတွက် မိမိတို့ကထောက်ပံ့ကူညီမည်” စသည်ဖြင့် မြစ်ကြီးနားမြို့တွင် ဘုရင်ခံ ဆာဒေါ်မန်စမစ် ကိုယ်တိုင်သွေးခွဲခဲ့သည်။ 

ထို့အတူ“ကရင်နီနယ် (ယနေ့ကယားပြည်နယ်)ကို အက်ဒီပင်းဒင့်နယ်မြေဖြစ်သည်၊ ဗမာပြည် အဆင့်အတန်း ထက်မြင့်သည်၊ ကိုယ့်ကောင်စီနှင့် ကိုယ်လုပ်နိုင်သည်၊ အင်္ဂလိပ်ထံ ငွေချေး၍ ပြန်လည်ထူထောင်နိုင်သည်” စသည်ဖြင့် တောင်တန်းဒေသ ဆိုင်ရာ မဟာမင်းကြီး စတီဗင်ဆင်က ခြေထိုး၏၊ တချို့နားယောင်၏၊ သို့သော် ကရင်နီလူထု ကိုယ်စားလှယ်များ တတိယအကြိမ် တိုင်းပြုပြည်ပြု လွှတ်တော်တက်ရောက်လာခြင်းက ဗြိတိသျှတို့၏ ကရင်နီပြည်နယ်တွင် သွေးခွဲ ဇာတ်လမ်းသည် ကျဆုံးမှုဖြင့် အဆုံးသတ်စေခဲ့သည်။    

ပင်လုံသစ္စာ

ပင်လုံတွင် သစ္စာပြုခဲ့ကြသည့် တိုင်းရင်းသား ခေါင်းဆောင်တို့က ဘာလုပ်ရမည်၊ ဘာလုပ်သင့် သည်တို့ကို ကွဲပြားစွာသိ၏။ မလုပ်သင့်တာက ဘာဆိုတာလဲ ဉာဏ်ပညာဦးဆောင်ကာ ပိုင်းခြားနိုင်ခဲ့ကြသည်။ ပြီးနောက်လုပ်ရမည့်အလုပ်ကို ရဲရဲ တင်းတင်း ပြတ်ပြတ်သားသား ဆုံးဖြတ်ဆောင်ရွက်နိုင်ခဲ့ကြသည်။ 

“ဒီအစည်းအဝေးကြီးမှာ ကျွန်တော်တို့အချင်း ချင်းတွေမတည့်အောင် ခြေထိုးခံသူတွေရှိကြောင်းကို သိပါတယ်။ ယင်းသို့ရှိပေမယ့် ကျွန်တော်တို့ “မအ” ကြပါဘူး၊ ကျွန်တော်တို့ လိုလားတဲ့ လွတ်လပ်ရေးပန်းတိုင်ကို အသက်နဲ့လဲပြီး ဆွတ်ခူး မယ်ဆိုတာ ယုံကြည်ပါ” ဟု ပင်လုံအစည်းအဝေး ဥက္ကဋ္ဌတောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းဆိုင်၏ စကားကသက်သေခံနေပါသည်။ လုပ်သင့် လုပ်ထိုက်သည်ကို နားလည်သဘောပေါက်၍ လုပ်ကြမည်ဆိုသည့် သတ္တိအပြည့်ဖြင့် ပြောဆိုခဲ့ သည့်စကားဖြစ်ပါသည်။ တောင်တန်းသည် မြေပြန့် နှင့်အတူ လွတ်လပ်ရေး မဖြစ်မနေယူမှဖြစ်မည်။ ချန်ထားလျှင် တောင်တန်းသားများ ကျွန်သက်ဆက်ရှည်မည်ကို ကြိုတင်၍ ကွဲကွဲပြားပြားမြင်ကြ၏။ ဗြိတိသျှတို့က ဒိုမီနီယံ အဆင့်ကောင်းကြောင်း ဖြင့် ထပ်မံသွေးခွဲသေး၏။ 

ကျွန်ဖြစ်စဉ်က ပြည်မနှင့်အတူတူ အသိမ်းပိုက်ခံ ကျွန်ဘဝရောက်ခဲ့ရ၏။ လွတ်လပ်ရေး ပေးရမည်ဆိုတော့ တောင်တန်းဒေသများကို ချန်နေခဲ့ရန် မဖြစ်နိုင်ပေ။ ဗိုလ်ချုပ်အောင်ဆန်းကလည်း “လူဖြူဖြစ်စေ၊ လူမည်းဖြစ်စေ၊ မည်သူ့ကိုမျှသူတို့က လာမေးလျှင် တောင်တန်းသားတို့လည်း လွတ်လပ်ရေးကို လိုချင်ကြောင်း၊ ခြောက်လျှင်လည်းမကြောက်ကြနဲ့၊ ချော့လျှင်လည်း မပျော့ကြနဲ့၊ တောင်တန်းသား တို့သည် မြန်မာပြည်မကဲ့သို့ တန်းတူအခွင့်အရေး လိုချင်ကြောင်းပြောရမည်” ဟု လုပ်သင့်သည့် သွေးစည်းသတ္တိစကားကိုသာ ဆို၏။ 


တောင်တန်းဒေသကို ချန်ထားမှုကို မလိုချင်။ အတူလွတ်လပ်ရေးရချင်၏။ ပညာပြည့်ဝကြသည့် ခေါင်းဆောင်ပိုင်းက ဘာလုပ်ရမည်ကို ပြတ်ပြတ်သားသားမြင်၏။ ခွဲခြားနိုင်ခဲ့၏။ ပြီးတော့ လုပ်ဆောင်ခဲ့ကြသည်။ ပင်လုံမြေမှာ တိုင်းရင်းသားခေါင်းဆောင်များ သွေးခွဲကိုလိုနီဝါဒကို ရှောင်ရှားနိုင်ခဲ့သည်။ ဒိုမီနီယံအဆင့်ကိုလည်း ဘေးဖယ်ထားခဲ့သည်။ လုံးဝမလိုချင်ပါ။ သတ္တိကင်းသည့် သူမိုက် များ၏ နောက်သို့မလိုက်ခဲ့ကြပေ။ လုပ်သင့်သည်ကို စွဲစွဲမြဲမြဲလုပ်ပြီး၊ မလုပ်သင့်သည်ကို ရဲရဲရင့်ရင့်ရှောင်ကာ တိုင်းရင်းသားခေါင်းဆောင်များ၏ သတ္တိကို ပင်လုံမြေမှာ ထွန်းတောက်ပြောင်မြောက်စွာ ပြသခဲ့ကြသည်။ ထိုသတ္တိသွေးသည် ပင်လုံမျိုးဆက် များသစ်တွင်ရှိ၏၊ အဆိုပါသတ္တိသွေးရှိ၍သာ ၇၆ နှစ်ဆီသို့ ရောက်ခဲ့ရခြင်းပါ။

အကောင်းမြင်ဝါဒကို အခြေခံ

ယနေ့ ပြည်ထောင်စုတိုင်းရင်းသားများ လက်ခံကျင့်သုံးနေသည့် ဒီမိုကရေစီသည် သွေးခွဲဝါဒ၊ သပ်လျှိုဝါဒနှင့် ပြည်ထောင်စုအလုံးစုံ ပျက်သုဉ်းရေး ဝါဒမဟုတ်ပေ။ အထူးသဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှု ခိုင်မာစေရန်သာ ဦးတည်သည်။ ထို့အတူ တိုင်းရင်းသားများ၏ ပြည်ထောင်စုနှင့် ယဉ်ကျေးမှု၊ ဘာသာတရား ဖျက်ဆီးရန်လည်းမဟုတ်ခဲ့ပေ။ မြန်မာတိုင်းရင်းသားများ၏ လက်ထဲမှအဆိုပါ ကျင့်စဉ်သည် အကောင်းမြင်ဝါဒကို အခြေခံ၏။ ပြည်ထောင်စုငြိမ်းချမ်းမှုကို ပေးစွမ်းသည့်ဓမ္မ လွှမ်းရန် ဖြစ်ပေသည်။ အဓမ္မနှင့် ဆူပူမှု၊ သွေးခွဲမှု ချုပ်ငြိမ်းစေရန်ဖြစ်သည်။ တိုင်းရင်းသားများ၏ ရှိပြီးသားစည်းလုံးမှု၊ ညီညွတ်မှုကို ပိုမိုခိုင်မာစေရန် ဖြစ်သည်။

ဒီမိုကရေစီသည် လူတစ်ဦးချင်းမှသည် လူ့အဖွဲ့အစည်းအတွက် ကျင့်သုံးရမည့် ကန့်သတ် ဘောင်ရှိ၏။ စည်းကမ်းရှိ၏။ စည်းမဲ့ကမ်းမဲ့၊ ဥပဒေမဲ့ မဟုတ်ပေ။ ဥပဒေဘောင်အတွင်းက ဖြစ်၏။ တိုင်းရင်းသားမျိုးဆက်သစ်များ၏ အိမ်မှာ၊ ကျောင်းမှာ၊ ရပ်ထဲ၊ ရွာထဲ၊ လုပ်ငန်းခွင်၊ အဖွဲ့အစည်းအတွင်း ဒီမိုကရေစီကို ကျင့်သုံးလျှင် မြန်မာတိုင်းရင်းသား လူ့အဖွဲ့အစည်းက လက်ခံထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လူ့ကျင့်ဝတ်နှင့် ဥပဒေဘောင်အတွင်းကသာ ဒီမိုကရေစီကျင့်စဉ်ကို ကျင့်သုံးဆောင်ရွက်ရပေမည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကြောင့် ဘိုးစဉ်ဘောင်ဆက်ကောင်းမွေဖြစ်သည့် မြန်မာတို့၏ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို လုံးဝအပျက်စီးခံ၍ မဖြစ်ပါ။ မြန်မာပြည်အတွင်းရှိ အင်စတီကျူးရှင်းများ၊ ဝန်ထမ်းများ၊ ပါတီများအကြား၊ မိသားစုအကြား၊ မိတ်ဆွေများအတွင်း မည်သို့သော အခြေအနေကြောင့် သွေးစည်းမှုမပျက်စီးသင့်ပါ။ ကွဲကြ၊ ပြဲကြ၊ ပြိုပျက်ကြခြင်းသည် ပင်လုံသစ္စာကို ဆက်ခံကြသည့် မျိုးဆက်သစ်တိုင်းရင်းသားများ လက်ခံကျင့်သုံးရမည့် ဒီမိုကရေစီ၏အနှစ်သာရ မဟုတ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အရေခြုံသည့် သင်းခွဲသူမျိုးဖျက်များ၏ ဝါဒသာဖြစ်ပါလိမ့်မည်။ 

မြန်မာတိုင်းရင်းသားများအနေဖြင့် ဘိုးစဉ်ဘောင်ဆက် ခိုင်မြဲလာသည့် ရွှေမှန်ကင်းအစစ် “တစ်အူထုံ့ဆင်း ညီရင်းမောင်နှမစိတ်ထား” (National Spirit) ဆိုတာက “ဒီမိုကရေစီ” နှင့် “လူ့အခွင့်အရေး” ဆိုသည်ထက် မနှိုင်းယှဉ် အပ်အောင် မြင့်မားကြောင်း ပညာဉာဏ်မြင့်ကြသူ တိုင်း မြင်တတ်ဖို့လိုပါသည်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ပင်လုံမျိုးဆက် တိုင်းရင်းသား လူတော်လူကောင်းစစ်စစ် (Good Citizen) များက ပြည်ထောင်စုငြိမ်းချမ်းမှု၊ စည်းလုံးမှုနှင့် မြန်မာ့လူ့ဘောင်ဖွံ့ဖြိုးမှုအတွက်သာ အသုံးချရပါလိမ့်မည်။ လက်တွေ့လည်း ကျင့်သုံးနေပေသည်။ 

တန်ဖိုးမဲ့သွေးခွဲဝါဒီ

တန်ဖိုးမဲ့သွေးခွဲဝါဒီ ကိုလိုနီလက်သစ်များကတော့ ခေတ်၏သည်းခြေကြိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို သပ်လျှိုဆောင်ပုဒ်အဖြစ်သုံးကာ ပင်လုံအခြေပြု စည်းလုံးညီညွတ်မှု သစ္စာကိုယိုင်နဲ့အောင် လုပ်သည်ကို ဉာဏ်ဖြင့်မြင်အောင်ကြည့်ရပါလိမ့်မည်။ ရွှေမှန်ကင်းအစစ်ကို ထင်းဖြစ်အောင်လုပ်ကာ တိုင်းရင်းသားများ၏ ရတနာအစစ် “လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် စည်းလုံး ညီညွတ်မှု” တို့ကိုပြာဖြစ်အောင် မီးရှို့ခံ၍ မဖြစ်ပါ။ ခေတ်သစ်မြန်မာ့သမိုင်း၏ စိန်ရတုကို တစ်နှစ် ကျော်ခဲ့သည့် “တစ်အူထုံ့ဆင်း ညီရင်းမောင်နှမ စိတ်ဓာတ်” ပျက်ယွင်းသည်အထိ မင်းသား ခေါင်းမျက်နှာဖုံးကိုတပ်ကာ သွေးခွဲဘီလူး၊ ခေတ်သစ်ကိုလိုနီဝါဒသမားများက ဖျက်ကြနေဆဲပါ၊ ဒါကိုပညာသတိဖြင့် တွန်းလှန်ရပါလိမ့်မည်။ အပေါ်ယံမင်းသား မျက်နှာဖုံးကို နှစ်သက်မှုမပြုကြပါနှင့်။ ကြိုက်မိလျှင် မျက်နှာဖုံးအောက်က နယ်ချဲ့ ဘီလူး၏ အစားခံ၊ အဝါးခံရပါလိမ့်မည်။ အကာနှင့် အနှစ်၊ အတုနှင့်အစစ်ကို ခွဲခြားနိုင်သည့် ပြည်ထောင်စု တိုင်းရင်းသားများအနေဖြင့် ဉာဏ်ပညာဖြင့်ယှဉ်သည့် သတ္တိရှိရမည်။ ပညာဉာဏ်ဖြင့် “ပင်လုံသစ္စာ” ခိုင်မြဲအောင် ချွန်းအုပ်နိုင်ရမည်။ 

တိုင်းရင်းသားမိဘနှစ်ပါးမှ မွေးဖွားလာသူသည် မွေးရာပါအခွင့်အရေးအဖြစ် အလိုအလျောက် နိုင်ငံသားဖြစ်လာကြသည်။ တိုင်းရင်းသားမှ ဖြစ်သည့် နိုင်ငံသားဖြစ်ပါသည်။ မွေးရာပါအခွင့်အရေး အရလည်းကောင်း၊ ဥပဒေပါ ပြဋ္ဌာန်းချက်များကြောင့် လည်းကောင်း နိုင်ငံသားများတွင် ထမ်းဆောင်ရမည့် တာဝန်ကတော့ အတူတူပင်ဖြစ်သည်။ ယင်းတို့အနက်မှ အရေးကြီးဆုံးတာဝန်ကား ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး အဓွန့်ရှည်တည်တံ့ခိုင်မြဲရန် ဆက်လက်စွမ်းဆောင်နေရခြင်းပါ။ ထိုအတွက် နောက်မျိုးဆက် တိုင်းရင်းသားအားလုံး မလွဲမသွေ ထမ်းဆောင်ရန် သတ္တိလည်းရှိရမည်။ ကြောက်စိတ် လည်းရှိရမည်။ ယင်းမှာ “ယခင်မျိုးဆက် တိုင်းရင်းသား ခေါင်းဆောင်ကြီးများ ခိုင်ခိုင်မာမာ တည်ဆောက်ခဲ့သည့် ပြည်ထောင်စုကြီးကိုပြိုကွဲအောင်မလုပ်ခြင်း (သို့မဟုတ်) ပြည်ထောင်စုပြိုကွဲရန် အလုပ်မှန်သမျှကို ရှောင်ရှားရဲတဲ့သတ္တိနှင့် ပိုမိုကောင်းမွန်အောင်ဆောင်ရွက်နိုင်တဲ့ သတ္တိများပါ။ ဆိုလိုသည်က မလုပ်သင့်သည့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင်ရှောင်ရှားနိုင်သော သတ္တိပါ။ လုပ်သင့်သည့် စည်းလုံးညီညွတ်မှုကို ဆက်ပြီးလုပ်ရမှာလည်း သတ္တိပါပဲ။ ထို့အတူ ခေတ်သမိုင်းက တိုင်းရင်းသားများ၏ ပခုံးပေါ် ကျလာသည့်သမိုင်းပေးတာဝန်ကို မကျေပွန်မှာ ကြောက်တတ်ရမှာလည်း သတ္တိပါပဲ။ အထူးသဖြင့် ပြည်ထောင်စုပြိုကွဲမှာနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်သုဉ်းမှာကိုကြောက်တတ် ရပါလိမ့်မည်။ သို့မှသာ လွတ်လပ်ရေးတည်တံ့ပေမည်။ 

ပင်လုံဆွေးနွေးပွဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များသည် ဉာဏ်ပညာနှင့်ယှဉ်၍ လုပ်သင့်လုပ်ထိုက်တာနှင့် မလုပ်သင့် မလုပ်ထိုက်တာကို ကွဲကွဲပြားပြားမြင်အောင် ကြည့်နိုင်ခဲ့သည်။ လက်မရွံ့ဘဲ လုပ်သင့်သည့် စည်းလုံးမှုကိုလုပ်ခဲ့ကာ သမိုင်းတွင် မော်ကွန်း ရေးထိုးခဲ့ကြသည်။ မလုပ်သင့် မလုပ်အပ်သည့် သွေးခွဲမှုကို ဦးဆောင်နေသည့် ပညာမဲ့များနောက် သို့ ခြေဦးမလှည့်ခဲ့ပေ။ ဉာဏ်ပညာဦးဆောင်မှုဖြင့် ဆောင်ရွက်မှု (သို့မဟုတ်) ပင်လုံသတ္တိ၏ ပထမဆုံး ရလဒ်ကား “ပြည်ထောင်စု သွေးစည်းမှု” နှင့် ယင်း၏ နောက်ဆက်တွဲရလဒ်ကား တိုင်းရင်းသား အားလုံး၏ “ပြည်ထောင်စုလွတ်လပ်ရေး” ပင်ဖြစ် ပါသည်။ ပင်လုံသစ္စာအခြေခိုင်၍ လွတ်လပ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံဟု ကမ္ဘာ့အလယ် ဝင့်ထည်ခဲ့သည်မှာ (၇၅) နှစ်မြောက် တိုင်ခဲ့ပါပြီ။

ပင်လုံမျိုးဆက် တာဝန်ကျေရန်

ယနေ့မြန်မာ တိုင်းရင်းသားမျိုးဆက်များအနေဖြင့် “စောင့်လေမျိုးနွယ်” တာဝန်ကို မဖြစ်မနေ ထမ်းဆောင်ရပါမည်။ ပင်လုံမျိုးဆက်များပီပီ ပင်လုံ တိုင်းရင်းသားခေါင်းဆောင်များ၏ “သစ္စာ” ကို မျိုးဆက်အမွေအဖြစ် ဆက်ခံစောင့်ထိန်းရပါမည်။ ထိုကောင်းမွေကို ဆက်ခံနိုင်ရန် ဉာဏ်ပညာဖြင့် ယှဉ်သည့် သတ္တိပိုင်ရှင်များဖြစ်ရမည်။ ပင်လုံမျိုးဆက်သတ္တိ ပိုင်ရှင်များအတွက် ခေတ်သမိုင်းက ပခုံးပေါ်တင်ပေးသည့်တာဝန်ကား “ပြည်ထောင်စု သွေးစည်းခိုင်မြဲမှု” (သို့) “ပင်လုံသစ္စာ” ကို တည်တံ့အောင်ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်ရန်ပင် ဖြစ်ပါသည်။ အဆိုပါတာဝန်ကို မည်သည့်အရာနှင့်မျှ မလဲနိုင်သည့် သတ္တိပိုင်ရှင်များ ဖြစ်ရပါမည်။ ပင်လုံ မျိုးဆက်တာဝန်ကျေရန်အတွက် သွေးစည်းမှုကို ဖြိုခွဲသူများ၏ အရေခြုံထားမှုများကိုလည်း ပညာနှင့်ယှဉ်၍ မြင်အောင်ကြည့်နိုင်သူများ ဖြစ်ရပေမည်။ 

ထို့အတူ ပြည်ထောင်စုပြိုကွဲမှာကို စိုးရိမ် စိတ်ကြီးသူ၊ ထိုတာဝန်ကိုမကျေပွန်မှာ ကြောက် တတ်ပြီး ကာကွယ်နိုင်သည့်ပညာနှင့် ယှဉ်သည့် သတ္တိပိုင်ရှင်များလည်း ဖြစ်ရပေမည်။ ပြီးလျှင် ပြတ်သားစွာ ပြည်ထောင်စုနှင့် တိုင်းရင်းသား စည်းလုံးမှုကို ဖြိုခွဲမည့်မျိုးဖျက်များကို တိုက်ထုတ် နိုင်ရပေလိမ့်မည်။ သို့မှသာ ပင်လုံမျိုးဆက်ပီသကာ ပြည်ထောင်စုကို တည်တံ့ခိုင်မြဲအောင်နှင့် ဖွံ့ဖြိုးအောင်ဆက်လက်ထိန်းသိမ်းပေလိမ့်မည်။ ဤကဲ့သို့ သတ္တိမျိုးကို ပင်လုံမျိုးဆက်များ ပိုင်ဆိုင်ကြပြီဆိုလျှင် “သွေးစည်းမှု ပင်လုံသစ္စာ” သည်လည်း စိန်ရတုပေါင်းများစွာဆီသို့ ပျော်ရွှင်ငြိမ်းချမ်းစွာ ဆက်လက် ချီတက်နေအုံးမည်ဟု ယုံကြည်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ ။