ပင်လုံစာချုပ်အရ ဒီပြည်ထောင်စုကြီးကို ထူထောင်ခဲ့ပါတယ်၊ ထိုနည်းတူ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါတယ်

နေပြည်တော် ၁၆  အောက်တိုဘာ

 

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ စောမူတူးစေးဖိုး နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်သား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် ပြောကြားသည့် အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် - 

 

လေးစားအပ်ပါသော 

 

- နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် 

 

- တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 

 

- တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ခင်ဗျား

 

အခုလို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း (၃)နှစ်ပြည့် အခမ်းအနားနဲ့ ပထမအကြိမ် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ထိပ်သီးခေါင်းဆောင်များ အလွတ်သဘောတွေ့ဆုံပွဲမှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးကြသော တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများကိုယ်စား အဖွင့်မိန့်ခွန်းပြောကြား ခွင့်ရရှိတဲ့အတွက် များစွာဂုဏ်ယူကြောင်း ပြောကြားလိုပါတယ်။ အားလုံးကို မင်္ဂလာပါလို့လည်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ဟာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိစ္စ တစ်ခုတည်းနဲ့သာ သက်ဆိုင်တဲ့စာချုပ် မဟုတ်ပါ ဘူး။ နှစ်ပေါင်း (၇၀) ကြာမြင့်နေပြီဖြစ်တဲ့ ပြည်တွင်းစစ်ကိ်ု ချုပ်ငြိမ်းစေပြီး ဒီပြည်ထောင်စုကြီးကို ဘယ်လို ပြန်လည်ထူထောင်ကြမလဲဆိုတဲ့ ဘုံနိုင်ငံရေး မျှော်မှန်းချက်လည်း ပါရှိပါတယ်။

 

ငြိမ်းချမ်းရေးကို တည်ဆောက်ပြီး ပြည်ထောင်စုကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမလဲဆိုတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက်ကြီးကို NCA စာချုပ် အခန်း(၁) မှာပါတဲ့ အခြေခံမူမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ အထူးသဖြင့် NCA  စာချုပ် အခန်း(၁)၊ အခြေခံမူ(၁)မှာ ကျွန်တော်တို့အားလုံးရဲ့ ဘုံနိုင်ငံရေးရည်မှန်းချက် လေးခုကို ဖော်ပြထားပါတယ်။

 

NCA စာချုပ်မှာပါတဲ့ ဘုံနိ်ုင်ငံရေးရည်မှန်းချက်(၁)ကတော့ -ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အား ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ရှေးရှု၍.... ဆိုတဲ့ ဒို့တာဝန်အရေးသုံးပါးပဲ ဖြစ်ပါတယ်။ ဒါဟာ တပ်မတော်နှင့် အစိုးရတို့ဘက်က တင်ပြတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက်ပဲ ဖြစ်ပါတယ်။

 

NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေးရည်မှန်းချက် (၂)ကတော့- လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ဆိုတဲ့ လောကပါလတရားပဲဖြစ်ပါတယ်။ လောက ပါလတရား မပါဘဲ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနှင့် တရားမျှတခြင်းတို့ကို အခြေခံတဲ့လူ့အဖွဲ့အစည်းကို ထူထောင်လို့ မရပါဘူး။ ဒါကြောင့် လောကပါလ တရားဟာ ကျွန်တော်တို့ အားလုံး လိုလားတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက် ဖြစ်ပါတယ်။

 

NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက် (၃)ကတော့-ပင်လုံစိတ်ဓာတ် ဖြစ်ပါတယ်။ ပင်လုံစာချုပ်အရ ဒီပြည်ထောင်စုကြီးကို ထူထောင်ခဲ့ပါတယ်။ ထိုနည်းတူ ပင်လုံစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းရေးကို ပြန်လည်တည်ဆောက်ရမှာ ဖြစ်ပါ တယ်။

 

ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ဖို့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စုကြီးကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစု ပင်လုံအစည်းအဝေးများကို ကျင်းပနေခြင်းဖြစ်ပါတယ်။

 

NCA စာချုပ်မှာပါတဲ့ ဘုံနိုင်ငံရေး ရည်မှန်းချက်(၄)ကတော့- ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အပြည့်အဝရရှိရေး ပဲဖြစ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ တိုင်းရင်းသားလူမျိုးများ လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲပြီး နှစ်ပေါင်း ၇၀ ကျော် တောင်းဆိုတဲ့ တောင်းဆိုချက်များဖြစ်ပါတယ်။ ဒီနိုင်ငံရေး ဘုံရည်မှန်းချက် (၄)ခုကို ပေါင်းစပ်ပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ် စနစ်တို့ကို အခြေခံသော ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲရလဒ်များနှင့်အညီ တည်ဆောက်သွားကြမယ်လို့ NCA စာချုပ်မှာ လက်မှတ်ရေးထိုး သဘောတူထားခဲ့ ကြတယ်။ NCA စာချုပ်မှာပါတဲ့အတိုင်း နိုင်ငံရေးဘုံရည်မှန်းချက်များကို အကောင်အထည်ဖော်တဲ့အခါ ကျွန်တော်တို့ အခက်အခဲနဲ့ကြုံတွေ့ရပါတယ်။ တချို့ တစ်ဆို့ မှုလို့ခေါ် ကြတယ်။

 

ဒီနေ့ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ဆင့်မှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အဓိကတစ်ဆို့မှုဖြစ်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ခွဲမထွက်ရဆိုတဲ့ အမြင်ပေါ်မှာ ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ အစိုးရနဲ့ တပ်မတော်တို့ကြားမှာ အမြင်ကွာဟချက်များ ရှိနေပါတယ်။ ဒါကို အားလုံးလက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းဖို့ လိုပါတယ်။ ဒါဟာ နိုင်ငံရေးပိုင်းဆိုင်ရာဖြစ်သလို ကျွန်တော်တို့အားလုံး မျှော်မှန်းနေတဲ့ အနာဂတ်ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။

 

နိုင်ငံရေးဆွေးနွေးပွဲတွေကတစ်ဆင့် တိုင်းပြည်အတွက်လိုအပ်တဲ့ ဖက်ဒရယ်အခြေခံမူတွေကို ရှာဖွေကြရာမှ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး၊ အာဏာခွဲဝေရေးဆိုတာတွေအပေါ် အဓိကအခြေခံတဲ့ ဖက်ဒရယ်နဲ့ တိုက်ရိုက်ပတ်သက်တဲ့ မူသဘောတွေကို ရှာဖွေဖော်ထုတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်မူကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေးဆိုတဲ့ ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုပါဘူး။ စိုးရိမ်စိတ်ရှိမယ်ဆိုရင်လည်း ကျွန်တော်တို့ လိုချင်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဟာ ဘယ်လိုမျိုး အခွင့်အရေးလဲ ဆိုတာကို တင်ပြချင်ပါတယ်။

 

ကျွန်တော်တို့တောင်းဆိုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်က ပြည်ထောင်စုတစ်ခုအတွင်းမှာရှိတဲ့ ပြည်နယ်များက ကျင့်သုံးရမယ့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မျိုး ဖြစ်တယ်။ ဒါကို ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲပြဋ္ဌာန်းခြင်းဖြင့် ကျင့်သုံးရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ တောင်းဆိုနေတဲ့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်နဲ့ သဟဇာတရှိရှိ ရေးဆွဲပြဋ္ဌာန်းရမှာဖြစ်ပြီး တစ်ဆက်တည်းမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အငြင်းပွားမှုများကို ဖြေရှင်းနိုင်တဲ့ ယန္တရားလည်း ပါရှိနေမှာဖြစ်ပါတယ်။

 

လေးစားရတဲ့

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်များ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တပ်မတော် ခေါင်းဆောင်များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ခေါင်းဆောင်များ၊

 

တိုင်းရင်းသားပြည်သူလူထုကြီးခင်ဗျား -

 

ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်ရေးရပြီးကတည်းက ဖြစ်ပွားနေတဲ့ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်ပဋိပက္ခတွေဟာ ရပ်တန့်သင့်ပါပြီ။ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခများ ရပ်တန့်နိုင်အောင် ကြိုးပမ်းကြပါစို့။ 

 

NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ အ¸အစည်းများ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်လာနိုင်ရေးကိုလည်း အလေးထား ဆက်လက်ဆောင်ရွက်ကြပါစို့။

 

ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မယ့် အနာဂတ် မျိုးဆက်သစ်များအတွက် ကျွန်တော်တို့ကြားမှာ အတူတကွ လက်တွဲလျှောက်လှမ်းနိုင်မယ့်၊ အားလုံးလိုက်ပါနိုင်မယ့် နည်းလမ်းတွေ ကို ရှာဖွေဖော်ထုတ်ကြပါစို့လို့ တိုက်တွန်းလိုပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။