ပွင့်လင်းရာသီ ကုန်စည်ဈေးနှုန်း အတက်အကျရှိသော်လည်း ကုန်တင်ကုန်ချ အလုပ်သမားများ ပုံမှန်ဝင်ငွေရရှိနေ

ရန်ကုန်  ၈  ဇန်နဝါရီ

 

မုန်တိုင်းအရှိန်ကြောင့် ယမန့်နေ့ ညနေပိုင်းမှ တစ်ဖွဲဖွဲဖြင့် ရွာသွန်းခဲ့သောမိုးမှာ ယနေ့တွင်လည်း မိုးဖွဲဖွဲကျလျက်ရှိသော်လည်း ရန်ကုန်ဆိပ်ကမ်းသို့ ဧရာဝတီတိုင်းဒေသကြီးမှ ဆန်နှင့် အခြားကုန်ပစ္စည်းများ သင်္ဘောများဖြင့် ဝင်ရောက်လျက်ရှိရာ ပွင့်လင်းရာသီ ကုန်စည်ဈေးနှုန်း အတက်အကျ မမှန်သည့်အတွက် လုပ်အားခဝင်ငွေ တည်ငြိမ်မှု မရှိသော်လည်း ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ ပုံမှန်ဝင်ငွေရရှိနေကြောင်း ရန်ကုန်မြို့ စဉ့်အိုးတန်းဆိပ်ကမ်း ပြည်တွင်းကုန်တင်ကုန်ချဌာနမှ သိရသည်။

 

“လက်ရှိ ကုန်စည်ဈေးနှုန်းက မမှန်တော့ အလုပ်သမားတွေရဲ့ ဝင်ငွေလည်း မမှန်ဘူး။ အဓိက ဆန်ဈေးနှုန်းပေါ့။ တက်လိုက် ကျလိုက်ဖြစ်နေတာ။ အလုပ်သမားတစ်ယောက်ကို ငွေကျပ် ၆၀ဝ၀ အထက် ပုံမှန်ရတယ်။ အရောင်းအဝယ်ကောင်းလို့ ကုန်ပို့ဆောင်မှုများရင် ပိုပြီးရကြတယ်။ အခု ဆန်သစ်ဈေးအချော ကျပ်သုံးသောင်းကျော် ရှိမယ်။ အဟောင်းက ကျပ်ငါးသောင်းအောက် ရှိမယ်။ ဈေးငြိမ်လို့ နယ်ကဆန်တင်တာများရင် အလုပ်သမားတွေ အဆင်ပြေမယ်၊ ဈေးမငြိမ်ရင် ကုန်စည်စီးဆင်းမှုနည်းမယ်။ အခု ပုံမှန်ဝင်ငွေတော့ ရကြတယ်”ဟု စဉ့်အိုးတန်းအမှတ်(၁) ဗောတံတားမှ အလုပ်သမားမှူး ဦးသန်းက ပြောသည်။

 

တစ်ချိန်က ဧရာဝတီတိုင်းဒေသကြီး ကားလမ်းမပေါက်ချိန်တွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးသင်္ဘောများ၊ ပုဂ္ဂလိက သင်္ဘောများဖြင့် ရန်ကုန်ဆိပ်ကမ်းသည် ကုန်ပစ္စည်းနှင့် ခရီးသွားတို့ဖြင့် အထူးစည်ကားခဲ့ပြီး ကုန်လမ်းပို့ဆောင်ရေး ကောင်းမွန်သွားချိန်၌ ကုန်စည်စီးဆင်းမှု မြန်ဆန်ခဲ့ရာ ရေကြောင်းသွားလာမှု နည်းပါးသွားသော်လည်း ကုန်ကျစရိတ် သက်သာသော ရေးလမ်းခရီးမှ ဆန်နှင့် အခြားကုန်ပစ္စည်းကို တင်ပို့နေဆဲဖြစ်၍ ဆိပ်ကမ်းကုန်တင်ကုန်ချ အလုပ်သမားများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။

 

ရန်ကုန်ဆိပ်ကမ်းတွင် လမ်းမတော်ဗောတံတား၊ ရွှေတောင်တန်း၊ စဉ့်အိုးတန်း၊ ဘုန်ကြီးလမ်း၊ လမ်းသစ်ဗောတံတားဟူ၍ အမှတ်(၁)၊ အမှတ်(၂) ဗောတံတားများရှိကာ ထိုဗောတံတားများတွင် ရန်ကုန်မြို့၏ မြို့နယ်ပေါင်းစုံမှ အလုပ်သမားများ နေ့စဉ်လာရောက် အလုပ်ကိုင်လျက် ရန်ကုန်မှ အအေးပစ္စည်း၊ အရက်၊ မုန့်မျိုးစုံ၊ ဓာတ်မြေသြဇာ အပါအဝင် အခြားကုန်ပစ္စည်းများကို ဧရာဝတီတိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိကြောင်း၊ ရန်ကုန်ဆိပ်ကမ်းသို့ ဘိုးကလေး၊ ကျိုက်လတ်၊ မော်ကျွန်း၊ ဝါးခယ်မ၊ လှိုင်းဘုန်တို့မှ ဆန်များအများဆုံး ဝင်ရောက်လျက်ရှိပြီး ပွင့်လင်းရာသီ ကုန်စည်ဈေးနှုန်း တည်ငြိမ်မှု မရှိသော်လည်း ရန်ကုန်ဆိပ်ကမ်းရှိ ပြည်တွင်းကုန်တင်ကုန်ချ အလုပ်သမားများ ပုံမှန်ဝင်ငွေ ရရှိလျက်ရှိကြောင်း သိရသည်။

 

သန်းထိုက် 

 

mdn